ပြည်ပရောက် တရုတ်နိုင်ငံသားများ ကာကွယ်ရေး

ကိုးကန့်ပဋိပက္ခမှာ ဒုက္ခရောက်နေရတဲ့ တရုတ်နိုင်ငံသားတွေကို ဗမာစစ်အစိုးရက အကာအကွယ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဌာနက ဗမာသံရုံးကို စက်တင်ဘာလ (၂၁) ရက်နေ့က အကြောင်းကြားလိုက်ကြောင်း သိရပါတယ်။ လောက်ကိုင်ဒေသကို သိမ်းပိုက်စဉ် ဗမာစစ်တပ်က တရုတ်ပိုင် ဥစ္စာပစ္စည်းတွေကို လုယက်ပြီး အနိုင်ကျင့်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီး ရက်အတော်ကြမှ အခုလို အရေးယူပေးဖို့ ပြောလိုက်တာဖြစ်ပါတယ်။ နိုင်ငံခြားရောက် တရုတ်တွေကို ဒေသခံတွေက ဆန့်ကျင်တိုက်ခိုက်တဲ့ အစဉ်အလာရှိခဲ့တာမို့ တရုတ်နိုင်ငံသားတွေကို ကာကွယ်ရေးကိစ္စဟာ တရုတ်အစိုးရရဲ့ မူဝါဒတခုလို ဖြစ်လာပါတယ်။

၂၀၀၅ ခုနှစ် မတ်လ (၅) ရက်နေ့က တရုတ်ပြည်သူ့ ကွန်ဂရက်ကို ဝန်ကြီးချုပ် ဝမ်ဂျာဘောင်း တင်သွင်းတဲ့ အစိုးရလုပ်ငန်း အစီရင်ခံစာမှာ နိုင်ငံခြားရေးလမ်းစဉ်ဟာ ဟားပင်ကွန့်ချောင် ခေါ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ နဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ နိဂုံးပိုင်းမှာတော့ နိုင်ငံခြားရောက် တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် အကျိုးစီးပွားနဲ့ တရားဝင်ရပိုင်ခွင့်ကို အားသွန်ခွန်စိုက် ကာကွယ်ရမယ်လို့ အတိအလင်းဖော်ပြထားပါတယ်။ မြန်မာရောက် တရုတ်တွေကို ဂရုစိုက်ဖို့ တရုတ်ပြည်ကိုလာတဲ့ ဧည့်သည်တော် ဗမာစစ်အစိုးရကိုယ်စားလှယ်တွေကိုလည်း တရုတ်ခေါင်းဆောင်တွေက မှာကြားလေ့ရှိပါတယ်။

မြန်မာပြည်နဲ့ ကမ္ဘာအရပ်ရပ်ကို တရုတ်တွေ ဝင်ရောက်နေတာ နှစ်ပေါင်းများစွာကြာလှပါပြီ။ ရှေးခေတ်က ရောက်လာခဲ့ကြတဲ့ တရုတ်မျိုးဆက်တွေဆိုရင် မြန်မာနဲ့ ရောကုန်တဲ့အတွက် သူတို့ကိုယ်သူတို့ တရုတ်လို့တောင် မယူဆကြတော့ပါဘူး။ ဒါပေမဲ့ ဒန်ရှောင်ဖိန် () လက်ထက် တရုတ်ပြည်မှာ ဈေးကွက်စနစ် စတင်ကျင့်သုံးချိန်ကစပြိး ထွက်ခွါလာတဲ့ တရုတ်တွေဟာ မန်ဒရင်တရုတ်စကားပြောပြီး တရုတ်ပြည်မကို သစ္စာရှိကြသူများဖြစ်လို့ ရှေ့တရုတ်မျိုးဆက်နဲ့ အသွင်မတူတော့ပါဘူး။ တရုတ်ပြည်မှာ ဈေးကွက်စနစ် ကျင့်သုံးပြီး ဆယ်နှစ်အကြာမှာ ဗမာစစ်အစိုးရတတ်လာပြီး တရုတ်ကို အားကိုးတာမို့ စွန့်စားလုပ်ကိုင်တတ်တဲ့ တရုတ်တွေဟာ နည်းမျိုးစုံနဲ့ မြန်မာပြည်ကို ရောက်လာကြပါတယ်။ ဈေးကွက်စနစ်ကြောင့် ပေါ်ထွက်လာတဲ့ အလုပ်လက်မဲ့တွေ နိုင်ငံခြားသွားတာကို တရုတ်အစိုးရကလည်း အားပေးပါတယ်။ ဒါကြောင့် ဈေးကွက်စနစ် ကျင့်သုံးလာတဲ့ကာလမှာ နိုင်ငံခြားရောက် တရုတ်ဦးရေ အများအပြားတိုးပွားလာပါတယ်။

