လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့်ကို ဥပဒေအရအတည်ပြုပေးဖို့ဆိုတဲ့ ကိစ္စဟာ အမေရိကန်ပြည်ထောင်စု ပြည်နယ် အသီးသီးမှာ အငြင်းပွားဆွေးနွေးနေကြတဲ့ အကြောင်းအရာတခု ဖြစ်ပါတယ်။ လောလောဆယ်အားဖြင့် ပြည်နယ် (၅) ခုမှာ ဥပဒေပြဌာန်းပြီး လိင်တူချင်း လက်ထပ်ထမ်းမြားခွင့်ကို အတည်ပြုထားပါပြီ။ ဝါရှင်တန် ဒီစီ (Washington, DC) မြို့တော် ကောင်စီမှာလည်း ဒီအရေးကိစ္စကို ဆွေးနွေးနေကြပါတယ်။ ဒီအကြောင်းအရာကို လူ့အခွင့်အရေးကိစ္စတရပ်အနေနဲ့ တင်ပြငြင်းခုံမှုတွေလည်း ရှိနေကြတာမို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးလှုပ်ရှားသူလည်းဖြစ်ပြီး ကိုယ့်ကိုကိုယ်လည်း လိင်တူစုံမက်သူ (gay) တဦး အဖြစ် အခွင့်အရေး တိုက်ပွဲဝင်နေသူတဦးဖြစ်တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဌာနက ညွှန်ကြားရေးမှုး ကိုအောင်မျိုးမင်း, ကို မြန်မာနိုင်ငံမှာ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘယ်လောက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေရှိနေကြသလဲ၊ ဘယ်လောက် နားလည်မှု ရှိနေသလဲဆိုတာကို မေးမြန်းဆွေးနွေး တင်ပြထားပါတယ်။
ဦးအောင်မျိုးမင်း ။ ။ ဟုတ်ကဲ့ ဒီအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုဒ် (၁၆) မှာဆိုရင် အရွယ် ရောက်တဲ့ ကျားမတိုင်းက ဆန္ဒသဘောတူ လက်ထပ်ခွင့်ရှိတယ်ဆိုတာ အတိအလင်း ဖော်ပြထားပါတယ်။ ဒါက ကျနော်တို့ လူ့အခွင့်အရေးရဲ့ အစိတ်အပိုင်းတရပ်ဖြစ်တယ်။ လိင်တူချစ်တဲ့သူတွေကလည်း လူသားတွေပဲ ဖြစ်တယ်။ လူသားတွေရဲ့ ရရှိပိုင်ခွင့်ဖြစ်တဲ့ လက်ထပ်ထိမ်းမြားခွင့်ကို တောင်းဆိုခြင်းက မှန်ကန်တဲ့ တောင်းဆိုမှုတရပ်လို့ ကျနော်ပြောချင်တယ်။ ဒီလိင်တူချစ်သူတွေရဲ့ အခွင့်အရေးကို ကျနော်တို့ ပြောဆိုတဲ့အချိန်မှာ ကျနော်တို့က သီးသန့်အခွင့်အရေးတောင်းဆိုခြင်း မဟုတ်ပါဘူး။ တခြားသူတွေ ခံစားပြီးတော့ လိင်တူချစ်သူတွေမို့ ခံစားခွင့်မရရှိတဲ့ တန်းတူအခွင့်အရေး တောင်းဆိုတာ ဖြစ်တယ်။ ဒါက ကျနော်တို့ လူ့အခွင့်အရေး