ရုရှားနဲ့ ဒုံးကျည် ကာကွယ်ရေး ပူးတွဲဆောင်ရွက်ဖို့ နေတိုး အကြီးအကဲ အဆိုပြု

ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ ပတ်သက်ပြီး အတူအလုပ်လုပ်ရေး အဆိုပြုချက် အပါအဝင်၊ ရုရှား နဲ့ လက်တွဲလုပ်ဆောင်ဖို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် အင်ဒါးစ် ဖို ရာမူဆင်န် (Anders Fogh Rasmussen) က အဆိုပြုလိုက်ပါတယ်။

၂၁ ရာစု မှာ ကြုံတွေ့လာရမယ့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်တွေကို ပူးတွဲ သုံးသပ်ကြဖို့ ရာမူဆင်န် က ဆော်သြလိုက် ပါတယ်။ သြဂုတ်လမှာ စ တာဝန်ယူခဲ့ကတည်းကဆိုရင် ခုလို အဓိကကျတဲ့ မိန့်ခွန်းတစ်ရပ်ကို သူက ပထမဆုံးအကြိမ် အဖြစ် ပြောကြားတာဖြစ်ပါတယ်။

တဘက်နဲ့ တဘက် အထင်အမြင် အယူအဆ လွဲနေတာတွေ၊ ယုံကြည်မှု လွဲနေတာတွေကို အဆုံးသတ်ကြပြီး၊ ကွဲပြား နိုင်တာထက် ညီညွတ်နိုင်တာအပေါ် မိမိတို့ရဲ့ စွမ်းအားတွေကို ပိုပြီး စူးစိုက် အသုံးချကြဖို့ သူက တိုက်တွန်းလိုက်ပါတယ်။

ဒုံးကျည် ကာကွယ်ရေးစနစ်ကို သင့်လျော်တဲ့ တချိန်မှာ ရုရှား၊ နေတိုး နဲ့ အမေရိကန် တို့က ချိတ်ဆက်ထားသင့်တယ်လို့ ရာမူဆင်န် က ပြောပါတယ်။ မြောက်ကိုရီးယား နဲ့ အီရန်လို တိုင်းပြည်တွေက ဒုံးပျံ နဲ့ တိုက်ခိုက်လာမှာကို ရုရှားရော၊ နေတိုး ပါ အခြိမ်းခြောက် ခံနေရတယ်လို့ ရာမူဆင်န် က ပြောပါတယ်။

အလွန်အကောင်းမြင်ပြီး၊ အပြုသဘောဆောင်တဲ့ ပြောဆိုချက် ဖြစ်ပါတယ်လို့ ရာမူဆင်န် ရဲ့ပြောဆိုချက်တွေနဲ့ ပတ်သက် ပြီး နေတိုးအဖွဲ့ဆိုင်ရာ ရုရှားသံအမတ်ကြီး ဒင်မစ်ထရီ ရိုဂိုဇင် (Dmitry Rogozin) က မှတ်ချက်ချပါတယ်။ အဆိုပြုချက် အမျိုးမျိုးကို နှစ်ဘက်လုံးက အတူတကွ ပိုင်းခြား သုံးသပ်သင့်တယ်လို့လည်း ရုရှား သံအမတ်ကြီးက ဆိုပါတယ်။