နေအိမ်အကျယ်ချုပ် ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က မြန်မာစစ်ခေါင်းဆောင်တွေကို ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒီတခါ တောင်းဆိုတဲ့အချိန်မှာ ထူးခြားတာကတော့ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကိုယ်တိုင် ရှိနေတဲ့ အစည်းအဝေးခန်းထဲမှာ အမေရိကန် သမ္မတက တောင်းဆိုခဲ့တာပါ။ မြန်မာဝန်ကြီးချုပ်နဲ့ အမေရိကန် သမ္မတတို့ တိုက်ရိုက် စကားပြောဆို ဖြစ်ခဲ့ကြသလား၊ အမေရိကန် သမ္မတက အခုလို တည့်တည့် တောင်းဆိုတဲ့အပေါ် မြန်မာအတိုက်အခံတွေဘက်ရော ဘယ်လို တုံ့ပြန်ခဲ့သလဲ၊ စတာတွေကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားတို့ဟာ အစည်းအဝေး ခန်းမထဲမှာ သူတို့နှစ်ယောက်ကြားထဲ သုံးယောက်ပဲခြားပြီး ထိုင်နေခဲ့ကြပေမဲ့ တယောက်နဲ့တယောက် စကား တည့်တည့်မပြော၊ လက်ဆွဲ နှုတ်ဆက်တာလည်း မရှိခဲ့ဘူးလို့ စင်ကာပူကလာတဲ့ သတင်းတွေမှာ တွေ့ရပါတယ်။ ဒါပေမဲ့ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အေးပက် (APEC) ထိပ်သီးအစည်းအဝေး ပြင်ပမှာ အာဆီယံ (ASEAN) အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ခေါင်းဆောင် ၁၀ ယောက်နဲ့ သီးခြား တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ မစ္စတာအိုဘားမားက တိုက်ရိုက် တောင်းဆိုခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးပြီး လူနည်းစု လူမျိုးစုတွေအပေါ် ဖိနှိပ်နေတာတွေကို အဆုံးသတ်ဖို့ မစ္စတာအိုဘားမားက တောင်းဆိုခဲ့တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
မစ္စတာအိုဘားမားက စင်ကာပူကို မလာခင် ဂျပန်နိုင်ငံမှာ ကတည်းက အခုလို တောင်းဆိုခဲ့တာဖြစ်ပြီး မြန်မာခေါင်းဆောင်နဲ့ အစည်းအဝေးခန်း တခုထဲမှာ ရှိနေတဲ့အချိန် ထပ်တောင်းဆိုလိုက်တဲ့အပေါ် ကြိုဆိုပါတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“အခု အေးပက် အစည်းအဝေးမှာ မြန်မာခေါင်းဆောင်ကြီးများ ရှိတဲ့အချိန်မှာ ပြောတာပါ။ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားနဲ့ ပတ်သက်ရင် ခိုင်ခိုင်မာမာပဲ ဆက်လက်ရှိနေတာကို ကျနော်တို့ တွေ့ရတဲ့အတွက် ကြိုဆိုပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွှတ်ရေးဆိုတာဟာ မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေမှာ အဓိက အခန်းက ပါတယ်။ ဒါကိုလည်း မြန်မာနိုင်ငံ ခေါင်းဆောင်များ သဘောပေါက်လာပြီ၊ သဘောပေါက်ဖို့ နီးစပ်တယ်လို့ ကျနော်တို့တော့ ဒီလိုပဲမြင်ပါတယ်။”
ဒီလို တောင်းဆိုတဲ့အပေါ် မြန်မာဝန်ကြီးချုပ်က သော်လည်းကောင်း၊ တခြား အာဆီယံ ခေါင်းဆောင်တွေက သော်လည်းကောင်း ဘယ်လို တုံ့ပြန် ပြောဆိုခဲ့သလဲဆိုတာ သတင်းတွေမှာ မတွေ့ရပေမဲ့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်မယ့် ကြေညာချက်ထဲမှာတော့ ဒီလို တောင်းဆိုတဲ့စာပိုဒ် ပါလာမှာ မဟုတ်တော့ပါဘူး။ အရင်က ရေးထားတဲ့ ထုတ်ပြန်ချက် မူကြမ်းမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့စာပိုဒ် ပါပေမဲ့ နောက်ဆုံးထွက်လာမယ့်မူမှာ မပါတော့ဘူးလို့ ထုတ်ပြန်ချက် မိတ္တူတွေကို ဖတ်ရတဲ့ အေပီသတင်းက ရေးပါတယ်။ ဘာ့ကြောင့် ဒီစာပိုဒ်ကို ဖြုတ်လိုက်တာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
