ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သီရိလင်္ကာနိုင်ငံ ခရီးစဉ် အတိုက်အခံ ကန့်ကွက်

သီရိလင်္ကာနိုင်ငံကို ချစ်ကြည်ရေးခရီး ထွက်ခဲ့တဲ့ မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ကိုလံဘိုမြို့တော်ကို ရောက်ရှိလာတဲ့ နိုဝင်ဘာ ၁၂ ရက်နေ့မှာပဲ သီရိလင်္ကာနိုင်ငံရဲ့ အတိုက်အခံ SLFP M ပါတီရဲ့ ခေါင်းဆောင် မန်ဂလာ ဆာမာရာ ဝေရာက သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အစိုးရဧည့်သည်အဖြစ် ဖိတ်ကြားတဲ့ အာဏာရ UPFA ညွန့်ပေါင်းအစိုးရ ခေါင်းဆောင် သမ္မတ မဟင်ဒါ ရာဂျာပက်ခ်ဆာ (Mahinda Rajapaksa) ကို ဝေဖန်ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဒီမိုကရေစီကို ဆန့်ကျင်တဲ့ အရက်စက်ဆုံး နိုင်ငံခေါင်းဆောင်တဦး ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၀၇ ခုနှစ်က ငြိမ်းချမ်းစွာ မေတ္တာပို့ ကြွချီကြတဲ့ ဗုဒ္ဓသားတော် ရဟန်းသံဃာတော်တွေကို သွေးအေးအေးနဲ့ သတ်ဖြတ်ခဲ့သူလည်း ဖြစ်တာကြောင့် ဒီလို ဗုဒ္ဓရဲ့ စွယ်တော်မြတ်ကို မဖူးမြော်ထိုက်သူ တဦးအတွက် အစိုးရ အစီအစဉ်တွေနဲ့ စွယ်တော်ကို ဖူးမြော်ဖို့ လုပ်ဆောင်နေတာဟာ ကမ္ဘာကြီးက ကြည့်လို့ မြင်လို့ မသင့်လျော်ဘူးလို့လည်း သီရိလင်္ကာနိုင်ငံ အတိုက်အခံခေါင်းဆောင် မန်ဂလာ ဆာမာရာ ဝေရာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီလိုဖြစ်ရတာနဲ့ ပတ်သက်ပြီး လန်ဒန်မြို့မှာ နေထိုင်တဲ့ ဝါရင့် မြန်မာသံတမန်ဟောင်း ဦးခင်မောင်ကြည်ရဲ့ အတွေ့အကြုံကို ကိုရော်နီညိမ်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အန်ကယ် ဦးခင်မောင်ကြည်တို့ရဲ့ သံတမန် အတွေ့အကြုံအရ အခုလိုမျိုး နိုင်ငံတနိုင်ငံကို သွားရောက်တဲ့ မြန်မာနိုင်ငံက ခေါင်းဆောင်တယောက်ဟာ အဲဒီလိုမျိုး ဒီမိုကရေစီ နိုင်ငံတခုမှာရှိတဲ့ တခြားသော အတိုက်အခံ ပါတီတွေက မလိုလားတဲ့ ဖြစ်ရပ်မျိုးနဲ့ အန်ကယ်တို့ ကြုံခဲ့ဖူးပါသလား။

“ဦးနေဝင်းကို ကျနော်တို့ ကြိုဖူးတဲ့ ၁၉၇၄ ခုနှစ်က ကျနော် ဘန်ကောက်မှာ သံတမန်ဘဝနဲ့ ရှိစဉ်တုန်းက၊ အဲဒီတုန်းက ဦးနေဝင်းက ရတနာနတ်မယ်ကို ပစ်ပယ်ပြီး ဒေါ်နီနီမြင့်ကို ယူကာစ၊ သူ နိုင်ငံခြားကို ထွက်လာတယ်။ အဲဒီတုန်းကလည်း ယိုးဒယားမှာ သူ့ကို မကြိုက်တဲ့ အပိုင်းတွေက ဝေဖန်ကြတာတွေ ရှိတယ်။ ဦးနေဝင်းကို ဘာလို့ဖိတ်ရမလဲ၊ ဒါမျိုးတွေကတော့ သတင်းစာ လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတွေမှာ တယောက်နဲ့တယောက် ဝေဖန်တာ၊ ပြစ်တင်တာတွေက ရှိတတ်ပါတယ်။

“ကျနော်တို့ အခု ပြန်ဆန်းစစ်ရင် သီရိလင်္ကာနိုင်ငံကလည်း အကြမ်းဖက်ပြီး သူတို့ လူမျိုးစုတွေကို နှိမ်တိုက်တာ၊ သူတို့တိုင်းပြည်ထဲက လူမျိုးကို။ ဗမာပြည်ကလည်း အဲဒီလို ကိုယ့်လူမျိုးကို ကိုယ် နှိမ်နေတဲ့နိုင်ငံ၊ သတ်နေတဲ့ နိုင်ငံ။ အဲတော့ သူတို့နှစ်ယောက်က အသွေးတူ၊ အရောင်တူ၊ အဆင်းတူဆိုတော့ တယောက် တယောက်ကို ဖိတ်ကြားတာ။

