၂၀၀၉ ခုနှစ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုက မြန်မာပြည်နဲ့ ပတ်သက်တဲ့ ဆက်ဆံရေးမူဝါဒတရပ် ပြောင်းလဲချမှတ်ခဲ့တာဟာ ဒီနှစ်အတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထူးခြားဆုံး အပြောင်းအလဲတခုလို့ ဆိုလိုရပါတယ်။ ဒီအပြောင်းအလဲတွေကနေတဆင့် လာမယ့်နှစ် ၂၀၁၀ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရေး အခြေအနေ ဘယ်လိုများတိုးတက်မှုတွေကို ပံ့ပိုးလုပ်ဆောင်မလဲဆိုတာနဲ့ ပတ်သက်လို့ အိန္ဒိယအခြေစိုက် မဇ္ဈိမသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးစိုးမြင့် ကို ဦးသန်းလွင်ထွန်း (ဗွီအိုအေမြန်မာသတင်း ဌာနမှုး) က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးစိုးမြင့် ။ ။ အိုဘားမားအစိုးရ တက်လာပြီးတဲ့နောက်ပိုင်းမှာ ကမ္ဘာနိုင်ငံရေးအခင်းအကျင်းတွေမှာ ပြောင်းလဲမှုတွေ၊ အနည်းဆုံးပြောင်းလဲမှု လမ်းစတွေ တွေ့လာရတယ်။ မြန်မာပြည်မှာလည်း အလားတူပဲ အထူးသဖြင့် မြန်မာအစိုးရကိုတောက်လျှောက် တင်းတင်းမာမာမူဝါဒနဲ့ ဆက်ဆံလာခဲ့တဲ့ မူဝါဒပြောင်းလဲမှု တွေ့လာခဲ့ရတယ်လို့ မြင်တယ်။ ဒါပေမဲ့ ဒီဟာကလည်း စပြောင်းလာတာ၊ လက်တွေ့မှာ ဘယ်လောက်ထိ ဖြစ်လာနိုင်တယ်၊ ပြောင်းလာနိုင်တယ်ဆိုတာတွေကို စောင့်ကြည့်ရအုန်းမယ်။ ကျိန်းသေတာက ၂၀၁၀၊ ၂၀၁၁ အထိ သွားမယ့်အလားအလာ မြင်နေသေတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပြောင်းလဲလာတဲ့ ဆက်ဆံရေးပုံစံကို သူတို့နာမည်ပေးထားတာကအစ အင်္ဂလိပ်လိုတော့ pragmatic engagement လက်တွေ့ကျကျ ဆက်ဆံမှုလို့ အမည်ပေးထားတာကို တွေ့ရတယ်။ ဒါပေမဲ့ ကျနော်အနေနဲ့ မြင်တာကတော့ မူဝါဒအသစ်ရဲ့ အဓိကအနှစ်ချုပ်ကတော့ - နံပတ်တစ်က အရင်တုန်းက မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးမှာ အမေရိကန်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ဆိုပြီး တောင်းဆိုထားတယ်။ အခု မူဝါဒပြောင်းလဲမှုနောက်ပိုင်းမှာတော့ ဒီလိုတောင်းဆိုမှုကို လုပ်မလာတော့ဘဲနဲ့ မြန်မာနိုင်ငံစစ်အစိုးရ ထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်၊ ပြီးတော့လည်း အားလုံးလက်ခံနိုင်တဲ့၊ သဘောတူညီနိုင်တဲ့ အဆင့်အတန်း လုပ်ဆောင်နိုင်ဖို့ဆိုတဲ့ သဘောမျိုးတိုက်တွန်းလာတာကို တွေ့ရတယ်။ ကိုစိုးမြင့်အနေနဲ့ ဒီကိစ္စကို ထူးခြားမှုတရပ်လို့ ပြောဆိုနိုင်သလား:
