ရွေးကောက်ပွဲ ဥပဒေ အချိန်မီ ထုတ်ပြန်ရန် ဝါရင့် နိုင်ငံရေးသမားတဦး တောင်းဆို

၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်အစိုးရက ကြေညာထားပေမဲ့ ခုချိန်ထိ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ မထုတ်ပြန်သေးတဲ့အတွက် ပါတီဖွဲ့စည်းခွင့်နဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို အမြန်ဆုံး ထုတ်ပြန်ပေးဖို့ ဝါရင့်နိုင်ငံရေးသမားကြီး တဦးဖြစ်တဲ့ ဦးသုဝေက စစ်အစိုးရထံ စာရေး တောင်းဆိုလိုက်ပါတယ်။ စာထဲမှာ ဘာတွေများ ရေးသားတောင်းဆိုထားသလဲ ဆိုတာကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီစာကိုတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆန္ဒလည်း ရှိနေတဲ့ ဝါရင့် နိုင်ငံရေးသမားကြီး ဦးသုဝေက နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ ရေးသားပေးပို့ခဲ့တာပါ။ လာမယ့် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်အစိုးရက တရားဝင် ကြေညာထားတာ ကြာခဲ့ပြီ ဖြစ်ပေမဲ့ အခု ၂၀၀၉ ခုနှစ် ကုန်ခါနီးအထိ ရွေးကောက်ပွဲနဲ့ ပါတီဖွဲ့စည်းရေးဆိုင်ရာ ဥပဒေတွေကို ထုတ်ပြန်ကြေညာခြင်း မရှိသေးတဲ့အတွက် အခုလို စာရေးအကြောင်းကြားလိုက်တာ ဖြစ်တယ်လို့ ဦးသုဝေက ပြောပြပါတယ်။

“အခုထိ ရွေးကောက်ပွဲ ဥပဒေဆိုတာ မထွက်သေးတော့ အကယ်၍ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ချင်တဲ့ ပါတီတွေက ပြင်ဆင်ဖို့လိုတယ်။ အဲဒါလေးကို အချိန်မီလေး ရွေးကောက်ပွဲဥပဒေ ထွက်ပေးပါ။ ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းကဆိုရင် ပါတီများ မှတ်ပုံတင် ဥပဒေကို တနှစ်ခွဲကျော်ကျော်လောက် အချိန်ပေးပြီး ကြေညာခဲ့တယ်။ ရွေးကောက်ပွဲဥပဒေကို တနှစ်လောက် အချိန်ပေးခဲ့တယ်။ အဲဒါကြောင့် အခုလည်း ကြေညာပေးပါဆိုပြီး၊ ဒါကလည်း တချက်ပေါ့။

“နောက်တချက်ကတော့ ရွေးကောက်ပွဲများ ကျင်းပခဲ့မယ်ဆိုရင် တရားမျှမျှတတနဲ့ ကျင်းပပေးမယ်လို့ အစိုးရကလည်း ကြေညာထားပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့လည်း ဝမ်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ တကယ်လည်း လက်တွေ့မှာ တရားမျှမျှတတ ဖြစ်စေချင်ပါတယ်။ အကယ်၍ တရားမျှမျှတတဖြစ်တဲ့ ရွေးကောက်ပွဲဆိုရင် အစိုးရအတွက်လည်း ကောင်းတယ်၊ ပါတီတွေအတွက်လည်း ကောင်းတယ်၊ တိုင်းပြည်အတွက်၊ လူမျိုးအတွက် အားလုံး ကောင်းတာပေါ့နော်။ အဲလိုဆိုရင် လာမယ့် ရွေးကောက်ပွဲဟာ မြန်မာတွေရဲ့ သိက္ခာပြန်ပြီး မြှင့်တက်ဖို့ အလားအလာ ရှိပါတယ်ဆိုပြီး ပို့လိုက်တာပါ။ အဲဒါ အဓိကအကြောင်း ၂ ချက်ပေါ့။”

