ရေကာတာတည်ဆောက်ခြင်း နဲ့ တိုင်းပြည်အကျိုးစီးပွား

မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံဒေသမှာ မြစ်တွေကို ပိတ်စို့ပြီး ရေကာတာတွေ တည်ဆောက်တဲ့ကိစ္စဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လုပ်ပါတယ်ဆိုပေမဲ့ မလိုလားအပ်တဲ့ ဆိုးပြစ်တွေ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကို ပညာရှင်တွေရဲ့ အကြံပေးတင်ပြချက်ကို နားမထောင်ဘဲ အာဏာစက်နဲ့ တဖက်သတ် အကောင်အထည်ဖော်ဆောင် လုပ်မယ်ဆိုရင်တော့ ဒေသခံတိုင်းရင်းသားတွေနဲ့ ဗဟိုအစိုးရတွေကြား နားလည်းမှုတွေ ပိုမိုလွဲမှားလာနိုင်သလို တိုင်းပြည်အနာဂတ်အတွက်လည်း အကျိုးမရှိနိုင်ကြောင်း။ ရေကာတာများတည်ဆောက်မှု နဲ့ သဘာဝပတ်ဝန်ကျင်ဆိုင်ရာအရေး ပိုမိုသိရှိနိုင်ဖို့ ပညာရှင် ဦးညိုမောင် နဲ့ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ တာဝန်ခံ ကိုနော်လာ တို့ကို ဦးကျော်ဇံသာ (ဗွီအိုအေ) က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုနော်လာ တို့ လုပ်ငန်းရဲ့ အဓိကဆောင်ရွက်နေတာ ဘယ်လိုလုပ်ငန်းတွေကို ဆောင်ရွက်ပါသလဲ။

ကိုနော်လာ ။ ။ ကျနော်တို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက် (Kachin Development Networking Group (KDNG)) အနေနဲ့ ကချင်ပြည်နယ်မှာ အခု တရုတ် China Power Investment Cooperation နဲ့ နအဖ တို့က ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကို မေခ နဲ့ မလိခ မြစ်ပေါ်တွေမှာ ရေကာတာကြီး (၇) ခု တည်ဆောက်ဖို့ လုပ်ဆောင်နေတယ်။ ဒီ ရေကာတာတွေကြောင့် ဒေသခံ ပြည်သူတွေ ဘဝ၊ အသက်မွေးဝမ်းကြောင်း၊ သဘာ၀ ပတ်ဝန်ကျင် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာတယ်။ ဒီအတွက် ကျနော်တို့က ဒီလုပ်ဆောင်မှုကို ကန့်ကွက်နေခြင်း ဖြစ်ပါတယ်။ အဲဒါ ကျနော်တို့ရဲ့ အဓိကလုပ်ငန်းစဉ် ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးညိုမောင် ကရော ဘယ်လိုမြင်ပါသလဲ။ ဒီမြစ်ဆုံမှာ ရေကာတာတွေ တည်ဆောက်မယ်ဆိုတာ သဘာ၀ ပတ်ဝန်ကျင်ကို ဘယ်လောက်ထိခိုက်မှု ရှိတယ်လို မြင်ပါသလဲ။

ဦးညိုမောင် ။ ။ ကျနော်တို့ ဒီ သဘာ၀ ပတ်ဝန်ကျင်ထိခိုက်မှုကို အကဲခတ် လေ့လာကြည့်ခြင်း Environmental Impact Assessment (EIA) လုပ်ပြီးတော့မှ ပြောလို့ရမှာပါ။ မလုပ်သေးဘဲနဲ့ ဒီအတိုင်း ရမ်းပြီးတော့ မှန်းပြောလိုကတော့ တော်တော်ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် EIA မှာ နှစ်ပိုင်း လုပ်ရပါတယ်။ တပိုင်းကတော့ BIA လို့ခေါ်တဲ့ Biodiversity Impact Assessment အပင်နဲ့တိရစ္ဆာန်တွေ ဘယ်လိုထိခိုက်ပျက်ဆီးသလဲ ဆိုတာကို ခန့်မှန်းလေ့လာခြင်း။ နောက်တခုက Social Impact Assessment ခေါ်တဲ့ လူမှုပတ်ဝန်ကျင် ထိခိုက်လေ့လာမှုကို ခန့်မှန်းခြင်း ဆိုတာကို လုပ်မှ လုပ်ပြီးမှ ဘယ်လို ထိခိုက်တယ်ဆိုတာကို ပြောလို့ရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ အခု မြစ်ဆုံမှာ ရေကာတာတွေ လုပ်မယ်ဆိုတာကို ဒီဟာတွေကို assessment တွေ လေ့လာသုံးသပ်ချက်တွေ မလုပ်ဘဲနဲ့ တည်ဆောက်မယ်သူတွေက တည်ဆောက်ဖို့ လုပ်နေကြတာလား။ တရုတ်အစိုးရ မြန်မာအစိုးရတို့က။

