သြစတြေးလျ ဖက်ရှင်အုပ်စု မြန်မာထွက်ကုန်များ အဝယ်ရပ်ဆိုင်း

သြစတြေးလျနိုင်ငံက မေလ်လားစ် (Millers)၊ ကေးတီးစ် (Katies) အပါအဝင် နာမည်ကြီး ဖက်ရှင်ကုမ္ပဏီ ၄ ခု ပါဝင်တဲ့ Specialty Fashion Group ခေါ် ဖက်ရှင်အုပ်စုဟာ မြန်မာစစ်အစိုးရရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် မြန်မာနိုင်ငံထဲက ကုမ္ပဏီများနဲ့ ကုန်သွယ်မှု လုပ်ငန်းတွေ ရပ်ဆိုင်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။ အကြောင်းစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေ ရပ်ဆိုင်းတော့မယ်လို့ အခု ကြေညာလိုက်တဲ့ Specialty Fashion Group ကုမ္ပဏီဟာ မြန်မာနိုင်ငံကနေ အဓိက အမျိုးသမီး အဝတ်အစားတွေ ဝယ်ယူတင်သွင်းနေတာ ကာလ အတော်လေး ကြာမြင့်နေပါပြီ။ ဒါပေမဲ့ သြစတြေးလျ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign Australia (BCA) အဖွဲ့က မြန်မာနိုင်ငံထဲက လူ့အခွင့်အရေး အခြေအနေတွေကို ထောက်ပြပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ရပ်ဆိုင်းဖို့ လှုပ်ရှားမှုတွေကနေ အခုလို သြစတြေးလျက ဖက်ရှင်ကုမ္ပဏီကြီးတခု ရပ်ဆိုင်း နှုတ်ထွက်ခဲ့တာ ဖြစ်တယ်လို့ BCA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမြင့်ချိုက ပြောပါတယ်။

“လွန်ခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်နေကြတဲ့ သြစတြေးလျကုမ္ပဏီ ၈ ခုကို မြန်မာပြည်ထဲက ထွက်ခွာဖို့ ကျနော်တို့ ကမ်ပိန်း (Campaign) ကို စခဲ့တယ်။ ဒီကမ်ပိန်း မစခင်တုန်းကလည်း နိုင်ငံတကာမှာ ထင်ရှားပြီး တော်တော်လေးကြီးတဲ့ ကုမ္ပဏီ ၃ ခုက အရင် နှုတ်ထွက်ထားတာ ရှိပါတယ်။ အဲဒါကတော့ ဒေါင်နာ အီးဒီအိုင်လို့ခေါ်တဲ့ လေယာဉ်ကွင်းဒီဇိုင်းတွေ ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီရယ်၊ နောက်တခုက QBE လို့ခေါ်တဲ့ နိုင်ငံတကာ အာမခံ ကုမ္ပဏီရယ်၊ အစားအသောက်နဲ့ ပစ္စည်းတွေ ရောင်းချတဲ့ ကုမ္ပကြီးတခုရယ် မြန်မာနိုင်ငံက ရုပ်သိမ်းထားပါတယ်။

“ဒါပေမဲ့ မလုံလောက်ပါဘူး။ ဒါကြောင့်မို့ နောက်ထပ်ရှိနေသေးတဲ့ ကုမ္ပဏီ ၈ ခုကို မြန်မာနိုင်ငံက ထွက်ခွာဖို့ ကမ်ပိန်းလုပ်ရတာ ဖြစ်ပါတယ်။ အခုလိုမျိုး မေလ်လားစ်လို့ခေါ်တဲ့ ဖက်ရှင် အဝတ်အစားတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးက အခုလို နှုတ်ထွက်သွားတာဟာ သြစတြေးလျ ပြည်သူတွေအတွက် အများကြီး သက်ရောက်မှုရှိပါတယ်။”

သြစတြေးလျ ကုမ္ပဏီကြီး ၈ ခုရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ်တွေက နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရနေတာဖြစ်တယ်လို့လည်း BCA အဖွဲ့က ဆိုပါတယ်။ ဒါပေမဲ့ အခုရနေတဲ့ အကျိုးအမြတ်တွေကို ပြည်သူလူထု တကယ်လိုအပ်နေတဲ့ နေရာတွေမှာ အသုံးမပြုတာကြောင့် အခုလို စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ရပ်ဆိုင်းဖို့ သူတို့အနေနဲ့ လှုပ်ရှားတောင်းဆိုတာ ဖြစ်တယ်လို့လည်း ဒေါက်တာမြင့်ချိုက ပြောပါတယ်။