ဦးသုဝေတို့လို ပါတီဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်လိုသူတချို့ အနေနဲ့ ပါတီဖွဲ့စည်းခွင့် မရသေးတဲ့အတွက် တရားဝင် မဲဆွယ်စည်းရုံးခွင့်တွေ မရသေးပေမဲ့လည်း တဘက်မှာတော့ စစ်အစိုးရနဲ့ နီးစပ်သူတချို့ကို မဲဆွယ်စည်းရုံးခွင့်တွေ တရားဝင် ခွင့်ပြုထားတယ်ဆိုတာ ကြားမိတဲ့အတွက် ရွေးကောက်ပွဲဝင်လိုသူ အားလုံးကို သာတူညီမျှ ကြိုတင် မဲဆွယ်စည်းရုံးခွင့် ပြုသင့်တယ်လို့ ဦးသုဝေက ထောက်ပြပါတယ်။

“ရှိတော့လည်း ရှိပါလိမ့်မယ်၊ သူတို့လည်း လုပ်နေတာကိုး၊ အစိုးရက ခွင့်ပြုချက်နဲ့။ လုပ်နေကြတာ ရှိပါတယ်။ ဒါပေမဲ့ အခုတော့ ဘယ်သူတွေက ဘယ်လောက်လုပ်လဲဆိုတာ ကျနော်တို့လည်း သိပ်မသိဘူး။ နေရာတွေ ဘာတွေ သတ်မှတ်ပြီး ကြိုတင်ပြီး စည်းရုံးနေတယ်ဆိုတာ သတင်းတွေ ထွက်ပါတယ်၊ ကြားပါတယ်။ ကျနော်တို့က သူတို့ အဲဒီလို ကြိုတင် စည်းရုံးနေတယ်၊ ဘာညာဆိုတာတွေတော့ မပြောတော့ဘူး။ ဒါပေမဲ့ ပါတီတွေအားလုံး စည်းရုံးပိုင်ခွင့်ပေးပါ ဆိုတာပဲ ကျနော်တို့က တောင်းဆိုတာပေါ့။”

ဦးသုဝေနဲ့ တခြား ထင်ရှားတဲ့ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ စုစည်းပြီး ဒီမိုကရက်တစ်ပါတီ ဆိုတဲ့အမည်နဲ့ ပါတီတခု ဖွဲ့စည်းတည်ထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ အခုချိန်မှာ သူတို့အနေနဲ့ တရားဝင် မဲဆွယ်စည်းရုံးခွင့် မရသေးပေမဲ့လည်း လုပ်နိုင်တဲ့နည်းတွေနဲ့ တတ်နိုင်သလောက် မဲဆွယ်စည်းရုံးမှုတွေ စတင် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“ကျနော်တို့က တရားဝင်တော့ လှုပ်ရှားခွင့် မရှိဘူးပေါ့။ မရှိပေမဲ့ လုပ်နိုင်တဲ့နည်းတွေနဲ့ ကျနော်တို့က အဖွဲ့အစည်းတွေ ဖွဲ့ထားတာပေါ့။ ကျနော်တို့က မူလကတည်းက ပါတီဌာနချုပ်တို့၊ အမျိုးသမီးတို့၊ လူငယ်တို့၊ တိုင်းတို့ ဘာတို့ ဖွဲ့လိုက်တယ်။ ဒီလိုပဲ အခုတော့ တိုးတိုးပြီး မြို့နယ်တွေမှာ စည်းရုံးရေးတွေ ဆင်းတာပေါ့။ ကိုယ်လုပ်နိုင်သမျှ ဆင်းဆင်းပြီး လုပ်တဲ့သဘောပါ။ ဒါကတော့ ဥပဒေကြီးကို စောင့်နေရင် ကျနော်တို့ လုပ်လို့ဖြစ်မှာ မဟုတ်ဘူး။ အဲဒါကြောင့် လုပ်နိုင်တဲ့နည်းတွေနဲ့ ကိုယ့်ဘာသာကိုယ် ကြိုးစားပြီး လုပ်ကြတာပါပဲ။”

ရွေးကောက်ပွဲဥပဒေ မထွက်သေးပေမဲ့ စစ်အစိုးရ ဌာနတချို့နဲ့ ဒေသအာဏာပိုင်တွေ၊ စစ်အစိုးရလိုလားတဲ့ နိုင်ငံရေး အစုအဖွဲ့တွေကတော့ ရွေးကောက်ပွဲအကြို စည်းရုံး ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေကိုတော့ ကြားနေရပါတယ်။