ခွဲခြားဆက်ဆံမှုကြောင့် HIV ကာကွယ်ရေး အဟန့်အတား ဖြစ်နေဆဲ

ဒီဇင်ဘာလ ၁ ရက်နေ့ဟာ ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့ ဖြစ်တာနဲ့အမျှ ကမ္ဘာတဝန်း AIDS ရောဂါအသစ် ဖြစ်ပွား တဲ့နှုန်း ကျဆင်းလာပြီး HIV ရောဂါ ကာကွယ်ရေး အစီအစဉ်တွေဟာ ထိရောက်မှုတွေ ရှိတယ်လို့ ကုလသမဂ္ဂ HIV/AIDS အစီအစဉ်က ထုတ်ပြန်လိုက်တဲ့ သုတေသန စစ်တမ်းအသစ်မှာ ဆိုပါတယ်။ ဒါပေမဲ့ HIV ရောဂါအပေါ် စိုးရိမ် ကြောက်လန့်မှု တွေကြောင့် ရောဂါရှိတယ် ဆိုတာကို ဖုံးကွယ်ထားကြခြင်းက ပိုပြီး ထိရောက်တဲ့ ကာကွယ်မှုတွေကို လုပ်ဖို့ အတားအဆီး တွေ ဖြစ်စေတယ်လို့ လန်ဒန်မြို့ကနေ ဆေလာ ဟန်နက်စ်ဆီ (Selah Hennessy) သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

လန်ဒန်မြို့မှာ နေထိုင်တဲ့ ယူဂန်ဒါနွယ်ဖွား ဝင်နီ ဆန်ညူ ဆရူးမား (Winnie Ssanyu Sseruma) ဟာ သူ့အသက် ၂၀ ကျော် အရွယ်မှာ သူ့မှာ HIV ရောဂါ ရှိတယ်ဆိုတာကို သိရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး သူ့ဘဝဟာ လုံး၀ အပြောင်းအလဲ တွေ ဖြစ်ခဲ့ပါတယ်။

“အဲဒီလို သိလိုက်ရတဲ့ အချိန်တုန်းက အဓိကကတော့ တုန်လှုပ်ချောက်ချားသွားတာပါ။ အဲဒါပြီးတော့ ငါဘာလုပ်ရမလဲ၊ ငါ ဒီလောကကြီးမှာ အသက်ရှည်ရှည် အကြာကြီး နေရဦးမှာလား၊ ငါ သေတော့မှာလား၊ အခု ငါ ဘာဖြစ်မှာလဲ ဆိုပြီး အတွေး တွေ ဖြစ်လာခဲ့ပါတယ်။”

သူ့မှာ HIV ရောဂါ ရှိတယ်ဆိုတာကို သူ့မိသားစုနဲ့ သူငယ်ချင်းတွေကို နှစ်အတော်ကြာတဲ့အထိ မပြောခဲ့ပါဘူး။ အဲဒီ အချိန် အတွင်းမှာ သူ့အစ်ကိုဟာ HIV ရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ သူ့မှာ HIV ရောဂါ ခံစားနေရတယ် ဆိုတာကို ထုတ်ဖော် မပြောခင်မှာ သူ ရှက်တယ်လို့ ခံစားရတာနဲ့အတူ ဒါကို ဘယ်လိုပြောရမလဲ ဆိုတာကိုပါ စဉ်းစားလာရပါတယ်။

“တချို့အချိန်တွေမှာ ကျနော့်ရဲ့ စိုးရိမ်ထိတ်လန့်မှုတွေ၊ ရှက်ရွံ့မှုတွေ ခံစားရတာနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို နှစ်သိမ့်ဆွေးနွေးတာတွေ လုပ်ခဲ့ရပါတယ်။ အဲဒီလိုလုပ်ပြီး သိလည်းသိသွားရော ကျနော့်ရဲ့ HIV အခြေအနေကို ရင်ဆိုင်လာနိုင်ပြီး ပြောပြလာနိုင်ပါတယ်။”

လူအတော်များများကတော့ သူ့တို့မှာ HIV ရောဂါ ရှိတယ်ဆိုတာကို သိသွားရင် သူတို့ဟာ လူ့အသိုင်းအဝိုင်း အပြင်ဘက်ကို ရောက်သွားလိမ့်မယ်၊ လူ့အသိုင်းအဝိုင်း ကြားကနေ ဖယ်ထုတ်ခံထားရလိမ့်မယ် ဆိုပြီး စိုးရိမ်ထိတ်လန့် နေကြတယ်လို့ သူက ပြောပါတယ်။

