ဇင်ဘာဘွေဝန်ကြီးချုပ်က မူဂါဘီကို သတိပေး

ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီ နဲ့ သူ့ရဲ့မဟာမိတ်တွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေ ဆက်လက် ထားရှိသွားဖို့ အီးယူ (ဥရောပ သမဂ္ဂ) တာဝန်ရှိသူတွေက ပြောဆိုလိုက်တဲ့ တချိန်တည်းမှာပဲ၊ ဝန်ကြီးချုပ် မော်ဂန် ရှန်ဂရိုင်း ကလည်း သမ္မတ အပေါ် တင်းမာတဲ့ ရပ်တည်ချက်အသစ် တရပ်ကို ထုတ်ဖော် ပြောဆို လိုက်ပါတယ်။ GPA လို့ အတိုကောက် ခေါ်ဝေါ် သုံးနှုန်းနေတဲ့ နိုင်ငံရေးအာဏာခွဲဝေရေး သဘောတူညီချက်ကို ချိုးဖောက် တာတွေကို သည်းညည်းခံမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် ရှန်ဂရိုင်း က ပြောဆိုလိုက်တာပါ။

သမ္မတ မူဂါဘီ ရဲ့ ZANU-PF ပါတီ သစ္စာခံတွေဟာ တရားဥပဒေကို ချိုးဖောက်နေသလို၊ သူ့ရဲ့ ဒီမိုကရေစီ ပြောင်းလဲရေး လှုပ်ရှားမှု MDC အဖွဲ့က ဥပဒေပြုအမတ်တွေကို အရေးယူတာတွေ၊ နိုင်ငံတကာ သဘောတူညီချက်တွေကို လျစ်လျူရှု နေ တာတွေနဲ့ ခြံမြေတွေကို ကျူးကျော်မှုတွေ ရှိနေတယ်ဆိုပြီး အတိုက်အခံ ခေါင်းဆောင်ဟောင်း က စွပ်စွဲပြောဆိုလိုက်တာ ပါ။ MDC တည်ထောင်တဲ့ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Bulawayo က လူထု စည်းဝေးပွဲအတွင်း သမ္မတ မူဂါဘီ က သူ့အပေါ် ဆုံးဖြတ်ချက်မှားခဲ့တာဟာ သူ့အတွက် အန္တရာယ်ပဲ ဆိုပြီး သတိပေးစကား ပြောကြားခဲ့တာလည်း ဖြစ်ပါ တယ်။ မြို့တော် ဟာရေးရေးမှာ ရောက်နေစဉ် မနေ့တုန်းကတော့ အီးယူ ကိုယ်စားလှယ်တွေက အာဏာခွဲဝေရေး လုပ်ငန်းစဉ် တွေကို အကောင်အထည် မဖော်နိုင်မချင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ လက်ခံနိုင်တဲ့ အခြေအနေ မရောက်မချင်း ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ဆက်ထားဦးမယ်ဆိုပြီးတော့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။