အာဖဂန် အတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲမှ နှုတ်ထွက်

အာဖဂန်နစ္စတန်နိုင်ငံမှာ နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမယ့် ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲမှာ သူ ဝင်ပြိုင်တော့မှာ မဟုတ်ဘူးလို့ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) အပေါ် အဓိက စိန်ခေါ်နေသူ အတိုက်အခံ ခေါင်းဆောင် မစ္စတာ အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) က ပြောလိုက်ပါတယ်။

လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ သူ့ရဲ့ တောင်းဆိုချက်တွေကို အစိုးရက ဖြည့်ဆည်းမပေးဘူးလို့ စွပ်စွဲပြီးတော့ ရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို မစ္စတာ အဗ္ဗဒူလာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလို ကျယ်ကျယ်ပြန့်ပြန့် မဲလိမ်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲကို ပြောင်းလဲ ခန့်အပ်ပေးဖို့ အပါအဝင် တောင်းဆိုချက်တချို့ကို နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်း ဖြစ်တဲ့ မစ္စတာ အဗ္ဗဒူလာက အစိုးရကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မကြာခင် ရက်ပိုင်းတွေမှာ ကျင်းတော့မယ့် ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ ခါဇိုင်းသာလျှင် တယောက်တည်းသော သမ္မတလောင်း ဝင်အရွေးခံသူ ဖြစ်လိမ့်မယ်လို့ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ရွေးကောက်ပွဲကို အာဖဂန် ပြည်သူတွေအတွက် လုပ်သင့်တယ်လို့ မစ္စတာခါဇိုင်းရဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးဆိုင်ရာ ပြောခွင့်ရသူကလည်း ပြောပါတယ်။

ရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပြီးနောက်မှာ မစ္စတာ အဗ္ဗဒူလာက သူ့အပေါ် ထောက်ခံကြသူတွေ အနေနဲ့ ရွေးကောက်ပွဲအပေါ် မကျေနပ်လို့ လမ်းပေါ်ထွက် ဆန္ဒပြကြတာမျိုးတွေ မလုပ်ကြပါနဲ့လို့ ပန်ကြားထားပါတယ်။