ရှု့ထောင့်အနေနဲ့ ပြောခြင်းဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ အထူးသဖြင့် ဘာသာရေးအရ အတော်လေး အယူအဆ အစွဲရှိတဲ့သူတွေအနေနဲ့က ငြင်းချက်ထုတ်တာက လက်ထပ်ထိမ်းမြားမှုဆိုတာက ယောကျ်ားနဲ့ မိန်းမ၊ အထူးသဖြင့် မိသားစုအဖြစ် မျိုးဆက်ပြန့်ပွားမယ့် မိသားစုတခုအဖြစ် ထူထောင်တဲ့ အင်မတန်ကို မြင့်မြတ်တဲ့ သီးသီးသန့်သန့်ဖြစ်တဲ့ အသိအမှတ်ပြုမှုတရပ်အနေနဲ့ ယူဆ ထားတယ်။ ဒါဟာ ကျားနဲ့မအကြားမှာပဲ ရှိသင့်တဲ့ကိစ္စတခုလို့ ယူဆထားကြတာရှိတယ်။ အဲဒီတော့ ဒီကိစ္စက လိင်တူချင်း တွေနဲ့ မဆိုင်ဘူးတာတွေလည်း သတ်မှတ်ထားတာလည်း ရှိတယ်။ လိင်တူချင်းအနေနဲ့ ဒါဟာ လူသားအခွင့်အရေးအရ အတူနေတယ်၊ အတူဆက်ဆံတယ်ဆိုတာ ပြဿနာမရှိဘူး။ ဒါပေမဲ့လည်း လက်ထပ်ထိပ်မြားမှုကို ဥပဒေအကြောင်းအရ အသိအမှတ်ပြုအဆင့်အထိ မဖြစ်သင့်ဘူးဆိုပြီးတော့ ကန့်ကွက်နေတာရှိတယ်။ အဲဒါနဲ့ ပတ်သက်လို့ရော။
ဦးအောင်မျိုးမင်း ။ ။ အိမ်ထောင်တခုထူထောင်ခြင်းက နှစ်ဦးသဘောတူ ဘဝနှစ်ခုကို ပေါင်းစပ်ခြင်းဖြစ်ပါတယ်။ ဘဝနှစ်ခု ပေါင်းစပ်တဲ့အချိန်မှာ ကျနော်တို့က ဒီ ကလေးကိစ္စ၊ ရင်သွေးယူရုံကိစ္စက ဘဝနှစ်ခုရဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်တယ်။ အဲဒီအထဲမှာ သူတို့အပေါ် သစ္စာရှိမှုရယ်၊ တယောက်နဲ့တယောက် အပြန်အလှန် နားလည်းမှုရယ်၊ တူညီပြီးတော့ သာယာတဲ့ အိမ်ထောင်ရေးတခု ထူထောင်ခြင်းက အိမ်ယာထူထောင်ခြင်းရဲ့ တာဝန်ဖြစ်ပါတယ်။ ဒီလိုမျိုး ကျနော်တို့ မျိုးပွားကိစ္စတွေ ကို လုပ်ဆောင်ခြင်းက တခြားသူတွေလုပ်ဆောင်တယ်၊ ကျနော်တို့ မလုပ်ဆောင်နိုင်ဘူး။ ဒါကတော့ သဘာဝတရားအရ ဖြစ်တယ်။ ဒါပေမဲ့ တခြားသူတွေ မွေးလာတဲ့ကလေးတွေနဲ့အတူ ကိုယ့်ရဲ့ အိမ်ထောင်ရေးကို သာသာယာယာ လုပ်ဆောင် နို်င်တဲ့ စုံတွဲတွေအများကြီး ရှိပါတယ်။ အဲဒီကိစ္စက ပိုပြီးတော့ အရေးကြီးတယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဘယ်သူပဲ မွေးမွေး မွေးလာတဲ့သူ ကိုယ်နဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူကို လူသားစိတ်ဓါတ်အပြည့်အဝ ပြုစုပျိုးထောင်ခြင်းက