သုံးပုံတပုံ အောင်မြင်မှုရခဲ့တဲ့ HIV ရောဂါပိုး ကာကွယ်ဆေး

စက်တင်ဘာ ၃၀၊ ၂၀၀၉။ HIV/AIDS ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် သတင်းကောင်းတရပ်လို့ ပြောရပါမယ်။ ထိုင်းနိုင်ငံမှာ အမေရိကန်စစ်ဖက် ဆေးသုတေသနအဖွဲ့နဲ့ ထိုင်းကျန်းမာရေးဌာနက ပညာရှင်တွေပေါင်းပြီး ၆နှစ်ကြာ လုပ်ခဲ့တဲ့ HIV ရောဂါပိုး ကာကွယ်ဆေး သုတေသနပြုချက်တခုမှာ သုံးပုံတပုံ ရောဂါပိုးကာကွယ်နိုင်တာ တွေ့လိုက်ရပါတယ်။ ဒါဟာ လက်ရှိ HIV ရောဂါပိုးကာကွယ်ဆေး စမ်းသပ်မှုမှာ အအောင်မြင်ဆုံး ဖြစ်ရပ်တခုပါ။

ဒီ တွေ့ရှိထားတဲ့ HIV ရောဂါပိုး ကာကွယ်ဆေးဟာ ရောဂါပိုးကို လုံးဝကာကွယ်နိုင်တာမဟုတ်ပေမယ့်လို့ နောက်ပိုင်း ကာကွယ်ဆေး သုတေသနလုပ်ငန်းတွေနဲ့ HIV ရောဂါပိုး တိုက်ဖျက်ဆေးစမ်းသပ်မှုလုပ်ငန်းတွေအတွက် အားတတ်စရာ အခြေအနေတခုဖြစ်ခဲ့ပါတယ်။ နောက်ဆက်တွဲလေ့လာမှုတွေလုပ်ရဦးမှာဖြစ်ပြီး အဲဒီကနေ HIV ရောဂါပိုး ကာကွယ်ဆေး ပေါ်ထွက်လာနိုင်ဖို့ အလားအလာကောင်းတွေ ရှိတယ်လို့ ဆေးပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

ဒီ တွေ့ရှိချက်နဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု John Hopkson တက္ကသိုလ် လူထုကျန်းမာရေးဆေးပညာဌာနက ဒေါက်တာရဲမွန်မြင့်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။