ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သီရိလင်္ကာ ခရီးစဉ် ထွက်မည်

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သီရိလင်္ကာနိုင်ငံ ကိုလံဘို (Colombo) မြို့တော်ကို တရားဝင် ခရီးစဉ်နဲ့ မကြာခင်မှာ သွားရောက်ဖို့ ရှိတယ်လို့ ဒီနေ့ထုတ် စစ်အစိုးရ သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဘယ်နေ့သွားမယ်ဆိုတဲ့ ရက်အတိအကျ မသိရသေးပေမဲ့ သီရိလင်္ကာက လာတဲ့ သတင်းတွေအရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့ဟာ သီရိလင်္ကာနိုင်ငံမှာ ၃ ရက်လောက် နေထိုင်မယ်လို့ ဖော်ပြပါတယ်။

မြန်မာနဲ့ သီရိလင်္ကာ သံတမန် ဆက်ဆံရေး စတင်တဲ့ အနှစ် ၆၀ ပြည့် အထိမ်းအမှတ်နဲ့ သီရိလင်္ကာသမ္မတ မဟင်ဒါ ရာဂျာပခ်ဆာ (Mahinda Rajapaksa) မြန်မာနိုင်ငံကို ဇွန်လမှာ လာရောက်ခဲ့ပြီးနောက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သီရိလင်္ကာကို သွားရောက်မှာ ဖြစ်ပါတယ်။

ဗုဒ္ဓစွယ်တော် ကိန်းဝပ်စံပယ်နေတဲ့ သီရိလင်္ကာနိုင်ငံ အလယ်ပိုင်း ကန်ဒီ (Kandy) မြို့က စေတီတဆူဆီကိုလည်း သွားရောက်ဖူးမြော်မှာ ဖြစ်တယ်လို့ သီရိလင်္ကာ သတင်းရပ်ကွက်တွေက ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ နိုင်ငံခြား တိုင်းပြည်တွေဆီ သွားရောက်လည်ပတ်တာ နည်းပါးတဲ့ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။