“သြစတြေးလျကုမ္ပဏီ ၈ ခု ရှိပါတယ်။ တခုက တွင်းဇား (Twinza) လို့ခေါ်တဲ့ ရေနံကုမ္ပဏီ၊ နောက်တခုက ရှက်ဗရွန် (Chevron) ရေနံကုမ္ပဏီ၊ ဂျက်စတားအေးရှား (Jetstar Asia) လေကြောင်းလိုင်း၊ လုံးလီး ပလန်းနက် (Lonely Planet) လို့ခေါ်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေအတွက် မြန်မာပြည်ကို ဆွဲဆောင်တဲ့ စာအုပ်ထုတ်တဲ့လုပ်ငန်း၊ ဂက်ကိုး (Gecko) လို့ခေါ်တဲ့ ခရီးသွား စွန့်စားခန်းလုပ်ငန်း၊ မေလ်လားစ် (Millers) ခေါ် အမျိုးသမီး ဖက်ရှင်တွေ ရောင်းတဲ့လုပ်ငန်း၊ သျှရီ အေးရှား (Sri Asia) လို့ခေါ်တဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ အက်ဒမန် တိခ် ဆပ်ပလိုင်းစ် (Andaman Teak Supplies) ခေါ် ကျွန်းသစ်တွေကို မှာယူတင်သွင်းတဲ့လုပ်ငန်း၊ ဒီ ၈ ခုဟာ စုစုပေါင်း ၂.၈ ဘီလီယံဖိုး နအဖနဲ့ စီးပွားရေးလုပ်နေတာ ဖြစ်ပါတယ်။

“ဒါကြောင့် ဒီကုမ္ပဏီတွေ အကုန်လုံး မြန်မာပြည်က ထွက်ခွာသွားခြင်းအားဖြင့် နအဖဗိုလ်ချုပ်ကြီးတွေနဲ့ အပေါင်းအပါတွေကို ပေးနေတဲ့ ၂.၈ ဘီလီယံဖိုးကို ရပ်ဆိုင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဗိုလ်ချုပ်ကြီးတွေ ဝယ်နေတဲ့ လက်နက်တွေ၊ ဗိုလ်ချုပ်ကြီးတွေ သတ်ဖြတ်နေမှုတွေကိုလည်း တစုံတရာ တားဆီးနိုင်မယ်လို့ ယုံကြည်ပါတယ်။”

Burma Campaign Australia အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမြင့်ချို ပြောပြခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ သြစတြေးလျ အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကရော ဘယ်လိုရှိပါသလဲ၊ လက်ရှိ သြစတြေးလျ အာဏာရပါတီဖြစ်တဲ့ လေဘာပါတီက အောက်လွှတ်တော်အမတ် ဂျနဲ စဖင်းကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သြစတြေးလျ မူဝါဒဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီတရပ် ဖြစ်ထွန်းဖို့ မပြောင်းမလဲနဲ့ ခိုင်ခိုင်မာမာ ရပ်တည် ထောက်ခံနေဆဲပဲလို့ ဆိုပါတယ်။

“နိုင်ငံရေးကိစ္စတွေမှာ သြစတြေးလျ အစိုးရအနေနဲ့ အရင်ကတည်းက အပြည့်အ၀ ရပ်တည် ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၂ နှစ် နီးပါးလောက်က စီးပွားရေးကို ဦးစားပေးတဲ့ လစ်ဘရယ်အစိုးရ လက်ထက်မှာတော့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အတော်လေး အားနည်းခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၇ နိုဝင်ဘာလ လေဘာပါတီ အာဏာရလာပြီး နောက်ပိုင်း မြန်မာနိုင်ငံအတွက် သံတမန်ရေး ကိစ္စတွေမှာ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံမှုက ပိုပြီး တင်းမာလာမှု ရှိသလို မြန်မာစစ်တပ် ထိပ်တန်းခေါင်းဆောင် မိသားစုဝင် ၄၆၃ ဦးကို ဘဏ္ဍာရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုတွေ လုပ်ထားပါတယ်။

“နောက် မြန်မာစစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေရဲ့ ခရီးသွားလာခွင့်ကိုလည်း သြစတြေးလျနိုင်ငံမှာ ပိတ်ပင်တာတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ သြစတြေးလျ ဝန်ကြီးချုပ် ကီဗင် ရပ်ဒ် (Kevin Rudd) ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ စစ်အစိုးရကို အသိပေးပြီးသား ဖြစ်တယ်။” လို့ သြစတြေးလျ အစိုးရအဖွဲ့ အောက်လွှတ်တော်အမတ် ဂျနဲ စဖင်းက ပြောပြခဲ့ပါတယ်။