ဦးညိုမောင် ။ ။ အဲဒီလိုတော့ မဟုတ်ပါဘူးခင်များ။ သူတို့ ဒီမှာတော့ EIA တစိတ်တပိုင်း လုပ်ပြီးပါပြီ။ လုပ်ဆဲလို့ ကျနော်တို့ သိရပါတယ်။ လေ့လာတဲ့အဖွဲ့ကနေ report တင်ရမှာပါ။ အဲဒီလို တင်ပြီးမှ အဲဒီ report ပေါ် မူတည်ပြီးတော့ ဒီမှာ လုပ်သင့်မလုပ်သင့် အဖြေကို ရမှာဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာတို့ ဘက်ကရော ဆရာတို့အပါအဝင်။

ဦးညိုမောင် ။ ။ ဟုတ်ကဲ့။

ဦးကျော်ဇံသာ ။ ။ ကိုနော်လာတို့ဘက်ကရော အခု ကန့်ကွက်တဲ့နေရာမှာ ဆရာဦးညိုမောင် ပြောတဲ့ အချက်အလက်တွေကို စူးစမ်းလေ့လာမှုတွေ ရှိပါသလား။

ကိုနော်လာ ။ ။ ကျနော်တို့ဘက်ကတော့ Damming the Irrawaddy Report ကို ၂၀၀၈ ခုနှစ်မှာ ထုတ်လိုက်တယ်။ အဲဒီက ကျနော်တို့ လေ့လာတွေ့ရှိချက်အရဆိုလိုရှိရင် အခုန ဆရာပြောသွားသလို social impact assessment လို့ ပြောရမှာပေါ့၊ ကျနော်တို့ကတော့ သိပ္ပံနည်းကျတော့ မလုပ်နိုင်ဘူး။ အသေးစိတ်တော့ မလုပ်နိုင်ဘူး။ ဒါပေမဲ့ လေ့လာသုံးသပ်ချက် ကျနော်တို့ တွေ့ရှိချက်အရ ဒီ ရေကာတာ မြစ်ဆုံရေကာတာကြောင့် ကျေးရွာပေါင်း (၄၀) ကျော် လုံးဝကို ရွှေ့ပြောင်းရမယ့် အနေအထား၊ လူပေါင်း ၁၀,၀၀၀ ရွှေ့ပြောင်းရမယ်၊ အိုးအိမ်တွေ စွန့်ခွါရမယ်၊ အိုးအိမ်ခြံမြေတွေ ဆုံးရှုံးရမယ်။ ဒါ ရေလွှမ်းမိုးမယ့် နေရာတွေ။ ဒါတွေက ကျနော်တို့ လေ့လာတွေ့ရှိချက်အရ သိရှိရတာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီ လူတွေကို ပိုပြီးကောင်းတဲ့နေရာတွေကို ပို့လို့ မဖြစ်နိုင်ဘူးလား။ တဖက်က ကျနော်စဉ်းစားတာက တကယ်လို့ ဒီဒေသမှာ ဖွံ့ဖြိုးရေးလုပ်ငန်းကို လုပ်လိုက်တဲ့အတွက် လူမှုထိခိုက်ရတဲ့ကိစ္စကို အစားထိုးပေးလို့ compensate လုပ်လို့ မရနိုင်ဘူးလား။

