ကမ္ဘောဒီးယားက သက်ဆင်ကို အကြံပေးခန့်လို့ ၂ နိုင်ငံ သံအမတ်တွေ ပြန်ခေါ်လိုက်ပြီ

မနေ့က ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) က ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို သူ့ရဲ့ စီးပွားရေး အကြံပေးအဖြစ် ခန့်အပ်ကြောင်း တရားဝင် အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ ထိုင်းအစိုးရက သူတို့ရဲ့ ကမ္ဘောဒီးယားဆိုင်ရာ သံအမတ်ကြီးကို ဌာနေပြန်ခေါ်ကြောင်း ကြေညာခဲ့ပါတယ်။

ဒီ့နောက် ချက်ချင်းဆိုသလိုပဲ ကမ္ဘောဒီးယား အစိုးရကလည်း သူတို့ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးကို ဌာနေပြန်လာဖို့ ဆင့်ခေါ်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်အတွင်းမှာ လက်ကိုင်ဖုန်း လုပ်ငန်းရှင် သူဌေးကြီးလည်းဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းစစ်တပ်က သွေးမြေမကျဘဲ စစ်အာဏာသိမ်းပြီး ရာထူးကနေ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ မစ္စတာသက်ဆင်ဟာ အဂတိ လိုက်စားတဲ့ စွဲချက်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်း ခံထားရပေမဲ့ ပြည်ပမှာ ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။ သူ့အပေါ် စွဲချက်တင်တာတွေဟာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါနေတယ်လို့ မစ္စတာသက်ဆင်က ပြောနေပါတယ်။

အရင်လကလည်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က မစ္စတာသက်ဆင်ကို သူ့နိုင်ငံမှာ လာရောက်ခိုလှုံဖို့ ကမ်းလှမ်းခဲ့တာကြောင့် အာဏာရ ထိုင်းအစိုးရကို ဒေါသထွက်စေခဲ့တာ ဖြစ်ပါတယ်။