ဒီတပတ် တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ sweet nothings, here goes nothing နဲ့ nothing doing တို့ ဖြစ်ပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးကတော့ Sweet Nothings ဖြစ်ပါတယ်။ Sweet က ချိုသော၊ ချစ်စရာကောင်းသော၊ Nothings က ဘာမှအဓိပ္ပါယ် လေးနက်မှု မရှိခြင်း၊ အနှစ်သာရ မရှိခြင်း လို့ တိုက်ရိုက် အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် sweet nothings ဆိုတဲ့ လုံးကောက် အဓိပ္ပါယ်ကတော့ ဘာမှ အနှစ်သာရ မရှိတဲ့ ချိုသာတဲ့ စကားတွေ ဖြစ်ပါတယ်။ Sweet nothings ရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ ချိုတယ်၊ ချစ်စရာ ကောင်းတယ် ဆိုပေမဲ့ အဓိပ္ဗါယ်မရှိ၊ လေးနက်မှု မရှိတဲ့ စကားတွေပဲ ဖြစ်ပါတယ်။ အဆိုတော် မာမာအေးရဲ့ နှစ်ယောက်ထဲ နေချင်တယ်ဆိုတဲ့ သီချင်းထဲမှာ ဧဝရက် တောင်ထိပ်မှာ ချစ်သူနဲ့ ဆိုရင် ဘယ်လိုပဲ နေရ နေရ ဆိုသလို၊ မိုးပေါ်က ကြယ်တွေကို ဆွတ်ပေးပါ့မယ်၊ တရက်မတွေ့ရတာ ဒီမောင့်အတွက် တသက် ထင်တယ် ဆိုတာမျိုးလို၊ ချစ်သူကျအောင် တွတ်တီးတွတ်တာ ချွဲပြီးပြောတဲ့ မူယာမာယာ အပြောမျိုးတွေကို Sweet Nothings လို့လည်း ရည်ညွှန်းပြောလို့ ရပါတယ်။ ဘန်းစကားနဲ့ ပြောရရင်တော့ အပိုစကားတွေ ဖြစ်ပါတယ်။
အမျိုးသား တဦးနဲ့ တွဲနေတဲ့ ညီမဖြစ်သူကို သတိပေးတဲ့ George Crows ပေးတဲ့ ဥပမာတခုကို လေ့လာကြည့်ကြပါစို့။
“Sis, be careful of that guy, Peter, you have a date with tonight. I hear he is expert at using sweet nothings to get his way with a girl. Later, she finds out that what they mean. Nothing!”
“ညီမလေးရေ ဒီနေ့ည ညီမလေးနဲ့ အပြင်ထွက်ဖို့ ချိန်းထားတဲ့ Peter ကို သတိထားနော်။ ကြားတာကတော့ ဒီလူက အမျိုးသမီး တဦးနဲ့ စွံရလေအောင် တွတ်တီးတွတ်တာ ပြောတဲ့နေရာမှာ ကျွမ်းကျင်ဆိုပဲ။ နောက်ပိုင်းမှာတော့ ဒီ စကားတွေဟာ တဘက်သား ကျလောက်အောင်သာ ရည်ရွယ်ပြီး တခြားဘယ်လိုမှ အဓိပ္ဗါယ်မရှိဘူး ဆိုတာကို အဲဒီ အမျိုးသမီးလေးတွေ သိလာရတယ်။"
ဒုတိယ တင်ပြပေးမယ့် အီဒီယံ အသုံးကတော့ Here goes nothing ဖြစ်ပါတယ်။ Here က ဒီမှာ (ဒီနေရာမှာ)၊ goes က သွားပြီ၊ Nothing က ဘာမှမရှိတာ၊ ဘာမှမဟုတ်တာ၊ အညတရတဦးလို့ လုံးကောက် အဓိပ္ဗါယ် ရပါတယ်။ ဒါကြောင့် တိုက်ရိုက် အဓိပ္ပါယ်ကတော့ အညတရ တဦးတော့သွားပြီဟေ့လို့ ဖြစ်ပါတယ်။ ဒီအသုံးကို မိမိက တခုခုကို စမ်းသပ်ရမှာ၊ ဒါမှမဟုတ် ဝင်ယှဉ်ပြိုင်ရာမှာ ကိုယ့်ကိုယ်ကို သိပ်ပြီး မမှန်းတတ်ရင် အရှက်ပြေ နှိမ့်ချ ပြောဆိုရမှာ ဒီ ဘန်းစကားကို အသုံးပြုလေ့ ရှိပါတယ်။
ဥပမာ အပြေးပြိုင်ပွဲမှာ တခြား စံချိန်တင် အပြေးသမားတွေနဲ့ ဝင်ယှဉ်ပြိုင်ရလို့ ကိုယ့်အနေနဲ့ အနောက်က ပြတ်ကျန်ခဲ့ရမယ့် အလားအလာမျိုး ရှိရင်၊ ကိုယ့် သူငယ်ချင်းတွေကို သိပ်ပြီး အထင်မကြီးစေချင်ရင်၊ ရှုံးခဲ့သော် မျက်နှာ သိပ်မပူရလေအောင် ကိုယ့်အရည်အချင်း အကြောင်းကို အရှိကို အရှိအတိုင်း စကား ပလ္လင်ခံတဲ့ နေရာမှာ Here goes nothing ဆိုပြီး ကိုယ့်ကိုယ်ကို နှိမ်ချပြီးတော့ ပြောလေ့ရှိပါတယ်။ ဆိုလိုတာကတော့ မောင်ရင်တို့ရေ သိပ်ပြီး အထင်မကြီးကြလေနဲ့ ကျွန်တော်ကတော့ သိပ်မဟန်လှဘူးဆိုတဲ့ သဘောမျိုးပါ။
သူ သိပ်မကျွမ်းကျင်ဘူးလို့ ဆိုရမယ့် စင်မြင့်ပေါ်တက်ပြီး မိန့်ခွန်း ပြောရမယ့် အလုပ်ကို လုပ်ရတော့မှာမို့ သူ အိုးနင်းခွက်နင်း ဖြစ်နိုင်မယ့် အခြေအနေမျိုးအတွက် သူ့ သူငယ်ချင်းတွေကို ကြိုပြီး စကားပလ္လင်ခံထားတဲ့ George Crows ပေးထားတဲ့ ဥပမာ တခုကို လေ့လာကြည့်ရအောင်ပါ။
“Well, Jack, here goes nothing. Right now, I wish I spent a lot more time preparing. It’s a tough audience I hear. Right now I’d rather be anywhere else. Even at the dentist.”