ကိုနော်လာ ။ ။ ကျနော်တို့ရဲ့ ခံယူချက်၊ အမြင်က compensation လုပ်လို့တော့ ရပါတယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာ compensation ဟာ အလုပ်မဖြစ်ဘူး။ အလုပ်မဖြစ်ဘူးဆိုတာ လူတယောက်ကို ~ သူရဲ့ မိသားစု၊ အိုးအိမ်၊ ခြံမြေ ဆိုတာတွေက ဟို မျိုးရိုးဆင်ဆက်ကနေ လုပ်ကိုင်စားသောက်လာကြတာ။ ဥပမာ လယ်သမားတွေဆိုရင် လယ်မလုပ်ဘဲနဲ့ တခြားနေရာမှာ လုပ်စားလို့ မရဘူး။ မြို့တွေမှာ လုပ်စားလို့ မရဘူး။ အခု နိုင်ငံတော်တော်များများမှာ ရေကာတာတွေကြောင့် ရွှေ့ပြောင်းရတဲ့ migrant workers တွေ ဖြစ်လာခဲ့တယ်။ migrant workers ဖြစ်လာတော့ လူတွေက အသက်မွေးကြောင်းလုပ်လာတယ်။ ဥပမာ အမျိုးသမီးတွေဆိုရင် ပိုပြီးထိခိုက် ဆုံးရှုံးမှုတွေ ရှိတယ်။ အမျိုးသမီးတွေက နဂို လုပ်ကိုင်စားသောက်ကြတဲ့ မိရိုးဖလာ လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းတွေ ဆုံးရှုံးစွန့်လွှတ်ပြီး မြို့တွေမှာ ရရာအလုပ်ကို လိုက်ရှာလုပ်ရာက မလိုအပ်တဲ့ လူကုန်ကူးမှုတွေ ဖြစ်လာတယ်။ အမျိုးမျိုး ခက်ခဲတဲ့ ဘ၀ ရင်ဆိုင်မှုတွေ ရှိလာတယ် အနေအထားတွေ ကျနော်တို့ တွေ့ရှိရတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ compensate လုပ်ရာမှာနောက် လောလောဆယ် ခံနေရမယ့် လူမှုဒုက္ခတွေက အများကြီးဆိုတဲ့ သဘောပေါ့။

ကိုနော်လာ ။ ။ ဟုတ်ကဲ့ပါ။ တချို့နိုင်ငံတွေမှာတော့ compensate တွေ ပေးကြတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က ကြည့်ရင်တော့ မြန်မာနိုင်ငံအနေအထားမှာ compensate ဆိုတာလည်း တော်တော်ကို မဖြစ်နိုင်တဲ့ အနေအထား တွေ့ရှိရတယ်။ အခု လောလောလတ်လတ် ဖြစ်နေတဲ့ အဖြစ်အပျက်တွေက သူတို့က အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းတယ်၊ ဘာမှ တိတိကျကျလည်း မပြောဘူး၊ လယ်မြေတွေကိုလည်း ကောင်းကောင်းမွန်မွန် တိုင်းတာခြင်းလည်း မရှိဘူး။ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းတယ်။ အမျိုးမျိုး အဲဒီလို ပြီးစလွယ်လုပ်တဲ့ သဘောမျိုး အနေအထားတွေ တွေ့နေရတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးညိုမောင် ကိုနော်လားကတော့ လူမှုအသိုင်းအဝိုင်း လူမှုဝန်ကျင် ထိခိုက်မှုကို ပြောတယ်။ သဘာဝပတ်ဝန်ကျင် ထိခိုက်မှု၊ ဧရာဝတီမြစ်ဆုံ သုတေသနရလဒ် ပြတ်ပြတ်သားသား မပေါ်ထွက်ဘူးဆိုပေမဲ့ ယေဘုယျအားဖြင့် မြစ်တွေကို ပိတ်ပြီးတော့ ရေကာတာတွေ တည်ဆောက်တဲ့အခါ BIA ဘက်က ပျက်စီးမှု သဘာဝပတ်ဝန်ကျင်ကို ပျက်စီးမှုက ဘယ်လောက်အတိုင်းအတာထိ ရှိပါသလဲ။