ပိုမို အရေးကြီးတယ်လို့ ပြောချင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ လူသားတယောက်အနေနဲ့က မွေးလာကတည်းက သူမွေးလာတဲ့အလျောက် ယောကျ်ားအဖြစ်ပဲ မွေးမွေး၊ မိန်းမအဖြစ်ပဲ မွေးမွေး၊ လိင်တူချစ်တတ်တဲ့သူအဖြစ်ပဲ ဲမွေးမွေး လူသားတယောက်ရဲ့ အခွင့်အရေးတွေနဲ့ ရှိသင့် တာပေါ့။ ဒါပေမဲ့လည်း ဒီလို လိင်တူချင်းချစ်လို့ အတူနေတဲ့အဆင့်ကနေ ကျော်လွန်ပြီးတော့ လက်ထပ်ထိမ်းမြားမှုကို ဥပဒေ အရ အသိအမှတ်ပြု အဆင့်ဟာ ဘာတွေများပိုပြီး ရနိုင်ပါသလဲ။
ဦးအောင်မျိုးမင်း ။ ။ ပထမဦးဆုံး ပတ်ဝန်ကျင်က သူတို့ကို လင်မယားအနေနဲ့ အသိအမှတ်ပြုခြင်းက လူသားတယောက် အနေနဲ့ အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ နောက်တခါ ကျနော်တို့ အရှေ့နိုင်ငံတွေမှာတော့ သိပ်မရှိပါဘူး။ အနောက်နိုင်ငံ တွေမှာ တရားဝင် လက်ထပ်ခွင့် ပြုပြီးမှ သူရဲ့ partnership လို့ ခေါ်တဲ့ အကျိုးခံစားခွင့်တွေ ရရှိတယ်၊ အမွေဆက်ခံခွင့်တွေ ရရှိတယ်၊ နောက် ပတ်ဝန်းကျင်မှာ အစိုးရထောက်ပံ့ပေးတဲ့ လူမှုဖူလုံရေး welfare ကိစ္စတွေမှာ ခံစားခွင့် ရရှိတာ ဖြစ်ပါ တယ်။ အဲဒီတော့ ဒီလိုမျိုးအခြေအနေ မရှိရင် ဘယ်လောက်ထိပဲ သေတပန်သက်တဆုံး ပေါင်းပေါင်း တချိန်ချိန်မှာ ကိုယ့်ရဲ့ အိမ်ထောင်ဘက်တယောက် သေဆုံးတဲ့အခါ အဲဒီလူက ခံစားခွင့် မရရှိဘူး။ နောက်တခါ ပတ်ဝန်ကျင်မှာ သူတို့ကို အသိအမှတ် မပြုခြင်းက သူတို့ကို လူသားအဖြစ် အသိအမှတ်မပြု ခံရတဲ့စိတ်မျိုး ဖြစ်လာတယ်။ တရားဥပဒေအရတင်မက သိက္ခာရှိရှိနဲ့ ပတ်ဝန်ကျင် အသိအမှတ်ပြုမှု၊ ခံစားခွင့်ရရှိခြင်းက အခုနပြောတဲ့ အိမ်ယာထူထောင်ခွင့်၊ လက်ထပ်ခွင့် တောင်းဆိုခွင့်တို့ရဲ့ အဓိကအချက်ပါဘဲ။
ဦးသန်းလွင်ထွန်း ။ ။ ဒီကိစ္စမျိုးတွေ လိင်တူစုံမက်တဲ့သူတွေရဲ့ လက်ထပ်ထိမ်းမြားခွင့်တို့၊ အခွင့်အရေးဆိုတာတွေဟာ ဒီတောင်းဆိုမှုတွေဟာ ဒီလို ဒီမိုကရေစီဖွံ့ဖြိုးပြီး နိုင်ငံတွေ၊ ချမ်းသာနေတဲ့ နိုင်ငံတွေမှာဘဲ မြင်နေရတယ်။ ကျနော်တို့ ဗမာ နိုင်ငံမှာရော ဒါမျိုး ကိစ္စတွေကို ထုတ်ဖော်လာဖို့၊ ငြင်းဆိုလာဖို့၊ အခွင့်အရေး တောင်းဆိုလာဖို့ အနေအထားတွေက ဘယ်လောက်အထိ ရှိသလဲ။
