အမေရိကန် အကြမ်းဖက်မှု တိုက်ဖျက်ရေး တိုးတက်မှုရှိ

အမေရိကန်နိုင်ငံဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ သိသိသာသာ တိုးတက်မှုတွေရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဝါရှင်တန်မြို့တော်နားက NCC ခေါ် အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုဌာနမှာ အင်္ဂါနေ့က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံကို ကာကွယ်နိုင်ရေးအတွက် လုပ်ဆောင်နေကြတဲ့ NCC ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်စကား ပြောကြားပါတယ်။ NCC ဗဟိုဌာနဟာ အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့နဲ့ ကမ္ဘာတလွှားက တခြား အစွန်းရောက် ကွန်ရက်အဖွဲ့တွေကို အားနည်း ပျောက်ပျက်သွားအောင် ဖြိုခွင်းနိုင်ဖို့ အမေရိကန်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်စေဖို့ အထောက်အကူတွေ အများကြီး ပေးခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အယ်လ်ကိုင်းဒါးအဖွဲ့ဟာ အမေရိကန် နိုင်ငံသားတွေအတွက် အဓိက ခြိမ်းခြောက်မှုပေးနေတဲ့ အဖွဲ့ဖြစ်ပြီး ဒီအဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် NCC ဗဟိုဌာနကို ဖွဲ့စည်းခဲ့ရတာမို့ အမေရိကန်နိုင်ငံနဲ့ သူ့ မဟာမိတ်တွေ အတိုက်အခိုက်ခံရမယ့် ဘေးကို ကာကွယ်နိုင်ဖို့အတွက် NCC အဖွဲ့က အဓိကလုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ပြောကြားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ အမေရိကန်နိုင်ငံက ကော်လိုရာဒို၊ နယူးယောက်၊ အီလီနွိုင်းနဲ့ တက္ကဆက်ပြည်နယ်တွေက အကြမ်းဖက်သမားလို့ သံသယရှိသူတွေကို ဖမ်းဆီး ထိန်းသိမ်းနိုင်ဖို့အတွက် NCC က ထောက်လှမ်းရေး သတင်းအချက်အလက်တွေ မျှဝေပေးနိုင်ခဲ့တဲ့ အတွက်လည်း ချီးကျူးစကား ပြောကြားခဲ့ပါတယ်။