“ဖိတ်ကြားတဲ့အထဲမှာ သီရိလင်္ကာနိုင်ငံထဲမှာ ယဉ်ကျေးတဲ့ အဖွဲ့အစည်းရှိတယ်။ အတိုက်အခံ၊ ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့အစည်းရှိတယ်၊ တကယ့် liberal ဖြစ်တဲ့လူတွေ ရှိတယ်။ အဲဒီလူတွေက ကန့်ကွက်တာတို့ ဘာတို့ဆိုတာ တိုင်းပြည်တပြည်မှာတော့ ကောင်းတဲ့သူရှိတယ်၊ မကောင်းတဲ့သူ ရှိတယ်။ ဒါ ကောင်းတဲ့အုပ်စုကသာ ကန့်ကွက်တာ။ ဒါမျိုးတွေကတော့ ဖြစ်သင့်ပါတယ်။ ဖြစ်လည်း ဖြစ်ထိုက်တယ်။”

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကိုလံဘိုမှာလည်း လေဆိပ်မှာပဲ နေပြီးတော့ ဗုဒ္ဓစွယ်တော်ရှိတဲ့ ကန္ဒီမြို့ကို တိုက်ရိုက်သွားတယ်။ သူ ဝမ်းဗိုက်နဲ့ပတ်သက်တဲ့ ဝေဒနာတခု ခံစားနေရတဲ့အတွက် အစိုးရ အိမ်တော်မှာပဲ လဲလျောင်းနေရတယ်ဆိုတာ သတင်းစာထဲမှာ ရေးထားတယ်။ အန်ကယ် ဦးခင်မောင်ကြည်တို့ရဲ့ အတွေ့အကြုံအရ အဲဒီလိုမျိုး နိုင်ငံခေါင်းဆောင်တယောက် ခရီးသွားရင်းနဲ့ ဒီလိုမျိုး ကြုံတဲ့အခါ ဘယ်လိုဖြစ်တတ်ပါသလဲ။ ကြုံဖူးတဲ့ အတွေ့အကြုံလေး သိပါရစေ။

“ခုနပြောသလို ဦးနေဝင်းက ၇၄ ခုနှစ် ကျနော် ဘန်ကောက်မှာရှိတဲ့ အချိန်တုန်းက တိုင်းပြည်မှာ သူက လူလုံးထွက်မပြတာ ကြာတော့ လူလုံးပြတဲ့ ပုံစံမျိုးနဲ့ ယိုးဒယားကလည်း ဖိတ်တော့ ယိုးဒယားကို လာတယ်။ လာတဲ့အခါ ဗိုလ်မှူးကျော်မြင့်ဆိုတာ၊ နောက်ပိုင်း အကောက်ခွန်ဌာနမှာ ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့သူ၊ အဲဒီ ဗိုလ်မှူးကျော်မြင့်တို့က တွဲပြီးတော့ ဆင်းလာတယ်။ ဧည့်ဂေဟာရောက်ရင်လည်း သူက ဆန်ပြုတ်လောက်ပဲ သောက်ပြီး နိုင်ငံရေးကိစ္စလည်း မဆွေးနွေးနိုင်ဘူး၊ ဘာမှလည်း မဆွေးနွေးနိုင်ဘဲနဲ့ အဲလို ပြန်သွားတဲ့ဟာတွေ ရှိတယ်။ အဲဒါ ကျနော် ကြုံဖူးပါတယ်။”

အခုလို ခရီးရောက်မဆိုက်မှာပဲ ဒီလိုကြုံရတဲ့ နိုင်ငံတနိုင်ငံ ခေါင်းဆောင်ရဲ့ ကျန်တဲ့ခရီးစဉ် ကာလမှာ ဘယ်လိုအလားအလာများ ရှိပါသလဲ။ နိုင်ငံရေးအရရော၊ သံတမန်ရေး အရရော။

“သီရိလင်္ကာ အစိုးရကလည်း သူတို့နိုင်ငံမှာ အတိုက်အခံ လူမျိုးစုတွေကို ရက်ရက်စက်စက် သတ်ဖြတ် နှိမ်နင်းခဲ့တယ်။ အဲဒီအချိန်မှာ သီရိလင်္ကာ အစိုးရကို အိမ်နီးချင်း ဘယ်နိုင်ငံကမှ လက်မခံဘူး။ ဗမာပြည်ကို လာချင်တယ်ဆိုတော့ ဗမာအစိုးရက လက်ခံတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့က လက်ခံတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တခါ သီရိလင်္ကာသမ္မတက လက်ခံတယ်ဆိုတော့ ဒီကိစ္စက ကမ္ဘာမှာလည်း ဘာမှ အရေးရောက်မဲ့ ကိစ္စလည်း မဟုတ်ဘူး။ နှုတ်ခမ်းပဲ့ချင်း မှုတ်တဲ့ကိစ္စလို့ပဲ မြင်ပါတယ်။

“အဲဒီလို ရုပ်ပြ လုပ်ရင်းလုပ်ရင်းနဲ့ အသက်ကလည်း ၇၆ နှစ်လောက် ရှိနေပြီဆိုတော့ ဖုံးကွယ်ထားတာတွေ ပေါ်လာတဲ့ သဘောပဲ။ တိုင်းပြည်အရေးအရ၊ နိုင်ငံရေးအရ ကြည့်ရင်တော့ ဘာမှ အရာမထင်တဲ့ကိစ္စလို့ ကျနော် သုံးသပ်ပါတယ်။”

မြန်မာသံတမန်ဟောင်း ဦးခင်မောင်ကြည် ပြောပြသွားတာ ဖြစ်ပါတယ်။