“ရောဂါရှိတဲ့ ကျနော့်တို့လို လူမျိုးတွေဟာ၊ ရှက်ရွံ့မှုကို ဆက်ပြီး ခံစားနေရတုန်းပါ။ ကျနော့်မှာ HIV ရောဂါ ရှိပါတယ်လို့ ထုတ်မပြောရဲတဲ့ သူတွေ အတော်များများ ရှိနေတုန်းပါ။ ဘာကြောင့်လဲဆိုတော့ လူတွေက ဘယ်လိုပုံစံမျိုးနဲ့ တုံ့ပြန်လာမလဲ သူတို့ တွေးနေကြလို့ပါ။”

အခုအခါ ကမ္ဘာပေါ်မှာရှိတဲ့ လူပေါင်း ၃၃ သန်းဟာ HIV/ AIDS ရောဂါဝေဒနာကို ခံစားနေရပါတယ်။ အသစ်ထုတ်ပြန်လိုက် တဲ့ အစီရင်ခံစာမှာတော့ အာဖရိက ဒေသဟာ HIV AIDS ဝေဒနာရှင် အများဆုံး ဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာကပဲ HIV ရောဂါပိုး အသစ်တွေ့ရှိသူ အရေအတွက်ဟာ ကျဆင်းလာတယ်လို့ ဆိုပြီး ဒါဟာ ရောဂါကာကွယ် အစီအစဉ် ထိရောက်မှု တွေ ရှိလာတဲ့ လက္ခဏာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဆရူးမားရဲ့ မိသားစု နေထိုင်ရာ ယူဂန်ဒါနိုင်ငံမှာတော့ လူဦးရေ စုစုပေါင်းရဲ့ ၆% ဟာ HIV ဝေဒနာကို ခံစားနေရပါတယ်။ HIV/AIDS ရောဂါနဲ့ ပတ်သက်ပြီး အများက မသတီသလို လုပ်နေသရွေ့တော့ ရောဂါဖြစ်တဲ့သူ အရေအတွက်ဟာလည်း လျော့ကျလာနိုင်စရာ မရှိဘူးလို့ ဆရူးမားက ပြောပါတယ်။

လန်ဒန်မှာရှိတဲ့ အာဖရိကလူမျိုး HIV ဝေဒနာရှင်တွေနဲ့ အလုပ်လုပ်ခဲ့ဖူးတဲ့ ဗြိတိန်အခြေစိုက် AIDS ရောဂါ ကာကွယ်ရေး လှုပ်ရှားတဲ့ The Terrence Higgins Trust အဖွဲ့က မာ့ခ် သောမ်ဆင် (Marc Thompson) က HIV ရောဂါရဲ့ အမည်းစက် ကြီးက အဓိက ပြဿနာ ဖြစ်တယ်ဆိုတာကို သဘောတူကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့ သေချာပေါက် တွေ့ခဲ့တာတွေက လူနာရဲ့ အမည်းစက်တွေအဖြစ်နဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိနေမယ်၊ ဒါကို အမည်းစက်ကြီးလို့ ထင်နေမယ်ဆိုရင် လူတွေအနေနဲ့ စိုးရိမ်ကြောက်လန့်ပြီး အစမ်းသပ်ခံဖို့ သိပ်ပြီး ဆန္ဒရှိလာကြမှာ မဟုတ်ပါဘူး။”

တကယ်လို့ HIV ရောဂါဝေဒနာ ရှိတဲ့သူက စစ်ထားတာ မရှိဘူးဆိုရင် သူတို့ဟာ သူတို့ရဲ့ အိမ်ထောင်ဖက်တွေ၊ မိခင်တွေက နေ ကလေးတွေအထိပါ ရောဂါကို ပျံ့နှံ့လာစေနိုင်တယ်လို့ မစ္စတာ သောမ်ဆင်က ပြောပါတယ်။ HIV ရောဂါနဲ့ ပတ်သက်တဲ့ အမည်းစက်ဟာ အထူးသဖြင့် လန်ဒန်မြို့က အာဖရိကန် လူမှုအသိုင်းအဝိုင်းမှာ ပိုပြီးတော့ များတယ်လို့ မစ္စတာ သောမ်ဆင် က ပြောပါတယ်။