ဦးအောင်မျိုးမင်း ။ ။ ကျနော်တို့ ဒီလိုနိုင်ငံတွေမှာတောင် လက်ထပ်ခွင့်တောင်းဆိုတဲ့နေရာမှာ အတိုက်အခံတွေ အခက်အခဲတွေ အများကြီးရှိနေတာ ကျနော်တို့လို ရှေးရိုးစွဲများနေတဲ့ နိုင်ငံမှာဆို ပိုဆိုးဝါးတယ်လို့ ပြောနိုင်ပါတယ်။ ပထမဦးဆုံး ကြည့်မယ်ဆိုရင် ဥပဒေအရ ကိုယ်တိုင်က ကျနော်တို့ရဲ့ ရာဇဝတ်ပုဒ်မ ၃၇၇ ကိုယ်တိုင်က ဒီလိင်တူချင်း ချစ်တဲ့ သူတွေကို သဘာ၀ မကျတဲ့ လိင်ဆက်ဆံမှုအဖြစ် သတ်မှတ်ပြီးတော့ ထောင်ဒဏ် အနှစ် ၂၀ ကနေ သေဒဏ်အထိ ချမှတ် နိုင်တယ် ပုံစံမျိုးရှိတယ်။ နောက် ကျနော်တို့ ပတ်ဝန်းကျင်မှာ လိင်တူချင်း ချစ်တဲ့သူတွေက သဘာဝမဟုတ်တဲ့ သဘာ၀ လွန်ကဲဖြစ်တဲ့လူလို့ သတ်မှတ်တယ်။ ပတ်ဝန်းကျင်မှာ လက်မခံတဲ့ လူအဖြစ် သတ်မှတ်တဲ့အခါမှာ အခုနပြောသလို လိင်တူချင်း ချစ်တဲ့သူတွေ လက်ထပ်ဖို့ မပြောနဲ့ ကိုယ့်ကိုကိုယ် လိင်တူချင်း ချစ်တဲ့လူလို့ ပွင့်ပွင့်လင်းလင်း မပြောနိုင်တဲ့ အကြောက်တရားတွေ ဖုံးလွှမ်းနေပါတယ်။ အဲဒီတော့ ဒီလိုမျိုး အခြေအနေမျိုးမှာ ကျနော်တို့ ဘဝက ပိုဆိုးတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ဒီလိုမျိုးကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ကိစ္စတွေ၊ နောက် ဒီဟာမျိုးက ရှိနေခြင်းကို အသိအမှတ်ပြုတဲ့ကိစ္စတွေ ဒါတွေကတော့ ပေါ်လာပါဘီ။ ဒါပေမဲ့ အခုနပြောသလို အိမ်ထောင်ဖက်အဖြစ် လက်ထပ်ခွင့် နေတာမျိုး မရောက်ပေမဲ့ ကိုယ့်ရဲ့အခြေခံ လူ့အခွင့်အရေးတရပ်ဖြစ်တဲ့ သူတို့အပေါ်မှာ ခွဲခြားဖိနှိပ်မှုတွေ အကြမ်းဖက်မှု တွေ မလုပ်သင့်ဘူးဆိုတဲ့ လှုပ်ရှားမှုတွေ အတွေးအခေါ်တွေ ဒါကတော့ ကျနော်တို့ မြန်မာပြည်မှာရှိတဲ့ လိင်တူချစ်သူတွေ ကြားမှာ တော်တော်ထွန်းကားလာပါပြီ။
