အမေရိကန် စစ်ပြန်များကို သမ္မတ အိုဘားမား ဂုဏ်ပြု

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ သူ့ရဲ့ သမ္မတ သက်တမ်းအတွင်း ပထမဦးဆုံးအကြိမ် အဖြစ် ဝါရှင်တန်ဒီစီ မြို့တော်နားက အာလင်တန် အမျိုးသား စစ်သချုႋင်းမှာ ကျင်းပတဲ့ စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ဒီအခမ်းအနားဟာ ကျဆုံးသွားတဲ့ အမေရိကန် စစ်သည်တွေအတွက် အစဉ်အလာမပျက် လွမ်းသူ့ပန်းခွေ ချခြင်းနဲ့အတူ လက်ရှိ တာဝန်ထမ်းဆောင်နေကြတဲ့ အမေရိကန် တပ်မတော်အတွင်းက စစ်သည်တော် အမျိုးသား၊ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ပွဲလည်း ဖြစ်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ အခမ်းအနားမှာ သမ္မတ အိုဘားမားက အမေရိကန် တပ်မတော်အတွင်းမှာ စစ်မှုထမ်းခဲ့ကြ၊ ထမ်းနေဆဲ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံမှုတွေကို ထိုက်ထိုက်တန်တန် ချီးကျူးဖော်ပြစရာ စကားရယ်လို့တောင် မရှိပါဘူးလို့ ထည့်သွင်း ပြောကြားသွားပါတယ်။

၁၁ လ၊ ၁၁ ရက်၊ ၁၁ နာရီမှာ ၁၉၁၈ ခုနှစ်က ပထမကမ္ဘာစစ်ပွဲကြီးကို အဆုံးသတ်စေမယ့် အပစ်ရပ် သဘောတူညီချက်တွေ ထွက်ပေါ်လာခဲ့တဲ့နေ့ ကျရောက်တဲ့ အမေရိကန်ရဲ့ စစ်ပြန် စစ်မှုထမ်းဟောင်းနေ့ကတော့ အဲဒီသဘောတူညီချက်ရဲ့ ၉၁ နှစ်မြောက်နေ့ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု တလွှားနဲ့ ကမ္ဘာတဝန်းလုံးမှာ အဲဒီနေ့ အခမ်းအနားတွေကို ကျင်းပနေကြတာလည်း ဖြစ်ပါတယ်။