ဦးစိုးမြင့် ။ ။ ကျနော်မြင်တာက အမေရိကန်အစိုးရက ကမ္ဘာ့ဒီမိုကရေစီကို ဦးစားပေးတဲ့၊ အားပေးတဲ့နိုင်ငံတွေလို မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို တောက်လျှောက်လိုချင်တယ်။ အခုပေါ်လစီ ပြောင်းတယ်ဆိုတာကလည်း နည်းလမ်းပြောင်းတဲ့သဘောဖြစ်တယ်။ နအဖနဲ့ စကားပြောမယ်၊ ပိတ်စို့ဒဏ်ခတ်မှုတွေကိုလည်း ဆက်လက်ထားရှိမယ်။ ပုံစံတမျိုးနဲ့ ပြန်ပြီးလုပ်မယ်ဆိုတဲ့ ဟာမျိုးလို့ သုံးသပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်လွတ်ပေးရေး၊ ၉၀ ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုရေးဆိုတာတွေက ဗဟာမျူဟာရဲ့ အစိတ်အပိုင်း တခုနဲ့သုံးခဲ့တာဖြစ်တယ်။ အခုလည်း ရှိရင်လည်းရှိမယ်။ အဲဒါတွေကို အခု ရှေ့တန်းမတင်တော့ဘဲ ပြုပြင်ပြောင်းလဲမှုကို ဘယ်လိုမျိုးတွေ၊ တခြားနည်းလမ်းတွေနဲ့ လုပ်မယ်ဆိုတာကို ပိုပြီးရှေ့တန်းတင်လာတယ်လို့ သုံးသပ်မိတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဓိကတော့ အခုနပြောတဲ့ ၁၉၉၀ ရွေးကောက်ပွဲကိစ္စကို ထည့်ပြီးတော့ပြောတာ မလုပ်တော့တဲ့ကိစ္စက ထူးခြားတဲ့အချက်လို့ ကျနော်မြင်ပါတယ်။ ဒီကြားထဲမှာ သူတို့အနေနဲ့ ထောက်ပြလာတာက ၂၀၁၀ ရွေးကောက်ပွဲကိစ္စကို ဒီရွေးကောက်ပွဲက အားလုံးလက်ခံနိုင်လောက်တဲ့ မူဝါဒတွေ၊ စည်းမျဉ်းဘောင်တွေနဲ့ လုပ်သင့်တယ်လို့ ထောက်ပြတာမျိုးပဲ တွေ့ရတယ်။ အဲဒါအပြင်ကို နောက်တခုက အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ စကားပြောရုံဆိုပေမယ့်လည်း မူဝါဒက သူတို့လိုလားတဲ့ ဒီမိုကရေစီအရေး ရှေ့ရှုမယ့်အချက်တွေနဲ့ ပတ်သက်လို့ မူဝါဒတောင်းဆိုရာမှာ အကျဉ်းသားတွေ ပြန်လွတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးရေး၊ လူ့အခွင့်အရေးကိစ္စ အချက်အလက်တွေပေါ်မှာတော့ လျှော့မပေးဘူး။ စကားပြောရင်းနဲ့ ဒီအခြေအနေတွေမှာ တဖြည်းဖြည်း တိုးတက်မှုတွေ ရှိလာမှ တဖက်ကလိုက်လျောမှုတွေ လုပ်လာမယ်ဆိုတဲ့ ပုံစံကိုလည်း တိတိကျကျ ပြောထားတယ်။
ဦးစိုးမြင့် ။ ။ ဟုတ်ကဲ့။ ကျနော်အစောပိုင်း ပြောခဲ့သလို ယျေဘုယျအားဖြင့် သုံးသပ်မယ်ဆိုရင် အိုဘားမားအစိုးရရဲ့ မူဝါဒက စကားပြောရင်းနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လို့ရတယ်ဆိုတာကို အခြေခံတဲ့ သူတို့ရဲ့ အယူအဆလည်း ရှိခဲ့တယ်ဆိုတော့ အဲဒါနဲ့ တဆက်တည်း ပြောင်းလဲလာတာဖြစ်တယ်။ အခုန ကိုသန်းလွင်ထွန်း ပြောသလို အမေရိကန်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအပေါ် မူတည်ပြီး မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေး မြန်မြန်ရနိုင်မလားဆိုတာတော့ မြင်လာတာရှိတယ်၊ ပြောလာတာရှိတယ်၊ တွေးလာတာရှိတယ်။ အဲဒီတော့ ဘာဖြစ်လည်းဆိုတော့ ၁၉၉၀ ခုနှစ်ရလဒ်ကို မှိန်းလိုက်တဲ့ သဘောဖြစ်တယ်။ ဒါကြောင့်လည်း ၂၀၁၀ ရွေးကောက်ပွဲမှာ အခုနပြောတဲ့ inclusive နဲ့ ဖြစ်ရမယ်။ အားလုံး အတိုက်အခံအားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်မယ်၊ free and fair လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရမယ်ဆိုတာတွေ ပိုပြီးတော့ ပြောလာတာပေါ့။
ဦးသန်းလွင်ထွန်း ။ ။ ဒီအမေရိကန်မူဝါဒအသစ်ကို အထက်လွှတ်တော်မှာ ရှင်းလင်းတင်ပြချိန်တုန်းက လက်ထောက်နိုင်ငံခြားဝန်ကြီး Kurt Campbell ပြောတဲ့အထဲမှာ ၂၀၁၀ ရွေးကောက်ပွဲကိစ္စကို ရွေးကောက်ပွဲလုပ်မယ်ဆိုတာကို အခြေခံတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေဆိုတာကို လက်မခံနိုင်သေးဘူးဆိုတဲ့ သဘောကို အတိအလင်းပြောထားတာ တွေ့ရတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလူထုဆန္ဒခံယူပွဲဟာ မျှတမှုမရှိဘူးဆိုပြီး အမေရိကန်နိုင်ငံအနေနဲ့ ယူဆထားတဲ့အကြောင်းကိုလည်း သူတို့တိတိကျကျ ထည့်ပြောသွားတာကိုလည်း တွေ့ရပါတယ်။ ဒီပြင်ဆင်မှုတွေ လုပ်ပါဆိုတဲ့ သဘောမျိုးကို အမေရိကန်အစိုးရက တွန်းပို့နေတယ်ဆိုတော့ ဒီကိစ္စ မြန်မာအစိုးရဖက်က လက်ခံနိုင်မယ့်အလားအလာ ရှိပါမလား။
ဦးစိုးမြင့် ။ ။ မြန်မာအစိုးရဖက်က ကျနော်အနေနဲ့ကတော့ အခုဆိုရင် ၂၀၁၀ ထဲ ဝင်တော့မယ်။ မြန်မာအစိုးရအနေနဲ့ ၂၀၀၈ ရွေးကောက်ပွဲ၊ ၂၀၀၈ ကလုပ်တဲ့ အခြေခံဥပဒေပြုပြင်ပြောင်းလဲမှုဆိုတာ ရာခိုင်နှုန်း အရမ်းနည်းတယ်။ ကျနော်ကတော့ သုညရာခိုင်နှုန်းလောက်ကို တွက်တယ်။ မြန်မာအစိုးရပြောင်းမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအချိန်ထိ လုပ်ခဲ့ပြီးပြီ။ တကယ်လို့ မြန်မာအစိုးရက ၂၀၀၈ အခြေခံဥပဒေကို မပြောင်းဘူးဆိုရင် အမေရိကန်အစိုးရက ဘာလုပ်မလဲ။ ကျနော်ထင်တယ် ၂၀၁၀ မှာ ကြည့်ရမယ့်ဟာ ၂၀၀၈ အခြေခံဥပဒေပေါ်မှာဘဲ အခြေခံပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကို မြန်မာအစိုးရက လုပ်မယ်ဆိုရင် အမေရိကန်အစိုးရနဲ့ ဥရောပနိုင်ငံတို့ ဒီမိုကရေစီထောက်ခံတဲ့ နိုင်ငံတွေက ဘာလုပ်မလဲဆိုတာ
ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုရင် ပုံစံက ရေဆုန်မျောသွားမယ့်ပုံစံမျိုး ဖြစ်နေသလား။ ဥပမာဆိုလိုရှိရင် ဗမာအစိုးရက ဒီ ၂၀၀၈ ခုနှစ်အခြေခံ ဥပဒေအတိုင်း ရွေးကောက်ပွဲကို တွန်းလုပ်မယ်ဆိုရင် ဒါကြီးဟာ မမျှတပါဘူးဆိုတာကို အမေရိကန်ကလည်း ထောက်ပြပြီးသာဖြစ်နေတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲက ရလဒ်တွေကို အတည်ပြုပေးနိုင်ပေးဖို့ဆိုတာက လက်ခံပေးဖို့ဆိုတာကလည်း ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ အဲဒီအခါကြတော့ ပိတ်စို့အရေးယူရေး လမ်းစဉ်ဖက်ကိုဘဲ ပြန်သွားမယ်ဆိုတဲ့ သဘောလား။
ဦးစိုးမြင့် ။ ။ ကျနော်ထင်တယ် ရေဆုန်တော့ မမျောဘူး မြန်မာ့နိုင်ငံရေး။ ကျနော့်အနေနဲ့ သုံးသပ်တာ ၂၀၁၀ က မြန်မာရဲ့ နိုင်ငံရေးသမိုင်းမှာ အရမ်းထူးဆန်တဲ့နှစ် ဖြစ်လိမ့်မယ်။ အကြောင်းအမျိုးမျိုးတွေပေါ့။ အခုနလို ဒီ cease-fire အင်အားစုတွေနဲ့ ပြဿနာတတ်တာ မတတ်တာ။ ဒီမိုကရေစီအင်အားစုတွေ အကုန်ပေါ့။ ၂၀၁၀ က အရေးကြီးတဲ့ နှစ်လို့ တွက်တယ်။ ဘာတွေဖြစ်လာနိုင်လည်းဆိုတာတော့ ကျနော်တို့ ခန့်မှန်းရခက်လိမ့်မယ်။ တကယ်တမ်း အမေရိကန်အစိုးရက အခု နအဖနဲ့ စကားပြောမယ်ဟာ မအောင်မြင်ဘူးဆိုရင် အမေရိကန်အစိုးရကလည်း ဒီထက်ပိုပြီးတော့ တင်းကြပ်တဲ့ အပြစ်ဒဏ်ခတ်မှုတွေ လုပ်လာနိုင်တဲ့ဟာလည်း ရှိတယ်။ ဥပမာအားဖြင့် ဒီ နအဖအစိုးရရဲ့ ငွေရေးစီဆင်းမှုကို - ဥပမာ နအဖအစိုးရက ဘဏ္ဍာရေးက ရနေတာက သဘာဝဓါတ်ငွေ့က ရောင်းရငွေတွေကို ပိတ်စို့မှုတွေ လုပ်လာနိုင်တဲ့ဟာမျိုးတွေရှိတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် နအဖဘက်ကလည်း အကြပ်အတည်းတွေ အများကြီးဘဲ။ အားလုံးသိတဲ့အတိုင်းဘဲ အစိုးရအတွင်းမှာလည်း အကြပ်အတည်းတွေရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ကတိပြုပြီးသာ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ကိုလုပ်ရမယ်။ အဲဒီမလုပ်တဲ့အထဲမှာမှ သူတို့အတွင်းမှာလည်း အတွင်းပြောင်းလဲမှုတွေ လုပ်နေရတယ်၊ ပြင်ဆင်မှုတွေ လုပ်နေရတယ်ဆိုတော့ ၂၀၁၀ ကတော့ ရေဆုန်တော့ မမျောဘူးလို့ ကျနော်တော့ မြင်တယ်။ ဒါပေမဲ့ တင်းကြပ်မှုတွေဘဲ ပိုဖြစ်မလား၊ အဆင်ဘဲပြေသွားနိုင်မလားဆိုတာ ပြောလို့မရဘူး။ အဆင်လည်းပြေသွားနိုင်တယ်။ အကောင်းဘက်ကတွေးကြည့်တတ်တဲ့လူဆိုရင် အဆင်လည်းပြေသွားနိုင်တယ်။ အဆင်ပြေတယ်ဆိုတာ မြန်မာပြည်က ပြဿနာတွေ ဖြေရှင်းသွားတာတော့မဟုတ်ဘူး။ ဒါပေမဲ့ အဆင့်ပြေသွားနိုင်တဲ့ လမ်းကြောင်းတွေပေါ်ကို ရောက်သွားနိုင်တယ်၊ ဖြစ်လာနိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြော၊ ဒေါ်အောင်ဆန်းစုကြည်လည်း နအဖအစိုးရနဲ့ အလုပ်အတူတူလုပ်ဆိုတာတွေ ဖြစ်လာနိုင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လည်း ၂၀၁၀ ရွေးကောက်ပွဲကို