ဦးသန်းလွင်ထွန်း ။ ။ ကိုအောင်မျိုးမင်းက ဒီအသုံးအနှုန်း လိင်တူချစ်သူဆိုတဲ့ အသုံးအနှုန်းကို သုံးပါတယ်။ ဗမာနိုင်ငံ မှာတော့ ဒီလိင်တူချစ်သူဆိုတဲ့ အသုံးအနှုန်းကတော့ ကျယ်ကျယ်ပြန့်ပြန့် မသုံးသေးဘူးလို့ ထင်တယ်။ ဥပမာအားဖြင့် ဘန်းစကားအားဖြင့် အခြောက်၊ ယောက်ကရှာ၊ မိန်းမရှာ၊ လမ်းဘေးမှာဆို ဂန်ဒူး ဘာညာဆိုပြီး ပြောကြတာတွေ ရှိတယ် မဟုတ်လား။ ဆိုတော့ အဲဒီအသုံးအနှုန်းတွေ အဲဒီ အယူအဆ၊ အမြင်တွေနဲ့ ဘယ်လိုကွာခြားမှုတွေ ရှိလဲ ဒီလို အနောက်နဲ့ မြန်မာနိုင်ငံကြားမှာ။
ဦးအောင်မျိုးမင်း ။ ။ ဒီ အနောက်နိုင်ငံတွေမှာလည်း အင်္ဂလိပ်အသုံးအနှုန်းအရ နှိပ်ချတဲ့ စကားတွေ အရင်တုန်းက ရှိခဲ့ပါ တယ်။ ဥပမာ Fag, Queer တို့ ခေါ်လို့ရှိရင် တော်ရုံတန်ရုံ နာတယ်။ ခေါ်တဲ့သူကလည်း ခွဲခြားချင်တဲ့စိတ်၊ အထင်သေးတဲ့ စိတ်၊ နှိမ့်ချတဲ့စိတ်နဲ့ ခေါ်တဲ့အတွက် ဒီစကားလုံးတွေ ပြောင်းဖို့အတွက် လိင်တူချစ်သူကနေ gay လို့ခေါ်တဲ့ စကားလုံးကို ပြောင်းပြီးတော့ သုံးလာတယ်။ သုံးလာတာ တွင်ကျယ်လာတာနဲ့ ဒီ gay ဆိုတဲ့စကားက လူတွေကြားမှာ ပိုမို အသုံးဖြစ် လာတယ်။ ပြီးလိုရှိရင် အခုနလို ခွဲခြားနှိမ့်ချတဲ့ အဓိပ္ပါယ်မျိုးမရှိတော့ဘူး။ လူတွေအကုန်လုံးကလည်း ဒါကို ကျေကျေနပ်နပ် နဲ့ အခေါ်ခံတဲ့အချိန်မှာ gay ဆိုတဲ့စကားက ဗမာပြည်မှာကြည့်မယ်ဆိုရင် အခုနပြောတဲ့ အခြောက်တို့၊ ဂန်ဒူးတို့၊ ဂျီပုန်း၊ မိန်းမလျာတို့ ခေါ်ပါ။ ဒါပေမဲ့ ခေါ်တဲ့နောက်မှာပါလာတဲ့ မကောင်းတဲ့စိတ်၊ လှောင်ပြောင်လိုတဲ့စိတ်၊ ခွဲခြား အကြမ်းဖက် လိုတဲ့ စိတ်တွေကြောင့် ဒီစကားလုံးတွေကို မကြိုက်ဘူး။
ဘယ်လို အဓိပ္ပါယ်နဲ့ ခေါ်ပေမဲ့ အခေါ်ခံထိတဲ့ လူကလည်း တကယ့်ကို အသည်းနာမတတ် ခံရတယ်။ ခေါ်တဲ့လူကလည်း အနိုင်ယူပြီးတော့ အထင်သေးတဲ့ ပုံစံနဲ့ ခေါ်တဲ့အတွက် ကျေနပ်တယ်။ အဲဒီလိုမျိုး စကားလုံးတွေ အဓိပ္ပါယ်တွေ ရှိတဲ့ အတွက် ကျနော်တို့ ဒီစကားလုံးတွေအစားမှာ ပိုမို ဒီထက်ပိုပြီးတော့ လူတွေနားထဲမှာ လက်ခံသာတယ်၊ ခွဲခြားမှုမရှိတဲ့ အဓိပ္ပါယ်မျိုး ကျနော်တို့ ရှာတယ်အခါမှာ တော်တော်ခက်ပါတယ်။ အခုအချိန်မှ စပြီးတော့ လိင်တူချင်း စုံမက်သူတို့၊ လိင်တူချင်း ချစ်တဲ့သူတို့ ခေါ်ကောင်းခေါ်ဖို့အတွက် ကြိုးစားတယ်။ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးတာတော့ မှန်ပါတယ်။ တချို့ကတော့ အဲဒီ စကားအတိုင်း အမေရိကန်တွေ သုံးနေတဲ့ အနောက်နိုင်ငံစကား gay စကားလုံးကိုဘဲ မြန်မာမှုပြု သုံးရင်ပိုကောင်းမယ်ဆိုတဲ့ အကြံဉာဏ်အချက်တွေ ရှိပါတယ်။ စကားလုံးက အဓိကမဟုတ်ပါဘူး။ စကားလုံး နောက်ကွယ် မှာ ပါလာတဲ့ အဓိပ္ပါယ်တွေရယ်၊ သူတို့ရဲ့ ခံယူချက်တွေက ကျနော်တို့အပေါ် ထိခိုက်နစ်နာစေတဲ့အတွက် အရင်တုန်းကလို ပြောင်လှောင်တဲ့ စကားလုံးတွေကို မသုံးစေချင်တာတော့ အမှန်ပါပဲ။
ဦးသန်းလွင်ထွန်း ။ ။ ကိုအောင်မျိုးမင်းကတော့ မြန်မာနိုင်ငံပြင်ပမှာ ရောက်နေလို့ ဒီကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ပြောဆို ပြီးတော့ ဦးဆောင်လှုပ်ရှားနေတာ ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရော ဒီလို gay rights လိင်တူစုံမက်သူများရဲ့ အခွင့်အရေးဆိုင်ရာကို ပွင့်ပွင့်လင်းလင်း ပြောပြီးတော့ လှုပ်ရှားမှုတွေ ရှိသလား။ လှုပ်ရှားမှုတွေ ရှိရင် လက်ခံနိုင်ကြတဲ့ အနေအထားမျိုးမှာ ရှိသလား။
ဦးအောင်မျိုးမင်း ။ ။ လိင်တူချင်းချစ်တဲ့သူရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ လှုပ်ရှားရ မလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရအခွင့်အရေးကိုယ်တိုင်က လူ့အခွင့်အရေးပေါင်းစုံကို နည်းမျိုးစုံနဲ့ ချိုးဖောက်ထားတဲ့အတွက် လိင်တူချင်းချစ်တူသူ အခွင့်အရေးဆိုပြီး ရပ်တည်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အစိုးရအမြင်မှာ ဒါကို လူ့အခွင့်အရေးလှုပ်ရှားမှု တရပ်လိုမြင်ပြီး အကြမ်းဖက်နှိမ်နှင်းမှုတွေ၊ ထောင်တွင်းအကျဉ်းချတာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ လှုပ်ရှားမှုတရပ် ဘာပေါ်လာလဲဆိုတော့ ကောင်းတယ်လို့ပဲ ပြောနိုင်မလား၊ ဆိုးတယ်လို့ပဲ ပြောရမလား။ အခု HIV/AIDS ပြဿနာက မြန်မာပြည်မှာ အရမ်းကြီး လာတယ်။ ကြီးလာတဲ့အချိန်မှာ လိင်တူချင်းချစ်တဲ့သူတွေက ဒီလိုမျိုး ရောဂါဖြစ်နိုင်တဲ့ အနေအထားမျိုး ဖြစ်လာတယ်။ အဲဒီတော့ သူတို့တွေကြားထဲမှာ HIV/AIDS ပညာပေးရေးနဲ့ တယောက်နဲ့တယောက် ဆွေးနွေးမှုတွေ တိုင်ပင်မှုတွေ အရင်ကထက် ပိုဖြစ်လာတယ်။ တချိန်တည်းမှာ လူမှု့အသိစိတ်ဓါတ်ရှိတဲ့ သူတွေက HIV/AIDS ပညာပေးရေးနဲ့ လူသားရဲ့ ဂုဏ်သိက္ခာဆိုတာ ဘာလဲဆိုတာ သဘောပေါက်လာကြတယ်။ အဲဒီတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားမှု အဖွဲ့အစည်းတွေ ရှိလာတယ်။ အဲဒီလို ရှိလာခြင်းက အရင်တုန်းကလို တယောက်နဲ့တယောက် မဆက်ဆံခြင်း၊ ဆက်သွယ်မှု မလုပ်နိုင်တဲ့ လိင်တူချင်းချစ်တဲ့သူတွေကြားမှာ တယောက်နဲ့တယောက် ပေါင်းသင်းဆက်ဆံ သတင်းပေးနိုင်တဲ့ လှုပ်ရှားမှု တရပ် ဖြစ်လာတယ်။ ဒါပေမဲ့ ဆိုးဝါးတဲ့အချက်ကတော့ တခါတလေကြရင် HIV/AIDS ပညာပေးရင်းနဲ့ gay ဆိုတာ HIV/AIDS နဲ့ပဲ သက်ဆိုင်တယ်၊ gay ရောဂါဖြစ်တယ်ဆိုတဲ့ မလိုလားအပ်တဲ့အမြင်တွေ ပေါ်ပေါက်ဖြစ်လာပါတယ်။ ကျနော်တို့ ဖြစ်စေချင်တဲ့ကိစ္စကတော့ ဒီလိုမျိုး စိတ်ချလုံခြုံမှုမရှိတဲ့ ဆက်ဆံမှုတွေ၊ သွေးကတဆင့် ကူးဆက်တယ်၊ gay တွေရဲ့ ရောဂါတခု မဟုတ်ဘူးဆိုတာ လူတွေမြင်စေချင်တယ်။ တချိန်တည်းမှာ ကျန်းမာရေးကတဆင့် ဒီထက် ပိုမို ကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေ၊ လှုပ်ရှားမှုတွေ ကျနော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ပိုပြီးတော့ ရှင်းအောင်မေးရမယ်ဆိုရင် ဒီလို HIV ရောဂါပိုးကူးဆက်မှုဟာ လိင်တူချင်း စုံမက်တဲ့ သူတွေကြားထဲမှာ ပိုပြီးတော့ ဖြစ်နိုင်ချေ ရှိတာဆိုတာက ဒါ ကိုအောင်မျိုးမင်း ပြောတဲ့အတိုင်းဆိုရင် မဟုတ်ဘူး။
ဦးအောင်မျိုးမင်း ။ ။ ဖြစ်နိုင်ပါတယ်။ သူတို့က ဖြစ်နိုင်ချေရှိတဲ့အုပ်စုထဲမှာ ပါဝင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုမျိုး လိင်တူချင်းဆက်ဆံခြင်းက ကျန်းမာရေးရှု့ထောင့်က ပြောမယ်ဆိုရင် HIV/AIDS ပိုမိုကူးဆက်နိုင်တယ်။ ဒါပေမဲ့ လူမှုရေး အရ ပြောမယ်ဆိုရင် ဒီလိုလူမျိုးတွေကို ပတ်ဝန်ကျင်အသိုင်းအဝိုင်းက အသိအမှတ်မပြုဘူး။ ဒါမျိုးတွေကို သိသွားလိုရှိရင် သူတို့မှာ ရှက်တဲ့အရာတွေဖြစ်တဲ့အတွက် လိင်ဆက်ဆံခြင်းကို ခိုးချောင်းခိုးဝှက် ဆက်ဆံတယ်။ နောက် သူတို့နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး