အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား၊ ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အမေရိကန်လွှတ်တော်အမတ် ၅၃ ယောက်တို့က ဒီဇင်ဘာလ ၁၈ ရက်နေ့စွဲနဲ့ မြန်မာစစ်အစိုးရကို စာရေးသား တောင်းဆိုလိုက်ပါတယ်။ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ရှေ့ဆက် တိုးတက်သွားနိုင်ဖို့ရာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမယ်လို့လည်း ကွန်ဂရက် လွှတ်တော်အဖွဲ့ဝင်တွေက တောင်းဆိုထားပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက အစီရင်ခံထား ပါတယ်။
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ ဒီမိုကရက်တစ် လွှတ်တော်အမတ် ဟိုးဝါ့ဒ် ဘားမန်း (Howard Berman) နဲ့ တွမ် လန်းတို့စ် (Tom Lantos) လူ့အခွင့်အရေးကော်မရှင်ရဲ့ ပူးတွဲဥက္ကဋ္ဌ ရီပတ်ဘလီကန် လွှတ်တော် အမတ် ဖရန့်က် ဝေါ့လ်ဖ် (Frank Wolf) တို့ ဦးဆောင်ပြီး အဓိက ပါတီကြီးနှစ်ရပ်စလုံးရဲ့ လွှတ်တော် အမတ် တွေက စာရေးသား တောင်းဆိုလိုက်ကြတာပါ။ အဲဒီစာကို အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံရုံးက သံရုံး ယာယီ တာဝန်ခံ ဦးမြင့်လွင် ကနေတဆင့် မြန်မာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို ပေးပို့ထားပါတယ်။
အမေရိကန်နိုင်ငံသား တယောက်ကို အခုလို ဖမ်းဆီးထိန်းသိမ်းထားတာဟာ မြန်မာစစ်အစိုးရအနေနဲ့ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်ချင်စိတ်မှ ရှိပါရဲ့လားဆိုတဲ့သံသယ ကွန်ဂရက်လွှတ်တော်အဖွဲ့ဝင် အများအပြားမှာ ဖြစ်လာစေတယ် လို့ စာမှာ ရေးသားထားပါတယ်။ ကိုညီညီအောင်ကို ခြွင်းချက်မဲ့ အမြန်ဆုံး ပြန်လွှတ်ပေးပြီး အမေရိကန်ပြည်ထောင်စုကို ပြန်လာခွင့်ပြုဖို့ ဖြစ်နိုင်ခြေရှိသမျှ အပြင်းထန်ဆုံး အသုံးအနှုန်းတွေနဲ့ တိုက်တွန်းလိုက်ပါတယ်လို့ လွှတ်တော်အမတ်တွေရဲ့ စာမှာပါရှိပါတယ်။
အမေရိကန်နိုင်ငံသားတယောက်ကို ဆက်ပြီး ဖမ်းဆီးထားမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ ထိတွေ့ဆက်ဆံရေး ကိစ္စ မှာ အဟန့်အတား ဖြစ်စေလိမ့်မယ်ဆိုတာ အမေရိကန် လွှတ်တော်အမတ်တွေ ကိုယ်တိုင်က အခုလို စာရေးသား ပြောဆို လိုက်တဲ့ အတွက် ဒီစာဟာ တစုံတရာ အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ ယုံကြည်ထားသူကတော့ ကိုညီညီအောင်ရဲ့ နိုင်ငံတကာရှေ့နေ ဖြစ်သူ မစ္စ ဘက်သ် ရွှမ်ကီ (Beth Schwanke) ပါ။
ဒါပေမဲ့လည်း မြန်မာစစ်အစိုးရဟာ ပြင်ပက ဖိအားပေးတာမျိုးကို အန်တုလေ့ရှိပြီး ဒီလိုဖိအားပေးတာကြောင့်ကို အခြေအနေ ပိုဆိုးသွားတတ်တာမျိုးတွေလည်း ရှိပါတယ်။ ဆိုတော့ အခု ကိုညီညီအောင့်ကိစ္စကျမှ မြန်မာစစ်အစိုးရက နားထောင်လိမ့်မယ်လို့ ယုံကြည်နိုင်စရာ ဘာအကြောင်းများရှိပါမလဲ၊ မစ္စဘက်သ် ကတော့ မြန်မာစစ်အစိုးရကိုယ်တိုင်က အမေရိကန်နဲ့ ဆက်ဆံချင်တဲ့ အလားအလာတွေ ပြထားတာကြောင့် ဒီတကြိမ်မှာ မျှော်လင့်ချက်ရှိတာပါလို့ ဆိုပါတယ်။
"အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ တွေ့ဆုံခဲ့ပြီးတော့ အမေရိကန်နဲ့ ထိတွေ့ ဆက်ဆံချင်တယ် ဆိုတာကို မြန်မာစစ်အစိုးရက ပြသခဲ့ပါတယ်။ ဒါ့ကြောင့် ဒီဖိအားဟာ မှန်ကန်တဲ့အချိန်မှာ ဖြစ်လာတယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ ညီညီ့ကို ဖမ်းဆီးထားတာဟာ အမေရိကန်နဲ့ဆက်ဆံချင်စိတ်မှ ရှိပါရဲ့လား ဆိုတဲ့သံသယ ဖြစ်လာစေတယ် ဆိုတာ ဒီစာက ဖော်ပြနေတာမို့ မြန်မာစစ်အစိုးရဟာ ညီညီ့ကို ပြန်လွှတ်ပေးရပါမယ်။"