“အဲဒါကြောင့် ဒီအတားအဆီးကို ကြိုးစားပြီး ကျော်ဖြတ်နိုင်ဖို့ ဖြစ်ပါတယ်။ ဘာသာရေး ခေါင်းဆောင်တွေနဲ့လည်း တွဲပြီး လုပ်ဖို့ ကြိုးစားရပါတယ်။ အဲဒီလိုဆိုရင် လိင်ဆက်ဆံတာဟာ မကောင်းတာလုပ်တာ၊ HIV နဲ့ AIDS ဟာ လူတကာနဲ့ လိင် ဆက်ဆံလို့ ဘုရားက ဒဏ်ခတ်တာ ဖြစ်တယ်လို့ သူတို့ထင်လာတော့မှာ မဟုတ်ပါဘူး။”

အခုအခါမှာ HIV ရောဂါဝေဒနာရှင် သန်းပေါင်းများစွာဟာ ရောဂါကာကွယ်ဆေးတွေကို သုံးစွဲလာကြတာကြောင့် AIDS ရောဂါဟာ သေမိန့်ချလိုက်တဲ့ ရောဂါတော့ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ အာဖရိက ဒေသမှာတော့ ဆေးဝါးကုသမှု ခံယူရတဲ့ HIV ဝေဒနာရှင် အရေအတွက်ဟာ ထက်ဝက်အောက် လျော့နည်းပါတယ်။ HIV ရောဂါကို တိုက်ဖျက်ဖို့အတွက် ကာကွယ်ရေးက အရေးကြီးတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ HIV/ AIDS မဟာမိတ်အဖွဲ့က အကြံပေးလည်းဖြစ်၊ ဆေးပညာရှင်လည်းဖြစ်တဲ့ ဒေါက်တာ အာဒီ ဖာကိုယာ (Dr. Ade Fakoya) က အခုလို ပြောပါတယ်။

“ကာကွယ်မှုတွေက ဆေးဝါးကုသမှုတွေထက် အမြဲလိုလို ပိုပြီးနည်းပါတယ်။ ဒါဟာ အလွန်ကို ဝမ်းနည်းဖို့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါအသစ် ၅ ခုတိုင်းအတွက် ၂ ခုကိုပဲ ကုသမှု ရပါတယ်။ အဲဒါကြောင့် ကျနော်တို့ဟာ ကာကွယ်မှုတွေကို အဓိက အာရုံစိုက်ဖို့ လိုတယ်ဆိုတာ ထင်ရှားပါတယ်။”

HIV ရောဂါဖြစ်နေတဲ့ ဆရူးမားအတွက်တော့ HIV ရောဂါနဲ့ ပတ်သက်တဲ့ အမည်းစက်တွေကို ဖယ်ရှားနိုင်မယ်ဆိုရင် HIV ဝေဒနာ ကာကွယ်တားဆီးရေးအတွက် ရှေ့တလှမ်း တိုးလိုက်နိုင်တာ ဖြစ်ပါတယ်။

“HIV ဟာ ကျနော့်ဘဝကို ဝါးမျိုသွားမယ့်အရာ မဟုတ်ဘူး ဆိုတာကို ကျနော် ဆုံးဖြတ်ထားပြီးပါပြီ။ ပြီးတော့ ကျနော့်ကို လူတွေ ကဲ့ရဲ့ပြောဆိုတာကိုလည်း ခံမှာမဟုတ်ဘူး။ HIV နဲ့ ပတ်သက်ပြီး ကျနော် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တယ်။ ဒီရောဂါနဲ့ ဘယ်လို အကောင်းဆုံး နေရမလဲဆိုတာ ကျနော်သိတဲ့အတိုင်း နေတယ်။ ကျနော့်ရဲ့ အတွေ့အကြုံတွေကို ဝေမျှတယ်။ ကျနော့်လို အခြေအနေမျိုး ဖြစ်နေတဲ့သူတွေကို ကူညီတယ်။ ပြီးတော့ HIV နဲ့ ပတ်သက်ပြီး တခြားလူတွေကို ပညာပေးတယ်။”

ကုလသမဂ္ဂရဲ့ ၂၀၀၉ ခုနှစ် အစီရင်ခံစာအရ ၂၀၀၈ ခုနှစ်မှာ HIV ရောဂါ အသစ်ထပ်ဖြစ်တဲ့သူ အရေအတွက်ဟာ ၂.၇ သန်း ရှိပြီး လူပေါင်း ၂ သန်းလောက်ဟာ AIDS နဲ့ သက်ဆိုင်တဲ့ ရောဂါတွေနဲ့ သေဆုံးခဲ့ပါတယ်။ အာဖရိကတိုက် ဆဟာရလွင်ပြင် တောင်ပိုင်းဒေသမှာတော့ HIV အသစ်ထပ်ဖြစ်တဲ့သူ အရေအတွက်ဟာ ၂၀၀၁ ခုနှစ်က စလို့ ၁၅% ကျဆင်းခဲ့ပါတယ်။