တရုတ်-အမေရိကန် ဆက်ဆံရေး စီးပွားရေးထက် ကျယ်ပြန့်

အမေရိကန်ပြည်ထောင်စု အနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို စီးပွားရေး ကိစ္စတွေကနေ ကျော်လွန်ပြီး တကမ္ဘာလုံးနဲ့ဆိုင်တဲ့ တခြားကိစ္စတွေအထိ တိုးချဲ့ချင်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင် (Wen Jiabao) နဲ့ ဆွေးနွေးခဲ့တဲ့ အမေရိကန် သမ္မတက တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ အဲဒီလို ပြောခဲ့တဲ့အကြောင်း သမ္မတရဲ့ ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဗွီအိုအေ သတင်းထောက် ပေါ်လာ ဝုဖ်ဆန် (Paula Wolfson) က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

တရုတ်ဝန်ကြီးချုပ်နဲ့ ဆွေးနွေးပွဲဟာ အမေရိကန်သမ္မတ အတွက်တော့ တရုတ်ခရီးစဉ်အတွင်း နောက်ဆုံး ဆွေးနွေးပွဲကြီးပါ။ တရုတ်ဝန်ကြီးချုပ်နဲ့ သူ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာ စပြောတဲ့အချိန်မှာပဲ အမေရိကန်နဲ့ တရုတ်တို့အကြား ဆက်ဆံရေး ကျယ်ပြန့်လာတဲ့ သဘောသဘာဝကို မစ္စတာအိုဘားမားက နောက်တကြိမ် ထပ်ပြောခဲ့ပါတယ်။

တရုတ်သမ္မတ ဟူဂျင်းတောင် (Hu Jintao) နဲ့ အင်္ဂါနေ့က အသေးစိတ် ဆွေးနွေးခဲ့တာတွေကို သူက ပြန်ပြီး ရည်ညွှန်းပြောဆိုပါတယ်။

“အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံကြားမှာ မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေး ပိုပြီး နက်ရှိုင်းစေဖို့ ကျနော်တို့ ကြိုးစားချင်တယ်ဆိုတာ သမ္မတဟူနဲ့ ကျနော် ပထမ အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေမှာသာ အာရုံစိုက်ခဲ့ဖူးတဲ့ အဲဒီဆက်ဆံရေးဟာ အခုဆိုရင် အမေရိကန်နဲ့ တရုတ်တို့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေ အားလုံးအထိ ကျယ်ပြန့်နေပါပြီ။”

သမ္မတအိုဘားမားရဲ့ ပထမဆုံး တရုတ်နိုင်ငံ ခရီးစဉ်ဟာ တရုတ် အမေရိကန် ဆက်ဆံရေးကို အဆင့်သစ်တခု ရောက်သွားစေတယ်လို့ တရုတ်ဝန်ကြီးချုပ်က ပြောပါတယ်။

ဆွေးနွေးပွဲ အသေးစိတ်တွေကိုတော့ သူတို့နှစ်ယောက်စလုံးက မပြောကြပါဘူး။ ဒါပေမဲ့ ဝန်ကြီးချုပ် ဝမ်ကြားပေါင်ဟာ စီးပွားရေးဆိုင်ရာတွေကို အဓိက ကိုင်တွယ်ဆောင်ရွက်သူ ဖြစ်တာကြောင့် သူတို့နှစ်ယောက် ဆွေးနွေးပွဲဟာ တရုတ်ငွေကြေးတန်ဖိုး ကိစ္စနဲ့ အမေရိကန်ပေါ် အကြွေးတွေ တင်နေတာရဲ့ ရိုက်ခတ်မှုတွေလို အငြင်းပွားဖွယ် ကိစ္စရပ်တွေ ပါဝင်မယ်လို့ ယူဆကြပါတယ်။

အစည်းအဝေးနဲ့ အလုပ်သဘော နေ့လယ်စာ စားပွဲတွေ ပြီးတဲ့အခါမှာတော့ မစ္စတာအိုဘားမားဟာ ဘေဂျင်းမြို့ပြင်က မဟာတံတိုင်းကြီးဆီ သွားရောက် လည်ပတ်ခဲ့ပါသေးတယ်။

မစ္စတာအိုဘားမားရဲ့ အာရှခရီးစဉ် နောက်ခရီးတထောက်နဲ့ နောက်ဆုံးကတော့ တောင်ကိုရီးယားနိုင်ငံ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အဓိက ဆွေးနွေးမယ့် ကိစ္စရပ်တွေကတော့ ကုန်သွယ်ရေးနဲ့ မြောက်ကိုရီးယား နျူကလီးယား အရေးတွေ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။