နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အမေရိကန်အခြေစိုက် နိုင်ငံတကာရေးရာ တာဝန်ခံ မစ္စတာ တီကူးမား က ကိုကျော်ဇောလွင်ဟာ အမေရိကန်နိုင်ငံသားတယောက် ဖြစ်တာမို့ အမေရိကန်အစိုးရက အရေးယူဆောင်ရွက်လာစေဖို့ အခုလို ကြေညာချက်ထုတ်ပြီး တောင်းဆိုရတာလို့ ပြောပါတယ်။
"သူက အမေရိကန်နိုင်ငံသားတယောက် ဖြစ်ပါတယ်။ အနှိပ်စက်ခံရတဲ့အပြင် သူ့ကို အစားအသောက်ပါ မကျွေးဘူးလို့ သိရတာမိုလို့ အခုလို ကြေညာချက် ထုတ်ပြန်ရတာပါ။ အမေရိကန်အစိုးရ အနေနဲ့ အမေရိကန်နိုင်ငံသားတယောက်ရဲ့ လုံခြုံရေးအတွက် တာဝန်ရှိပါတယ်။"
အမေရိကန်နိုင်ငံသားတယောက် အနှိပ်စက်မခံရစေဖို့အပြင် တကယ်လို့ သူ့မှာ အပြစ်ရှိလို့ တရားစွဲဆိုခဲ့တယ်ဆိုရင်လည်း မျှတတဲ့ တရားစစ်ဆေးမှုတွေ ခံရစေဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင် ကို စက်တင်ဘာလ ၃ ရက်နေ့က မင်္ဂလာဒုံလေဆိပ်မှာ မြန်မာအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဓါတ်ပုံနဲ့တကွ မြန်မာသတင်းစာတွေမှာ ဖော်ပြပြီး ပြည်တွင်း ဆူပူလှုပ်ရှားမှုတွေဖြစ်အောင် စီစဉ်ဆောင်ရွက်သူလို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ပြောဆိုမှုတွေမှာ ခိုင်လုံတဲ့ အထောက်အထားတွေ တခုမှထုတ်ပြတာ မတွေ့ရဘူးလို့ မစ္စတာ ကူးမား က ပြောပါတယ်။
"ပထမအချက်အနေနဲ့ မြန်မာအာဏာပိုင်တွေက သူ့ကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့သက်သေအထောက်အထားတွေ ထုတ်မပြောတာပါ။ ဒါကြောင့် မြန်မာအာဏာပိုင်တွေ အနေနဲ့ အကောင်းဆုံး လုပ်သင့်တာကတော့ အမေရိကန်အရာရှိတွေနဲ့ သူ့ကို တွေ့ဆုံခွင့်ပေးဖို့၊ တကယ်လို့ တရားစွဲဆိုခဲ့တယ်ဆိုရင်လည်း တရားဥပဒေနဲ့အညီ တရားရင်ဆိုင်ခွင့်ပေးဖို့ လိုပါတယ်။"
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အနေနဲ့ ကိုကျော်ဇောလွင် ဟာ ထောင်ထဲမှာ ရိုက်နှက်ညှင်းပမ်းတာ ခံနေရတဲ့အပြင် ဆေးကုသခွင့်မရဘဲ အနည်းဆုံး ၇ ရက် အစားအသောက် မကျွေးဘဲထားတယ်လို့ မြန်မာနိုင်ငံက ခိုင်လုံတဲ့သတင်းတွေ ရတာမို့ ဒီလို နှိပ်စက်မှုတွေ ရပ်တန်းရပ်ဖို့လည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်အရာရှိတွေ သူ့ကို လက်လှမ်းမီစေဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြင်းပြင်းထန်ထန် ကျူးလွန်နေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက အရေးယူဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
"အမေရိကန်အစိုးရအနေနဲ့ လူ့အခွင့်အရေးရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ကိုကျော်ဇောလွင် လွတ်မြောက်ရေးအတွက်တင်မကဘဲ တခြားနိုင်ငံရေး အကျဉ်းသား ၂,၀၀၀ လွတ်မြောက်ရေးအတွက်ပါ ရှေ့က မားမားရပ်ပြီး တိုက်တွန်းဆောင်ရွက်ဖို့ လိုပါတယ်။"
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မစ္စတာ တီကူးမား ပြောသွားတာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်အဖြစ် အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ပြောဆိုမှုတွေ လုပ်မယ်လို့ ကြေညာခဲ့တာမို့ အမေရိကန်နိုင်ငံရဲ့ တကယ့်လုပ်ရပ်ကို အခု ကိုကျော်ဇော်လွင်ရဲ့ အရေးကို ဘယ်လိုဆောင်ရွက်တယ် ဆိုတာက ပြသမယ့် စမ်းသပ်မှုပဲလို့လည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။ တကယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ဖိနှိပ်ညှင်းပမ်းတာ ခံနေရတဲ့ အမေရိကန်နိုင်ငံသားနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ရင် ဒါဟာ အသစ်ချမှတ်လိုက်တဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအတွက် မေးခွန်းထုတ်စရာတွေ ဖြစ်လာလိမ့်မယ် လို့လည်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။