အိမ်နီးချင်းနိုင်ငံတွေကို နည်းမျိုးစုံနဲ့ ထွက်လာပြီ စီးပွားရှာကြတဲ့ တရုတ်ပြည်သားတွေ များပြားလာတဲ့ အကြောင်းရင်းတခုကတော့ သယ်ယူပို့ဆောင်ရေး လွယ်ကူလာတာပဲ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး ချဲ့ထွင်လာတာနဲ့အတူ ကုန်းကြောင်း၊ ရေကြောင်း က ကုန်သွယ်မှု များပြာလာပါတယ်။ မဆလခေတ်က အသုံးနည်းခဲ့တဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ အခုခေတ်မှာ အရှိန်အဟုန်နဲ့ ရှင်သန်နေပါတယ်။ ဧရာဝတီနဲ့ မဲခေါင်မြစ်ဟာ တရုတ်ပြည်ရဲ့ ထွက်ပေါက်တွေ ဖြစ်လာပါတယ်။ ထိုင်းနဲ့ လာအိုနိုင်ငံကြား မဲခေါင်မြစ်မှာ ချစ်ကြည်ရေးတံတာ (၂) ခု တည်ဆောက်လိုက်တဲ့အတွက် လာအိုနိုင်ငံက တဆင့် တရုတ်ပြည်နဲ့ ဆက်သွယ်တဲ့လမ်းကြောင်း ကျယ်ပြန့်လာပြန်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၄၀) ကျော်က ပြင်သစ်ကိုလိုနီနယ်ချဲ့တွေ စိတ်ကူးယဉ်ခဲ့တဲ့ ကုန်သွယ်ရေးလမ်းကြောင်းကြီး အခုမှ ပွင့်သွားတဲ့သဘောဖြစ်ပါတယ်။

တရုတ်ပြည်နဲ့ ရောင်းဝယ်ဖောက်ကားမှုများလာလေလေ ဝင်လာတဲ့ တရုတ်လူဦးရေ များလာလေလေ ဖြစ်ပါတယ်။ စွန့်စားလုပ်ကိုင်လိုတဲ့ တရုတ်တွေဟာ ထိုင်းနိုင်ငံကို အရင်းသွားခဲ့ကြပြီ ဘန်ကောက်ကနေ အရှေ့ဥရောပကိုလည်း လေယာဉ်နဲ့ သွားကြတာလည်း ရှိပါတယ်။ ဥပမာ လွန်ခဲ့တဲ့ အနှစ် (၂၀) ကဆိုရင် ဟန်ဂေရီနိုင်ငံမှာ တရုတ်မရှိသလောက်ပါပဲ။ အခုတော့ ဟန်ဂေရီမှာလည်း တရုတ် သုံးသောင်းကျော် ရောက်ရှိနေပါပြီ။ တရုတ်တွေဟာ ဟန်ဂေရီလူမျိုး ဖြစ်လာမှာမဟုတ်ပါဘူး။ အမေရိကန်ကိုလည်း တရုတ် သုံးသောင်းကျော် နှစ်စဉ် ဝင်ရောက်နေပါတယ်။ မြန်မာပြည်မှာလည်း လက်ရှိ အစိုးရလက်ထက်မှာ တရုတ်လူဦးရေး တသန်းကျော် ထပ်တိုးလာတယ်လို့ ခန့်မှန်းကြပါတယ်။ ကမ္ဘောဒီယား၊ လာအို နဲ့ ဗီယက်နမ်နိုင်ငံများမှာလည်း တရုတ်စီးပွားရေး လွှမ်းမိုးမှု နှစ်ဆတိုးလာတာ တွေ့ရှိရပါတယ်။

အင်္ဂလိပ်နဲ့ ဥရောပစီးပွားရေးသမားတွေ ကိုလိုနီနယ်ချဲ့တာကြောင့် အမေရိကန်၊ ကနေဒါ၊ နယူဇီလန်၊ Australia စတဲ့ နိုင်ငံသစ်တွေ ပေါ်ထါက်လာသလို နိုင်ငံခြားရောက်တရုတ်တွေက နိုင်ငံသစ်တည်ထောင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်စီးပွားရေး သမားတွေ အားကောင်းတဲ့နိုင်ငံမှာ တရုတ်သြဇာအာဏာ ရှိလာမှာကတော့ သေချာနေပါတယ်။ တချိန်က တိုင်းမဲ့ပြည်မဲ့ဖြစ်ခဲ့တဲ့ ဂျူးလူမျိုးတွေ စီးပွားရေးအင်အား ကြီးမားလာတဲ့အခါမှာ အမေရိကန်နိုင်ငံကိုတောင် ကြိုးကိုင်လာနို်င်တာတွေ့ရပါတယ်။ အစ္စရေးနိုင်ငံ တည်ထောင်နိုင်တာဟာလည်း နိုင်ငံခြားရောက် ဂျူးဘာသာဝင်တွေရဲ့ ကြိုးပမ်းမှုပဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ တိုင်းပြည်လူဦးရေရဲ့ (၃) ရာခိုင်နှုန်းသာရှိတဲ့ တရုတ်ဟာ တိုင်းပြည်ရဲ့ အရင်းအနှီး (၇၀) ရာခိုင်နှုန်းကို ချုပ်ကိုင်ထားတယ်လို့ တွက်ဆကြတာရှိပေမဲ့ မြန်မာပြည်မှာတော့ ဒီလိုတွက်ချက်ပြီး ခန့်မှန်းတာမျိုး မလုပ်နိုင်တဲ့အတွက် တရုတ်လွှမ်းမိုးတဲ့ အတိုင်းအတာကို သိဖို့မလွယ်ပါဘူး။ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုအများစုဟာ အစိုးရရင်းနှီးမြုပ်နှံမှု ကော်မရှင်ကတဆင့် သွားတာမဟုတ်လို့ စာရင်းဇယားကို သိဖို့ ခက်ခဲပါတယ်။ တရုတ်ကိစ္စကို ဗမာစစ်အစိုးရကလည်း အများဆုံးဖုံးဖိထားပါတယ်။ ဒါကြောင့် ကိုးကန့်မှာ တရုတ်တွေ နစ်နာဆုံးရှုံးရတာကို ဗမာစစ်အစိုးရက ဘယ်ပုံဘယ်နည်းနဲ့ လျှော်ကြေးပေမယ်ဆိုတာကို စောင့်ကြည့်ဖို့သာ ရှိပါတော့တယ်။