စိတ်ချလုံခြုံရတဲ့ လိင်ဆက်ဆံရေး ပညာပေးတွေ သူတို့ကြားထဲမှာ ထိထိရောက်ရောက် မလုပ်ပေးနိုင်ဘူး။ အဲဒီအခါမှာ ပိုမိုပြီးတော့ ဒီအန္တရာယ်ကို ထိခိုက်ရတဲ့အရာမျိုးတွေ ဖြစ်လာတယ်။ အဲဒီတော့ ထိုင်းနိုင်ငံလို နေရာမျိုးမှာတောင် condom အလွန်တကူ ရတယ်၊ မီဒီယာကလည်း ဒီ အကြောင်းအရာတွေပေးတယ်၊ ဒါပေမဲ့ လိင်တူချင်း ချစ်တဲ့သူတွေကြားထဲမှာ ရောဂါပြန့်ပွားမှုက ပိုရှိနေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သတင်းတွေ ပေးနေအုန်းတော့ သူတို့မှာ ဒါကို သတိပြုပြီးတော့ ကာကွယ်ဖို့ မလုပ်နိုင်တဲ့ မလုံခြုံစိတ်ချမှုမရှိတဲ့ လိင်ဆက်ဆံမှုကို ကျင့်သုံးတဲ့အတွက် ဒီဟာတွေက သူတို့မှာ ပိုများနေတာပါ။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ တကယ်လို့ ကိုအောင်မျိုးမင်း အနေနဲ့ မြန်မာနိုင်ငံမှာ ဒီလိုလှုပ်ရှားမှုတွေကို ဦးဆောင်မှု ရခဲ့ရင် ဒီကိစ္စကို လူ့အခွင့်အရေးလှုပ်ရှားမှုတရပ်အနေနဲ့ ဦးတည်ပြီးဆောင်ရွက်မလား၊ ဒါမှမဟုတ် လူမှုရေးရှု့ထောင့်၊ ကျန်းမာရေးရှု့ထောင့် အနေနဲ့ ဦးစားပေးလုပ်ဆောင်မလား။
ဦးအောင်မျိုးမင်း ။ ။ နှစ်ခုစလုံး လုပ်ချင်ပါတယ်။ တခုကတော့ လိင်တူချင်းချစ်သူတွေက ကျန်းမာရေးအရ အန္တရာယ် ရှိတဲ့ပုံစံမျိုး ဖြစ်တဲ့အတွက် သူတို့ကြားထဲမှာ သူတို့သိနိုင်တဲ့၊ သူတို့ကို ထိရောက်နိုင်တဲ့ HIV/AIDS ပညာပေး လုပ်ချင်တယ်။ လိင်တူချင်း ချစ်တဲ့သူတွေက ကျန်းမာရေးတွင်မကဘူး တခြားလူ့အခွင့်အရေးတွေ ခံစားခွင့်ရှိတဲ့အတွက် တခြား သူတို့ အပေါ်မှာ ခွဲခြားဖိနှိပ်မှုတွေ အကြမ်းဖက်မှုတွေ ပပျောက်နိုင်ဖို့အတွက် လူ့အခွင့်အရေး လှုပ်ရှားမှုလည်း လုပ်ချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူ့အခွင့်အရေးဆိုတာ လူသားအားလုံး တန်းတူညီမျှ ရှိတယ်။ ဘယ်သူ့ကိုမှ ခွဲခြားခြင်း မရှိရ ဘူးလို့ အတိအလင်း ပြဌာန်းထားတဲ့အတွက် လိင်တူချစ်သူတွေကလည်း လူသားတွေဖြစ်တဲ့အတွက် တခြားသူတွေ ခံစားခွင့် ရရှိတဲ့ လူ့အခွင့်အရေးတွေကို သူတို့ တန်းတူရှိဖို့က လက်ရှိဖြစ်ရမယ့် အမှန်တရားတရပ်ပါ။