ဒေါ်စုရဲ့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက် ဗဟိုတရားရုံး လက်ခံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို နှစ်ဘက် ကြားနာနိုင်ရေး ဥပဒေအရ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်ထားချက်ကို ဗဟိုတရားရုံးချုပ်က လက်ခံလိုက်တဲ့အကြောင်း သူ့ရဲ့ ရှေ့နေကြီးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက ဦးဉာဏ်ဝင်းကို ဆက်သွယ် မေးမြန်းရာမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။ အခုလို ပြင်ဆင်လျှောက်ထားချက်ဟာ အရင် အယူခံတင်မှုနဲ့ မတူတဲ့ အကြောင်းကိုလည်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသွားခဲ့ပါတယ်။

“အယူခံ အမှုတွဲကို Admitted၊ ဒီမှာ ဒီလိုပဲသုံးတယ်၊ လက်ခံတယ်။ အမှုတင်ထားတုန်းကဟာကို လက်ခံတယ်လို့ ဗမာလိုပြောတော့ သိပ်အဓိပ္ပာယ် မရှိဘူး။ အဲဒါက မှတ်ပုံတင် သွင်းထားတယ်။ မှတ်ပုံတင်ပြီးတော့ အခု လက်ခံတယ်။ လျှောက်လဲချက် ပေးပြီးတဲ့အခါမှာ လက်ခံတယ်။ လက်ခံတဲ့ အဓိပ္ပာယ်က နှစ်ဘက် အပြည့်အစုံ ကြားနာမယ်ဆိုတဲ့ အဓိပ္ပာယ်။”

အခုလို လက်ခံလိုက်မှုဟာ အလားအလာကောင်း တရပ်အဖြစ် ပြောလို့ရပါသလား။

“ကျနော် အဲလိုမပြောချင်ဘူး။ ဒါပေမဲ့ ဒီလိုလက်ခံတာဟာ ကောင်းတဲ့လက္ခဏာပဲ။ ကျနော်တို့က ပြည့်ပြည့်စုံစုံ နောက်ထပ် လျှောက်လဲလို့ရတယ်ပေါ့။”

အခုလို လက်ခံပြီးပြီဆိုတော့ အန်ကယ်တို့ဘက်က ဘာတွေ ပြင်ဆင်မှုတွေ လုပ်မလဲဆိုတာ ပြောပြပေးပါ။

“ဥပဒေ အချက်အလက်တွေချည်းပဲ။ ကျနော်တို့ ဒီကိစ္စတွေက ဥပဒေချည်းပဲ သက်သက်။ ဥပဒေချည်းပဲ သက်သက်မို့ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့်ကို လျှောက်လဲချက်ပေးဖို့ ဆက်ပြင်ဆင်ရမှာပေါ့။”

ဒီနေ့ လျှောက်လဲမှုက ဘယ်လောက်အချိန်အထိ ကြာသွားပါလဲ။

“မနက်ပိုင်း ၁၂ နာရီလောက် ပြီးပါတယ်။ နောက်တော့ အမိန့်ထွက်တာကို လာစောင့်တော့ ၃ နာရီခွဲလောက်မှာ အမိန့်ထွက်ပါတယ်။”

ဒီအမှုကို ဘယ်နေ့မှာ ဆက်လက်ကြားနာမယ် ဆိုတာကိုရော ဒီနေ့ သိခွင့်ရပါသလား။

“ရုံးချိန်းမရှိဘူး။ သူက သောကြာနေ့တိုင်းထွက်တဲ့ အမှုစာရင်းကို စောင့်ကြည့်ရမယ်။ အဲဒီအမှုစာရင်းထဲမှာ ဘယ်အမှုက ဘယ်နေ့ကြားနာမယ်ဆိုတာ ပါတယ်။ ဒီသောကြာမပါရင် နောက်သောကြာပေါ့။”

ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက အောက်တိုဘာလအတွင်းက ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဟာ ဒီကနေ့မှာ အဲဒီ ပယ်ချခဲ့တဲ့ အယူခံလွှာကို ပြင်ဆင် လျှောက်လဲချက် ပေးခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ဥပဒေကို ဖောက်ဖျက်တယ်ဆိုပြီး အာဏာပိုင်တွေက သူ့ကို သြဂုတ်လအတွင်းက ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချပြီး ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ကျခံစေခဲ့တာ ဖြစ်ပါတယ်။