နေအိမ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ပေးပို့တဲ့ စာထဲမှာ ပါတဲ့ အချက်တွေထဲက NLD ခေါင်းဆောင် ၃ ဦးကို နေအိမ်မှာ သွားရောက် ဂါရဝပြုဖို့ တောင်းဆိုတဲ့ အပေါ်မှာ အာဏာပိုင်တွေဆီက တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ NLD က ပြောပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ပေးပို့ခဲ့တဲ့ စာနဲ့ပတ်သက်ပြီး အခု ပထမဆုံး အာဏာပိုင်တွေဘက်က တုံ့ပြန်လာတာ ဖြစ်ပါတယ်။ အကြောင်းစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
နေအိမ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ပေးပို့ထားတဲ့စာနဲ့ ပတ်သက်လို့ ဒါဟာ ပထမဆုံး တုံ့ပြန်မှုတခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်မှာ သွားပြီး ဂါရဝပြုချင်တယ်လို့ တောင်းဆိုထားတဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလွန်းတင် တို့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေက တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့တဲ့အကြောင်း NLD ပါတီရဲ့ သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က အခုလို ပြောပါတယ်။
“အန်ကယ် ဦးအောင်ရွှေအိမ်ကို ရဲချုပ်ကိုယ်တိုင် လာပြီးတော့ တွေ့ပါတယ်။ အန်ကယ် ဦးလွန်းတင် အိမ်ကိုတော့ ရဲမှူးကြီးတယောက် လာတွေ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နေပြီးတော့ အန်ကယ် ဦးအောင်ရွှေ၊ အန်ကယ် ဦးလွင်နဲ့ အန်ကယ် ဦးလွန်းတင်ကို ဂါရဝပြုဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့က လာပြီးတော့ စုံစမ်းမေးမြန်းတာပေါ့၊ ဆွေးနွေးတာပေါ့လေ။”
ဦးအောင်ရွှေရဲ့ ဆန္ဒအရ တွေ့ဆုံဖို့ကိစ္စကို မြန်မာအာဏာပိုင်တွေက စီစဉ်မယ့် နေရာကိုသာ သဘောတူထားတယ်လို့လည်း ဒေါက်တာဝင်းနိုင်က ပြောပါတယ်။ ဒါပေမဲ့ အတွင်းရေးမှူး ဦးလွင်ကိုတော့ တာဝန်ရှိ ရဲချုပ်ရုံးက တွေ့ဆုံပြီးပြီလားဆိုတာ မသိရသေးသလို ဒီကိစ္စကို အခုအချိန်ထိ NLD ပါတီကို ရဲချုပ်ရုံးက အကြောင်းကြားတာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
“အခု အန်ကယ် ဦးလွန်းတင် ဒီနေ့ အစည်းအဝေးမှာ ပြောတဲ့ စကားအရတော့ ဥက္ကဋ္ဌကြီး ဦးအောင်ရွှေက သူတို့အနေနဲ့ အခုလို ဂါရဝပြုတဲ့ ကိစ္စကို သင့်လျော်သလို စီစဉ်မယ့်ကိစ္စကို သဘောတူတယ်ဆိုပြီးတော့ အန်ကယ် ဦးလွန်းတင်ကို လာပြီးတော့ ပြောတယ်။ ဥက္ကဋ္ဌကိုယ်တိုင် သဘောတူတဲ့အတွက် အန်ကယ် ဦးလွန်းတင်က ဒီကိစ္စကို ဥက္ကဋ္ဌ သဘောတူရင် သူ သဘောတူပါတယ်လို့ ပြန်ပြီး ပြောလိုက်တယ်။
“ကျနော်တို့ အဖွဲ့ချုပ်ကိုတော့ အကြောင်းမကြားဘူး။ နောက်တခုက အန်ကယ် ဦးလွင်ကလည်း ရုံးမတက်နိုင်တာ ကြာပြီ။ သူနဲ့က အဆက်အသွယ် ပြတ်နေတော့ အန်ကယ် ဦးလွင်အိမ်ကို သွားမသွားတော့ မသိရဘူး။”
ဒါ့အပြင် ဒေါက်တာဝင်းနိုင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လူကြီး ၃ ဦး တွေ့ဆုံဖို့ စစ်အစိုးရရဲ့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ဖြစ်ဖို့များတယ်၊ ဒါပေမဲ့ ဘယ်နေ့မှာ တွေ့ဆုံမယ်ဆိုတာ မသိရသေးဘူးလို့လည်း ပြောပါတယ်။
“တွေ့မယ့်နေရာကို မေးတော့ စိမ်းလဲ့ကန်သာလို့ သိရပါတယ်။ ဘယ်နေ့ဘယ်ရက် ဆိုတာတော့ ဘာမှ မပြောသေးဘူး။”
စာထဲမှာပါတဲ့ အချက်တွေထဲက NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့အတူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့နေအိမ်မှာ တွေ့ဆုံပြီး စုံညီအစည်းအဝေးတခု လုပ်ဖို့ တောင်းဆိုထားတာနဲ့ ပတ်သက်ပြီး ဘာများသိရပါပြီလဲလို့ ဒေါက်တာဝင်းနိုင်ကို မေးကြည့်တော့ သူက အခုလို ဆက်ပြောပါတယ်။
“အဲဒီဟာကတော့ ဒုတိယအဆင့် ဖြစ်လိမ့်မယ်ထင်တယ်။ ဒါက ပထမအဆင့်ပေါ့။ ဒုတိယအဆင့်မှာတော့ ဘာပဲပြောပြော ကျန်တဲ့ပုဂ္ဂိုလ်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့တဲ့ဆုံတဲ့ အခါကျရင် အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့အပိုင်းပေါ့၊ တဖက် နအဖဥက္ကဋ္ဌနဲ့ တွေ့ဆုံဖို့ ဆိုတာကတော့ ဒီအပေါ်မှာ မူတည်ပြီးတော့ တဆင့်ချင်း သွားလိမ့်မယ်လို့ ကျနော်တို့က ယူဆတယ်။ အဲတော့ ဒီဟာကတော့ လိုဦးမှာပါ။ အခုကလည်း ကျနော်တို့အမြင်တော့ ဒါ တဘက်နဲ့တဘက် သဘောထား တွေ၊ တယောက်နဲ့တယောက် လိုက်လျောမှုတွေ၊ ယုံကြည်မှု တည်ဆောက်နေတယ်လို့ပဲ ကျနော်တို့က ယူဆပါတယ်။”
NLD ပါတီ ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင် ပြောပြသွားတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ့အကျိုးအတွက် စစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မယ့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဖို့ မေတ္တာရပ်ခံတဲ့စာကို နိုဝင်ဘာလ ၁၁ ရက် နေ့စွဲနဲ့ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ စာထဲမှာ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု လုပ်ထားတာတွေကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲ တင်ပြခြင်းဆိုတဲ့ အကြောင်း အရာနဲ့ ဖော်ပြထားပြီး စာထဲမှာ တောင်းဆိုထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဖို့ ကိစ္စကိုတော့ အခုအချိန်ထိ တုံ့ပြန် တာ မရှိသေးသလို NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမယ့် ကိစ္စကိုလည်း ဒီနေ့အထိ အာဏာပိုင်တွေ ဘက်က တုံ့ပြန်တာ မရှိသေးပါဘူး။