ဦးညိုမောင် ။ ။ ဟုတ်ကဲ့ ကျနော်တို့ ဒီမှာ အခုနပြောတဲ့ social impact assessment ကတော့ မလုပ်ရသေးဘူး။ ဒါပေမဲ့ အဲဒါက လုပ်မယ်လို့ သိထားပါတယ်။ အဲဒါကို လုပ်တဲ့အခါ သိပ္ပံနည်းကျ လုပ်ပြီး အခုနပြောတဲ့ compensation နဲ့ mitigation တို့ကို ဘယ်လို measure လုပ်မယ်ဆိုတာတွေကို မဖြစ်မနေ လုပ်ရပါမယ်။ အဲဒီအခါကြတော့ အဲဒီမှာ ကျနော်တို့က သူတို့နားလည်းသလောက် social impact ကို လုပ်မယ်ဆိုရင် လူထုကို အသိပေးရပါမယ်။ နောက်ပြီး လူထုနဲ့ ပတ်သက်တဲ့အဖွဲ့အစည်းတွေ social ပိုင်းက ကျနော်တို့ အဖွဲ့အစည်းတွေ ရှိပါတယ်။ ဒီ အဖွဲ့အစည်းတွေကို လုပ်မယ့်အဖွဲ့အစည်းက stakeholder အနေနဲ့ အားလုံးနဲ့ တိုင်ပင်ပြီး သူတို့ရှိက အကြံဉာဏ်များ ရယူပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ ဒါကတပိုင်းပါ။ ကျနော်တို့ BIA လို့ခေါ်တဲ့ Biodiversity Impact Assessment ကတော့ ကျနော်တို့ အခု သိထားသလောက်ဆိုလိုရှိရင် ကျနော်တို့က သဘာ၀ ပတ်ဝန်ကျင်အနေနဲ့ အပင်တွေ၊ သတ္တဝါတွေကို ရေလွှမ်းဧရိယာထဲမှာ ထိခိုက်မှုကို လေ့လာတဲ့အခါမှာ ရေလွှမ်းဧရိယာကလည်း ကမ္ဘာ့ဘဏ်ရဲ့ အဆိုပြုချက်အရ ထွက်မဲ့ megawatt နဲ့ ရေလွှမ်းသွားမယ့် ဧရိယာကို စားလို့ရှိရင် ရရှိမယ့် အချိုးက သေးလို့ရှိရင် ဒါ feasible ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလိုဆိုထားတဲ့အတွက် ကျနော်တို့က ဒီမှာတွက်ကြည့်လိုက်တဲ့အခါ ရေလွှမ်းဧရိယာ နည်းတဲ့အတွက် ထိခိုက်မှုကို နည်းပါးလိမ့်မယ်။ သို့သော် အဲဒီ ထိခိုက်မှု မရှိဘူးဆိုပေမယ့် social impact အနေနဲ့ ဒီနေရာဟာ ကချင်ပြည်နယ် ကချင်တွေရဲ့ heartland ဖြစ်တယ်။ နောက်ပြီးတော့ cultural heritage ဖြစ်တဲ့အတွက် ဒီမှာ အဲဒီအရာက တန်းဖိုးဖြတ်လို့မရတဲ့ ဆုံးရှုံးမှု ဖြစ်နိုင်တယ်လို့ နားလည်းရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ အခုလုပ်မယ့်လို့ သတင်းတွေက အတော်ထွက်နေပြီ။ အဲဒီတော့ တရုတ်အစိုးရ နဲ့ မြန်မာနိုင်ငံအစိုးရ အစိုးရနှစ်ရပ် သဘောတူညီမှုထဲမှာ ဒီလောက်လေးလေးနက်နက် စဉ်းစားမလား။ ဆရာတို့က NGO တွေ၊ ပညာရှင်တွေအနေနဲ့ စဉ်းစားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဆိုတော့ အာဏာပိုင်တွေဘက်က ဘယ်လို စဉ်းစားလိမ့်မယ် ထင်ပါသလဲ။

ဦးညိုမောင် ။ ။ ကျနော် နားလည်းထားတာကတော့ အခု Biodiversity Impact Assessment ကို ကျနော်တို့ လုပ်ပြီးတဲ့အခါ ကျနော်တို့ report ကို ညှိနှိုင်းနေတုန်း ရှိပါသေးတယ်။ ဒါပြီးလို့ရှိရင် ကျနော်တို့ SIA လို့ခေါ်တဲ့ Social Impact Assessment ကို ဆက်လုပ်မယ်လို့ ကျနော်တော့ နားလည်းထားပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ရော နောက်ပြီးတော့ ဆည်တည်ဆောက်မယ့် တရုတ် ကုမ္မဏီ တို့က SIA ကို လုပ်မယ်လို့ ကျနော် နားလည်းထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ လေ့လာမှုကတော့ လုပ်မယ်။ လေ့လာမှုက ကန့်ကွက်တဲ့ အချက်အလက်တွေ မလိုအပ်ဘူးလို့ဆိုတာ ပေါ်ထွက်လာတယ်။ အခုဘဲ လူမှုရေးအားဖြင့် တန်းဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်မယ်ဆိုတာတွေကို ပညာရှင်တွေက ပြောနေပြီ။ ဆိုတော့ ကိုနော်လာ ဘယ်လိုထင်ပါသလဲ။ တရုတ်အာဏာပိုင်တွေ၊ မြန်မာအာဏာပိုင်တွေက ဒီလေ့လာချက်တွေ ရလဒ်တွေကို အလေးထား စဉ်းစားမယ့် အလားအလာရှိပါသလား။