“Jack ရေ သိပ်တော့ ဟန်မယ်မထင်ပါဘူး။ အခုအချိန်မှာတော့ အချိန်ပေးပြီး ကြိုတင်ပြင်ဆင်ခဲ့မိရင် ကောင်းသားလို့ တမ်းတမိတယ်။ ပရိတ်သတ်ကလည်း မခေလှဘူးလို့ ကြားတာပဲ။ ဒီအချိန်မှာတော့ ဒီနေရာက လွဲလို့ ဘယ်နေရာ ရောက်ရောက် ရောက်ပါစေ။ ကုန်ကုန် ပြောရရင် သွားဆရာဝန်ဆီ ကိုတောင် သွားလိုက်ချင်သေးတယ်။”
သောတရှင်များကို Nothing ပတ်သက်လို့ နောက်ဆုံး တင်ပြပေးမယ့် အီဒီယမ်း အသုံးကတော့ Nothing doing ဖြစ်ပါတယ်။ Nothing က ဘာမှ မဟုတ်တာ၊ Doing က လုပ်နေတယ် ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက် အဓိပ္ဗါယ်ကတော့ ဘာမှ လုပ်လို့ မရတဲ့ သဘော ဖြစ်ပါတယ်။ အီဒီယံ သဘောမှာတော့ တယောက်ယောက်ဆီက မေတ္တာရပ်ခံမှုကို လှစ်ခနဲအပြောနဲ့ ပယ်ချလိုက်တဲ့ အဓိပ္ဗါယ်ဆောင်ပါတယ်။ ပိုပြီးလေးနက်အောင် ပြောချင်ရင်တော့ အခုလို ပြောလို့ ရပါတယ်။
“No, I won’t do it and I mean it”.
“မလုပ်ဘူးဗျာ။ ကျုုပ် တကယ် မလုပ်ဘူး။ တကယ့်ကို ယုံယုံကြည်ကြည့်နဲ့ ပြောတာ” ဆိုပြီး ငြင်းလိုက်တာမျိုးလဲ ရှိပါတယ်။
အခု ပေးမယ့် ဥပမာမှာ သူ့ရဲ့ ဆယ်ကျော်သက် သားလေးက နောက်မိန်းကလေး တဦးကို အထင်ကြီးရလေအောင် သူ့အဖေဆီက ကားယူသုံးခွင့်ပြုပါလို့ မေတ္တာရပ်ခံတာကို အဖေက ငြင်းပယ်တဲ့ ဥပမာ ဖြစ်ပါတယ်။ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
“I tell you nothing doing. I just paid nine hundred dollars to fix my car after that accident you got into last week. Didn’t I tell you you can’t drive my car again until you learn to be a safe driver”.
“သားကို ပြောမယ် မင်းအခုလာတောင်းတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ။ ပြီးခဲ့တဲ့ သတင်းပတ်ကပဲ သားယူသုံးလို့ ကားတိုက်မှု ဖြစ်တာမှာ ဒေါ်လာငွေ ကိုးရာ ကုန်ခံပြီးတော့ ပြင်ပြီးခါစပဲ ရှိသေးတယ်။ စိတ်ချလက်ချ ရှိရှိနဲ့ သား အမောင်း မတတ်မခြင်း သား မမောင်းရဘူးလို့ အဖေပြောခဲ့တယ် မဟုတ်လား။”
တိုတိုတောင်းတောင်းနဲ့ ငြင်းဖို့အတွက် ဆိုရင် No way! ၊ ဒါမှမဟုတ် Forget it လို့လည်း ပြောလို့ ရပါတယ်။ No way က ဘယ်လိုမှ မဖြစ်နိုင်ဘူး လို့ အဓိပ္ပါယ် ရပါတယ်။ Forget it ကတော့ ရမယ်လို့တော့ စိတ်ကူးထဲတောင် မထည့်လိုက်နဲ့ ဆိုတဲ့ အဓိပ္ပါယ်ပါ။
စောစောက ပြောပြခဲ့တဲ့ No, I won’t do it လိုမျိုး၊ အခုပြောတဲ့ No way နဲ့ Forget it တို့လို သုံးမျိုးစလို သုံးမယ်ဆိုရင် ယဉ်ကျေးတဲ့ အသုံးများ မဟုတ်တာကြောင့် အခြေအနေနဲ့ လိုက်ဖက်တဲ့ အခါကြမှသာ သုံးပါလို့ အကြံပေးချင်ပါတယ်။