အမေရိကန်သမ္မတ အိုဘားမား (Obama) ရဲ့ လက်တွေ့ကျကျ ထိတွေ့ဆက်ဆံတဲ့ ချဉ်းကပ်မှု နည်းလမ်းသစ်ကို အကောင်အထည်ဖော်တဲ့ အနေနဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ အကြီးအကဲဖြစ်သူက မြန်မာစစ်အစိုးရရဲ့ အရေးပါတဲ့ ထိပ်တန်း ဝန်ကြီးတဦးနဲ့ အောက်တိုဘာ ၂၅ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။
အမေရိကန်သံရုံး ယာယီတာဝန်ခံ လာရီ ဒင်ဂါ (Larry Dinger) ဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဝန်ကြီး ဗိုလ်ချုပ်ဌေးဦးကို နေပြည်တော်မှာ လာရောက်တွေ့ဆုံတယ်လို့ စစ်အစိုးရပိုင် သတင်းစာတွေမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဘာတွေ ပြောဆိုခဲ့ကြသလဲ ဆိုတာကိုတော့ သတင်းမှာ ရေးသားမထားပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မစ္စတာဒင်ဂါဟာ အဓိက နိုင်ငံရေးပါတီကြီး ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မကြာခင်ကာလမှာ အမေရိကန်ရဲ့ သံတမန် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ဝါရှင်တန်ဒီစီမြို့တော်က အမေရိကန် အရာရှိတွေက ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ အကျိုးဆက်ဖြစ်တဲ့ ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုတွေကို ဆက်လက်ထားရှိပြီး ကာလရှည်ကြာ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်ခေါင်းဆောင်တွေနဲ့လည်း ထိတွေ့ ဆက်ဆံသွားမယ်ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မဟာဗျူဟာအသစ်ဟာ အမေရိကန်သမ္မတ အိုဘားမား အစိုးရက တင်သွင်းလာတဲ့ နိုင်ငံခြားရေး မူဝါဒ တခုလည်း ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး နောက်နှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် NLD ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးဖို့ မြန်မာနိုင်ငံက ဗိုလ်ချုပ်ကြီးတွေကို အမေရိကန် ပြည်ထောင်စုနဲ့ နိုင်ငံတကာက ဖိအားပေးနေကြပါတယ်။