ကိုနော်လာ ။ ။ ကျနော်တို့ အခုပြောနေတဲ့ environmentalist တွေရော၊ သုတေသနလုပ်ထားတဲ့ ပညာရှင်တွေ အများကြီး ပြောဆိုနေကြတယ်။ ဒါပေမဲ့ လက်တွေ့မှာ ကျနော်ကတော့ နအဖ နဲ့ တရုတ် အစိုးရတို့က လုံးဝနားထောင်တဲ့ အနေအထားမှာ မတွေ့ရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နေ့တဓု၀ လုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို တွေ့နေရပြီ။ ဥပမာ တဖက်မှာတော့ social impact assessment တွေ လုပ်ခိုင်းနေပါတယ်၊ ဒီလိုမျိုးတွေ ပြောနေပေမဲ့ လက်တွေ့မှာက လုပ်ဖို့ကျနေတဲ့ပုံစံ ရှိနေတယ်။ အခုဆိုရင် ဒီနှစ်မကုန်ခင် နောက်နှစ် တရုတ်အလုပ်သမား နှစ်သောင်း၊ သုံးသောင်း လောက် လာတော့မယ်လို့ ကျနော်တို့ ကြားနေရတယ်။ တကယ့်လုပ်လာမယ် အနေအထားတွေ ကျနော်တို့ ကြားနေရတယ်။ ဒီမြစ်ဆုံရေကာတာ မဟုတ်ဘူး ပြည်ဖွင့်ရေကာတာ က construction တွေ ကျနေတဲ့ အနေအထား တွေ့နေရတယ်။ ဒါ လက်တွေ့မှာ ဖြစ်နေတဲ့အရာတွေပေါ့။

ဦးကျော်ဇံသာ ။ ။ ဆရာဦးညိုမောင် ကို တခုမေးချင်တာက ဆရာတို့ တရုတ်နိုင်ငံကို သွားပြီးတော့ ဆရာတို့ အဖွဲ့က ဆွေးနွေးတင်ပြတယ်လို့ ကြားပါတယ်။ သိချင်တာက တရုတ်ပညာရှင်တွေက ထိထိရောက်ရောက် တင်ပြပြီးတော့ အစိုးရကို ပြောနိုင်မယ့်၊ ကန့်ကွက်နိုင်မယ့်၊ ထောက်ပြနိုင်မယ့် အနေအထားရှိတယ်လို့ ထင်သလား။

ဦးညိုမောင် ။ ။ ကျနော်တော့ တရုတ်မှာလည်း Chinese EIA ဆိုတာရှိပါတယ်။ သူတို့တရုတ်မှာ environmental impact assessment law ရှိပါတယ်။ အဲဒီ law နဲ့ သူတို့လည်း ပြောလို့ရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ သူတို့က ၂၀၀၃ ခုနှစ်က ပြဌာန်းပြီးတော့ အတည်ပြုထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြောတော့ပြောလိမ့်မယ်။ ဒါပေမဲ့ ပြောလို့ရမရဆိုတာ ကိုနော်လာ ပြောအရ ဆောက်တောင်ဆောက်နေပြီပေါ့။

ကိုနော်လာ ။ ။ ဟုတ်ကဲ့ ဆောက်တောင်ဆောက်နေပြီ။ စနေပြီ လုပ်ငန်းစနေပြီ။

ဦးညိုမောင် ။ ။ ကျနော်တို့ကတော့ ပညာရှင်အပိုင်းအနေနဲ့ တွေ့ရှိချက်ကို အမှန်အကန် တင်ပြရမှာပါ။ မတွေ့ဘဲနဲ့ တွေ့တယ်မလုပ်ပါဘူး။ ဒါ သိပ္ပံနည်းကျ အတိအကျ လေ့လာပြီးတော့ ကျနော်တို့ တင်ပြပါမယ်။