၀န်ကြီး ဦးအောင်ကြည်နှင့်တွေ့ဆုံမှု အလားအလာကောင်းဟု ဒေါ်အောင်ဆန်းစုကြည် ယူဆ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရရဲ့ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံမှု တွေဟာ တိုးတက်မှုတရပ်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်သွားရင် ပြည်သူလူထုအတွက် အကျိုးရှိနိုင်တယ်လို့ ပြောကြားလိုက် ပါတယ်။ သူ့ရဲ့ ပြင်ဆင်မှု လျှောက်ထားဖို့အတွက် နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့သူ ရှေ့နေ ဦးဉာဏ်ဝင်း က ဗွီအိုအေကို တဆင့် ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။ အယူခံအမှုကိုတော့ နှစ်ပတ်အတွင်း တင်မယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေက ကိုသိန်းထိုက်ဦးက ရှေ့နေ ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ဦးဉာဏ်ဝင်း က အခုလို ဆိုပါတယ်။

"ကျနော်တို့ ဒီနေ့ တွေ့တာကတော့ တနာရီကနေ ၂ နာရီလောက်အထိပေါ့နော်။ ကျနော်ရယ်၊ ဒေါ်ခင်ဌေးကြွယ်ရယ်ပါ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာပါပဲ။ ကျနော်တို့ တွေ့တဲ့အချိန်မှာ ပထမဆုံးကတော့ တရားရုံးချုပ်မှာ ပြင်ဆင်မှုတင်မယ့် ကိစ္စကို ကျနော်တို့ ဆွေးနွေးကြတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်တွေနဲ့ ကျနော်တို့ အမြင်တွေ၊ ဥပဒေ အချက်အလက်တွေ အားလုံး ဆွေးနွေးကြပါတယ်။ ဆွေးနွေးပြီးသွားတော့ ဒေါ်အောင်ဆန်းစုကြည်က အခု ရက်ပိုင်း အတွင်းမှာ ဆက်ဆံရေးဝန်ကြီးနဲ့ နှစ်ကြိမ်တွေ့တာရယ်၊ သံတမန်တွေနဲ့ တွေ့တာရယ်၊ အဲဒီအခြေအနေတွေကို ကျနော်တို့ကို ရှင်းပြပါတယ်။ ကျနော်တို့အနေနဲ့တော့ လောလောဆယ်အားဖြင့်တော့ အဲဒီ တွေ့ဆုံတဲ့အသေးစိတ် အချက်အလက်တွေကို သတင်းထုတ်ပြန်ဖို့ မရှိသေးပါဘူးခင်ဗျ။"

ဒီတွေ့ဆုံမှုတွေက အကောင်းဘက်ကို ဦးတည်တဲ့ တိုးတက်မှုလို့ရော ဒေါ်စုအနေနဲ့ ခံယူပါသလားခင်ဗျ။ -

"ဒေါ်အောင်ဆန်းစုကြည်က ဒီဟာကတော့ သူ အကောင်းမြင်တဲ့အကြောင်း၊ ဒီထက်ပိုပြီး တိုးတက်ပြီးတော့ ဆောင်ရွက်နိုင် ရင် အများအကျိုးရှိမယ် ဆိုတဲ့အကြောင်းတော့ ပြောပါတယ်။"

စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ ရယူရေး ကြိုးးစားနေတဲ့ ကာလအတွင်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ရော တစုံတရာ ပြောဆိုဆွေးနွေးတာမျိုး ရှိပါသလားခင်ဗျ။ -

"ရှိပါတယ်။ ဒါပေမဲ့ လောလောဆယ်အားဖြင့် ကျနော်တို့ ဒီကိစ္စတွေကို သတင်းထုတ်ပြန်ဖို့ မရှိသေးဘူးလို့ ကျနော် ပြောပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့အမြင်တွေရော၊ ဆွေးနွေးခဲ့တာတွေရော ပြောပြပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကရော ဘယ်လိုနေလဲ။ -

"ကောင်းပါတယ်။ ခါတိုင်းလိုပါပဲ။ သွက်သွက်လက်လက် ပါပဲ။ ကျနော်တို့ စကားတခုပြောဖို့၊ သူက စကားတွေ အများကြီး ပြောစရာရှိနေတော့ ကျနော်တို့က အဲဒီလို ပြောရတာပါ။ အချက်အလက်တွေ အားလုံးစုံအောင်လည်း ပြောကြပါတယ်။"

အဲန်အယ်လ်ဒီ ပါတီအတွင်းမှာ ညီလာခံခေါ်ရေးကိစ္စတို့ ဆိုတဲ့ကိစ္စတွေနဲ့ရော အဲန်ကယ်လ်တို့ တစုံတရာ ဒေါ်စုနဲ့ ပြောဆို ဖြစ်တာမျိုး ရှိပါသလားခင်ဗျ။ -

"မရှိဘူးဗျ။ အဲဒါတော့ မပြောဖြစ်ဘူး။"

တရားရုံးချုပ်မှာ ပြင်ဆင်ဖို့ကိစ္စ ဘယ်တော့လောက် လုပ်ဖြစ်မယ်လို့ အဲန်ကယ်လ်တို့ မျှော်လင့်ပါလဲ။ -

"ကျနော်တို့ အားချင်းပဲ ရေးနေပါပြီ။ ကျနော်တို့ သဘောတူညီချက်လည်း ရပြီ။ စီရင်ချက်လည်း ရပြီဆိုတော့၊ ကျနော်တို့က အချော၊ ကြမ်းချော ပေါ့ဗျာ ပြီးလို့ရှိရင် ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အတည်ပြုချက် ယူရပါမယ်။ အတည်ပြုပြီး တာနဲ့ ကျနော်တို့ တင်မှာပါ။"

ဘယ်တော့လောက် တင်ဖြစ်မယ်လို့ အဲန်ကယ်လ်တို့ မျှော်လင့်လဲ။ -

"ကျနော်တို့က ၁၀ ရက်၊ ဒါမှမဟုတ် နှစ်ပတ်အလွန်ဆုံးပါပဲ။"

လာမယ့်နှစ်ပတ်လောက်အတွင်းမှာ တင်ဖြစ်မယ်ပေါ့။ -

"ဟုတ်ပါတယ်။"