မြန်မာစစ်အစိုးရက ဖမ်းဆီးထားတဲ့ ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ရဲ့ နိုင်ငံတကာရှေ့နေဖြစ်သူ မစ္စ ဘက်သ် ရွှမ်ကီပါ။
ကိုညီညီအောင်ဟာ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး အစာငတ်ခံဆန္ဒပြနေတယ် ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၇ ရက် သောကြာနေ့တုန်းကတော့ ရုံးချိန်းထွက်လာခဲ့ပြီး အစာငတ်ခံ ဆန္ဒပြနေတာ အဆုံးသတ်လိုက်ပြီ ဆိုတဲ့သဘောမျိုး ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းကို ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒါနဲ့ပတ်သက်တဲ့ အသေးစိတ်တွေကတော့ ရှင်းရှင်းလင်းလင်း မရှိလှသေးပါဘူး။
"ကျနော်က အဲဒီဟာကို မေးပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုနေလဲလို့ မေးတော့ - ပြီးသွားပါပြီလို့ သူက ပြောပါ တယ်။ ကျန်တဲ့အခြေအနေတော့ မသိပါဘူး။ မေးဖို့အချိန်လည်း မရပါဘူး။ သူလည်း ပြောခွင့်အချိန် မရှိပါဘူး။ သူက ပြီးပြီလို့တော့ ပြောပါတယ်။ ကျနော့်အမြင်မှာတော့ ကျနော် အရင် တွေ့နေကျ ညီညီအောင် ဟာ အရမ်းအားနည်းတယ်၊ ပိန်နေတယ်၊ ကိုယ်ရေ အများကြီး စစ်သွားတာပေါ့ဗျာ။ ကျနော် အဲဒီလို မြင်ပါတယ်။"
ကိုညီညီအောင် အတွက် ပြည်တွင်းတရားရုံးမှာ လိုက်ပါအကျိုးဆောင်ပေးနေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းပါ။
အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာ နေထိုင်တဲ့ ကိုညီညီအောင်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်သူ မဝါဝါ က လည်း အခြေအနေကို ရေရေရာရာ မသိရတဲ့အတွက် စိုးရိမ်နေရတယ်လို့ ပြောပါတယ်။
"ကိုညီညီအောင် နဲ့ပတ်သက်တာ အခုကြားရတာကတော့ အစာငတ်ခံဆန္ဒပြတာ ပြီးသွားပြီပေါ့နော်၊ သူ အစားပြန်စားနေပြီ ဆိုတာ သိရတယ်။ ဒါပေမဲ့ ကျန်းမာရေးကတော့ တော်တော်ကြီးကို မကောင်းဘူးလို့ သိရပါတယ်ရှင့်။ နောက်ပြီးတော့ လိုက်ပြီးတော့ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေများနဲ့ ကောင်းကောင်းမွန်မွန် အချိန်ယူပြီးတော့ ပေးတွေ့ခြင်းလည်း မရှိဘူး။ အဲဒီလိုမျိုးအတွက်ကြောင့်မိုလို့ ကျမတို့အနေနဲ့ စိုးရိမ်ပါတယ်ရှင့်။"
ကိုညီညီအောင်ရဲ့ နိုင်ငံတကာရှေ့နေဖြစ်သူ မစ္စဘက်သ် ရွှမ်ကီ ကတော့ ကိုညီညီအောင်လွတ်မြောက်ရေး အတွက် ဖိအား ဆက်ပေးသွားနိုင်အောင် ကြိုးစားသွားမှာဖြစ်ပြီး မကြာခင်မှာ လွတ်မြောက်မယ်လို့ မျှော်လင့်ထားပါတယ်။
ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလမှာ တရားဝင် ပြည်ဝင်ခွင့်ဗီဇာနဲ့ မြန်မာနိုင်ငံကိုပြန်အဝင် မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီး ခံခဲ့ရတာပါ။ သူ့ကိုဖမ်းဆီးပြီး ရုံးတင်စစ်ဆေးတာမှာ မြန်မာအာဏာပိုင်တွေဟာ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယန်နာ သဘော တူစာချုပ်၊ ညှဉ်းပန်းနှိပ်စက်ခြင်းကို ပိတ်ပင်တားမြစ်တဲ့ နိုင်ငံတကာတရားဥပဒေ၊ သံအရာရှိနဲ့ ပုံမှန်တွေ့ဆုံခွင့်နဲ့ အများပြည်သူ ကြားနာခွင့်ရတဲ့ တရားစစ်ဆေးမှုမျိုး ဖြစ်ရမယ်ဆိုတဲ့ မြန်မာနိုင်ငံဥပဒေ စတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်နေတယ်လို့ လွှတ်တော်အမတ် ၅၃ ယောက် ရေးသားပေးပို့တဲ့စာထဲမှာ ဖော်ပြထား ပါတယ်။