မြန်မာ အပါအဝင် အာဆီယံခေါင်းဆောင် ၁၀ ယောက်စလုံးနဲ့ တစားပွဲထဲထိုင်ပြီး စည်းဝေးတာမျိုးဟာ အမေရိကန်သမ္မတ တယောက်အနေနဲ့ ဒါ ပထမဆုံးပါပဲ။ အရင်သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ် (George W.Bush) လက်ထက်ကဆိုရင် မြန်မာနိုင်ငံ ပါဝင်တဲ့အတွက် အေးပက် အစည်းအဝေးကိုတောင်မှ မတက်ခဲ့ပါဘူး။ အမေရိကန်က မြန်မာနိုင်ငံကို ဒဏ်ခတ် အရေးယူထားတာတွေ မရုပ်သိမ်းသေးပေမဲ့ ထိတွေ့ဆက်ဆံမှုလည်း လုပ်သွားမယ်ဆိုပြီး ကြေညာထားခဲ့ပြီးတဲ့နောက် ဒီမူဝါဒကို အမေရိကန်သမ္မတ ကိုယ်တိုင်က လက်တွေ့ ကျင့်သုံးပြလိုက်တယ်လို့လည်း ဆိုရမှာပါ။ ဒါပေမဲ့လည်း ထိတွေ့ဆက်ဆံတာရော၊ ဒဏ်ခတ် အရေးယူတာရော နည်းလမ်းနှစ်ခုစလုံးကို တပြိုင်နက်တည်း ကိုင်စွဲအသုံးပြုတာဟာ အလုပ်ဖြစ်ပါ့မလားဆိုတဲ့ သံသယတွေကလည်း ရှိနေပါတယ်။
ဦးဉာဏ်ဝင်းကတော့ ဒီလို နည်းလမ်းနှစ်ခုစလုံးကို အသုံးပြုတဲ့အပေါ် မှန်ကန်တယ်လို့ သဘောထားပါတယ်။
“Engage လုပ်တဲ့အခါမှာ အပြန်အလှန် ဟိုဘက်ဒီဘက် ဆွေးနွေးကြမယ်၊ ညှိနှိုင်းကြမယ်။ ဒီသဘောတူညီချက် အပေါ်မှာ မူတည်ပြီးတော့၊ Direct Engagement ပေါ်မှာ မူတည်ပြီးတော့ Sanctions ရုပ်သိမ်းရေးကလည်း တပြိုင်တည်း ပေါ်ပေါက်လာမယ့် ကိစ္စမျိုးပါ။ ဒါကြောင့် အဲဒီမူဝါဒ ထားရှိတယ်လို့ မစ်စ်ကလင်တန်က ကြေညာပြီး နာရီပိုင်းအတွင်းမှာ ကျနော်ကိုယ်တိုင်ပဲ ဒီဥစ္စာကို ကြိုဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြောကြ ဆိုကြဖို့ လိုတယ်။ ပြောကြ ဆိုကြမှ ပြောကြ ဆိုကြတဲ့အပေါ် မူတည်ပြီး အလုပ် လုပ်လို့ရမယ်။ မပြော မဆိုရင် ဘာမှ လုပ်လို့မရဘူး။ ဒါဟာ ဒီ Engagement ကိုလည်း ကျနော်တို့ ထောက်ခံတဲ့ အရေးကြီး အကြောင်းအချက် တခုအနေနဲ့ ပြောချင်တာပါ။”
NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။
အမေရိကန်က မူဝါဒ ပြောင်းလဲကျင့်သုံးမယ်လို့ ကြေညာလိုက်ပြီး ကတည်းက ဆက်တိုက်ဆိုသလိုပဲ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံတာတွေ လုပ်လာခဲ့ပါတယ်။ နောက်ဆုံး တောက်လျှောက် ပြစ်တင်ဝေဖန်လာခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်နဲ့တောင် အစည်းအဝေးခန်း တခုထဲမှာ အတူထိုင်ပြီး ဆွေးနွေးတာမျိုးအထိ ရှိလာပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်ခေါင်းဆောင်တွေ ဘက်မှာတော့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ လုပ်ပြတာမျိုး၊ မြန်မာ့ဒီမိုကရေစီရေးအတွက် ထင်ရှားတဲ့ တိုးတက်မှုတွေ မြင်ရအောင် လုပ်ပြတာမျိုး ခုချိန်ထိ မရှိသေးဘူးလို့ မြန်မာ့အရေး လေ့လာသူတွေက ထောက်ပြ ပြောဆိုကြပါတယ်။