မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ စိုးရိမ်ရဆဲ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြောင်းလဲရေးကို မြန်မာစစ်အစိုးရက လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၁၂ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးမှာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံက ကိုယ်စားလှယ်တွေက တင်ပြခဲ့ကြပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ကလည်း ပြန်ချေပပြီး တင်ပြခဲ့တာတွေ ရှိခဲ့ပါတယ်။ အကြောင်းစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ကနေ အောက်တိုဘာလ ၂ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မနေ့တုန်းကတော့ မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ပြောဆိုခဲ့ကြပါတယ်။ ဗြိတိန်ရဲ့ ကိုယ်စားလှယ် ပီတာ ဂူဒါဟမ် (Peter Gooderham) က မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်တဲ့ ဗြိတိန်နိုင်ငံရဲ့ အမြင်တွေကို တင်ပြသွားပါတယ်။

သူက “မြန်မာပြည်သူတွေရဲ့ အခြေခံလူ့အခွင့်အရေး ရပိုင်ခွင့်တွေ ဆက်ပြီး အငြင်းပယ်ခံနေရတာကို ဗြိတိန်က ကန့်ကွက်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ် နေတာတွေကိုလည်း ကျနော်တို့ လက်မခံနိုင်ပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂,၀၀၀ ကျော်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မြန်မာစစ်အစိုးရက ဆက်ပြီး ဖမ်းဆီးထားတာဟာ နိုင်ငံရေး လုပ်ငန်းစဉ်တွေထဲမှာ မပါဝင်နိုင်အောင်လို့၊ လာမယ့်နှစ် ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မပါဝင်နိုင်အောင်လို့ပါပဲ၊ ဒီအချက်ကပဲ ရွေးကောက်ပွဲဟာ ယုံကြည်စိတ်ချလို့ မရဘူးဆိုတာကို ပြနေတာပါပဲ” လို့ ဗြိတိန်ကိုယ်စားလှယ် ပီတာ ဂူဒါဟမ်က ပြောသွားခဲ့ပါတယ်။

အမေရိကန်ရဲ့ ကိုယ်စားလှယ် ဒေါက်ဂလပ်စ် ဂရစ်ဖ်ဖစ်သ်စ် (Douglas Griffiths) ကတော့ မကြာခင်ရက်ပိုင်းက နိုင်ငံရေး အကျဉ်းသားတွေကို မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးခဲ့တဲ့အပေါ်မှာ အကောင်းမြင်ပြီး အပြုသဘောနဲ့ ပြောခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက အိမ်အကျယ်ချုပ်နဲ့ ၁၈ လ ပြစ်ဒဏ်ချခဲ့ပါတယ်။ မကြာခင်ရက်ပိုင်းကပဲ နိုင်ငံရေး အကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖမ်းအဆီး ခံနေကြရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့ လှမ်းလိုက်တဲ့ မြန်မာစစ်အစိုးရဲ့ ပထမခြေလှမ်းပဲလို့ ကျနော်တို့က မျှော်လင့်တယ်” ဆိုတဲ့အကြောင်း အမေရိကန်ရဲ့ ကိုယ်စားလှယ် ဒေါက်ဂလပ်စ် ဂရစ်ဖ်ဖစ်သ်စ်က ပြောသွားခဲ့တာပါ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို နိုင်ငံတချို့က တင်သွင်းခဲ့ကြတဲ့ မြန်မာကိစ္စတွေနဲ့ ပတ်သက်ပြီး မဟုတ်မှန်တဲ့အကြောင်း တုံ့ပြန်ပါတယ်။

“ဒီကနေ့ ပြောဆိုခဲ့ကြတဲ့ မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေတွေ ဆိုတာက သူတို့ရဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေအပေါ် အခြေခံပြီး ပြောခဲ့ကြတာပါ။ သူတို့ရဲ့ မှားယွင်းတဲ့ စွပ်စွဲချက်တွေဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို မြန်မာပြည်ရဲ့ အခြေအနေ အမှန်တွေကို မသိစေဘဲ သတင်းမှားတွေ ပေးနေတဲ့သဘော ဖြစ်နေပါတယ်။ တကယ်တမ်းတော့ မြန်မာပြည်ဟာ ငြိမ်းချမ်းတည်ငြိမ်မှုတွေ၊ တိုးတက်မှုတွေ ဖြစ်ထွန်းနေတာပါ။ နောက်နှစ်ထဲမှာဆိုရင်ပဲ လုပ်ငန်းစဉ် ၇ ရပ်ရဲ့ ပဉ္စမမြောက်အဆင့် ရွေးကောက်ပွဲကို လုပ်တော့မှာပါ။ ဒီနှစ်ကုန်ပိုင်းမှာ မြန်မာပြည်ကို တတိယအကြိမ် ရောက်လာမယ့် ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကို လက်ခံဖို့ မြန်မာအစိုးရက စဉ်းစားနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်အကျယ်ချုပ် ဆက်ချရတာဟာလည်း ၂၀၁၀ ရွေးကောက်ပွဲမှာ မပါရအောင် ကြိုတင်ကာကွယ်တဲ့သဘော မဟုတ်ပါဘူး။ တည်ဆဲဥပဒေတွေအရ အရေးယူထားတာဖြစ်တယ်” လို့ ဦးဝဏ္ဏမောင်လွင်က ရှင်းပြခဲ့တာပါ။

ကုလသမဂ္ဂဟာ မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကို သိရဲ့သားနဲ့ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်ချက်တွေကို မလုပ်ဆောင်ဘဲ လျစ်လျူရှုနေတယ်လို့ ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေး ကော်မရှင်ကလည်း လူ့အခွင့်အရေးကောင်စီကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တင်ပြခဲ့ပါတယ်။

ဗြိတိန်ရဲ့ ကိုယ်စားလှယ် ပီတာ ဂူဒါဟမ်ကတော့ မြန်မာစစ်အစိုးရဟာ လူသားချင်းစာနာမှု ကိစ္စတွေကိုလည်း တင်းကျပ်ထားတယ်လို့ ဆိုပါတယ်။

“မြန်မာစစ်အစိုးရဟာ လူနည်းစု တိုင်းရင်းသား အုပ်စုတွေနဲ့လည်း စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို အောင်အောင်မြင်မြင် မလုပ်နိုင်ပါဘူး။ မကြာခင်က ရှမ်းပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေတာပါ။ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေပေမယ့် မြန်မာစစ်အစိုးရက တင်းကျပ်မှုတွေ တိုးပြီးလုပ်နေတာ စိတ်ပျက်ဖို့ ကောင်းပါတယ်။ အဲဒါကြောင့် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြောင်းလဲရေးကို အကောင်အထည်ဖော်ဖို့ မြန်မာစစ်အစိုးရကို ကျနော်တို့ တောင်းဆိုပါတယ်” လို့ ဗြိတိန်ရဲ့ ကိုယ်စားလှယ် ပီတာ ဂူဒါဟမ်က ပြောသွားခဲ့ပါတယ်။

အခုကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အစည်းအဝေး ပြီးဆုံးတဲ့အခါ နိုင်ငံတကာက လူ့အခွင့်အရေး အခြေအနေတွေကို အရေးယူ ဆောင်ရွက်သွားနိုင်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို မကြာခင် တင်ပြသွားဖို့လည်း ရှိပါတယ်။