ငွေကြေး အဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲရေး အိုဘားမား တိုက်တွန်း

ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ တိုးတက် ကောင်းမွန်စေရေးနဲ့ နောက်ထပ် ဘဏ္ဍာရေး အကျပ်အတည်း ပေါ်နိုင်မယ့် အခွင့်နည်းနိုင်ရေး အစီအစဉ်တွေ ပါဝင်တဲ့ မိန့်ခွန်းတရပ်ကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ အမေရိကန် စတော့ခ်ဈေးကွက်ရှိရာ နယူးယောက်ခ်မြို့က ဝေါလ် စထရိ (Wall Street) မှာ ပြောကြားပါမယ်။

ကမ္ဘာတဝန်း စီးပွားရေး ပြဿနာတွေရဲ့ အစလို့ ပြောနိုင်တဲ့ အမေရိကန်က Lehman Brothers ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီး ပြိုပျက်ခဲ့တာ တနှစ်ပြည့် နှစ်ပတ်လည်လာချိန်မှာ သမ္မတ အိုဘားမားက ကမ္ဘာ့စတော့ခ်ဈေးကွက်ရဲ့ အချက်အချာ ဝေါလ် စထရိကို လာပြီးတော့ မိန့်ခွန်းပြောကြားတာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းကြီးတွေ အနေနဲ့ အရှုံးအမြတ်ကြီးတဲ့ ရင်းနှီးမှုတွေကို ရှောင်ရှားကြဖို့နဲ့ အနာဂတ်မှာ ပြဿနာတွေ ထပ်မဖြစ်အောင် ရှောင်ရှားနိုင်မယ့် စည်းမျဉ်းစည်းကမ်း အစီအစဉ်သစ်တွေကို သမ္မတက အဆိုပြု ပြောကြားပါလိမ့်မယ်။

နောင်မှာ ငွေကြေး အကျပ်အတည်းတွေ ထပ်မဖြစ်အောင် ကမ္ဘာ့စီးပွားရေး လောကမှာ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ကြဖို့ကိုလည်း သမ္မတ အိုဘားမား တိုက်တွန်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အဓိက ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းကြီးတွေ ဒေဝါလီခံရတဲ့အခါ ဘဏ္ဍာရေးစနစ်အပေါ် လူထုက ယုံကြည်ချက် မရှိတော့တဲ့အတွက် အမေရိကန် အစိုးရက တချို့လုပ်ငန်းတွေကို ဘဏ္ဍာရေးအရ ကျားကန်မှုတွေ လုပ်ပေးခဲ့ရပါတယ်။