ကြေညာထားပြီးတဲ့အတိုင်း ရွေးကောက်ပွဲဖြစ်မဖြစ်ဆိုတာကလည်း မြန်မာစစ်အစိုးရရဲ့ ကတိတွေကို သိတဲ့အတိုင်းဘဲ။ ဥပမာအားဖြင့် ဒီလုပ်ငန်းစဉ်တွေမှာ အစောပိုင်း အမျိုးသားညီလာခံတုန်းက ၆ နှစ်လောက် ဘာမှမလုပ်ဘဲနဲ့ ရေဆုန်မျောထားတဲ့ပုံစံတွေ ရှိခဲ့တယ်။ အခုဟာက ၂၀၀၈ ခုနှစ် အခြေခံဥပဒေကြီးနဲ့ ဆုပ်လည်းစူး စားလည်းရုးဆိုတဲ့ ပုံစံဖြစ်နေတော့။ ၂၀၁၀ ရွေးကောက်ပွဲဆိုတာက ဘယ်အခြေခံဥပဒေနဲ့လုပ်မလဲ၊ ဘယ်လိုစည်းမျဉ်းဥပဒေနဲ့ လုပ်မလဲဆိုတာ ဘာမှမသိသေးတော့ တကယ်တမ်းတော့ မေးစရာက ၂၀၁၀ ရွေးကောက်ပွဲက တကယ်ရော ဖြစ်မလားဆိုတဲ့အချက် ဖြစ်နေတယ်။ အဲဒါအပြင်ကို အမေရိကန်မူဝါဒအကြောင်းဘဲ ဆက်ပြောမယ်ဆိုလိုရှိရင် ဒီမူဝါဒတွေမှာ တွေ့နေရတဲ့ကိစ္စက ဘာလည်းဆိုတော့ စပြီးကြေညာကတည်းက ဒီမူဝါဒဟာ ဆက်ဆံရေးမူဝါဒ၊ လက်တွေ့ကျကျဆက်ဆံသွားရမယ့် မူဝါဒ။ ဒါပေမဲ့လည်း အချိန်အပိုင်းအခြား အတိအကျ အဲဒါတွေကို မကြေညာထားဘဲနဲ့ ဒီကိစ္စ ရေရှည်သွားရမယ့်ကိစ္စလို့ အမေရိကန်ဘက်ကကို မျောထားတယ့်ပုံစံမျိုး မြင်နေရတယ်။ ဥပမာအားဖြင့် တောင်းဆိုမှုတွေလုပ်ပေးမယ့် အချိန်အပိုင်းအခြာ သတ်မှတ်ပြီးတော့ ဒီအချိန်အတွင်းမှာ ဒါတွေလုပ်ပေးရမယ်၊ ဒါတွေလုပ်ပေးတာကို မြင်ချင်ပါတယ်ဆိုတဲ့ပုံစံမျိုး ပြောမထားကို တွေ့ရတယ်။ ဒါ ကျနော်တို့အနေနဲ့ ဆန္ဒစောလွန်နေသလား။ သူတို့အနေနဲ့ တဖြည်းဖြည်း ညှိပြီးတော့ အချိန်ကန့်သတ်မယ့်သဘောမျိုး နောက်ပိုင်းမှာမြင်ရမလားမသိဘူး။ ကိုစိုးမြင့်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဦးစိုးမြင့် ။ ။ ကျနော်အနေနဲ့က ၂၀၁၀ ရွေးကောက်ပွဲကတော့ မြန်မာအစိုးရအနေနဲ့ လုပ်ကိုလုပ်ရလိမ့်မယ်။ မလုပ်ချင်ပေမဲ့လည်း လုပ်ရမဲ့အနေအထား ရှိနေတာကိုလည်း သဘောတူပါတယ်။ သူတို့တွေလည်း ကတိပေးပြီး ဖျက်တာတွေရှိခဲ့တယ်။ ဒီဟာကတော့ ၂၀၁၀ မှာတော့ တကယ်လို့ မေလမှာ မလုပ်ဘူးဆိုရင်တော့ ဒီဇင်ဘာလမှာတော့ လုပ်ရလိမ့်မယ်။ ကျနော်တို့တတွေ သတင်းထဲမှာ အမြဲတမ်းတွေ့နေရတာက ၂၀၀၉ ခုနှစ်အတွင်းမှာ အတော်များများကို ထူးခြားတဲ့သတင်းတွေက ဘင်္ဂလားဒေ့ရှ်နဲ့ တင်းမာမှုကိစ္စတွေ၊ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာပြဿနာမျိုးတွေ၊ ဥမင်လှိုင်ခေါင်းပေါက်တဲ့ သတင်းမျိုးတွေ၊ သူတို့အတွင်းမှာ အဲဒါတွေအားလုံးက ပြုပြင်ပြောင်းလဲမှု တခုခုလုပ်ရမယ်ဆိုတာကို တွန့်ပို့နေတယ်လို့ ကျနော်မြင်တယ်။
ဦးသန်းလွင်ထွန်း။ ။ ဒီမှာထူးခြားတဲ့အချက်တချက်က အမေရိကန်မူဝါဒအသစ်ကို ရှင်းလင်းတဲ့နေရာမှာ အမေရိကန်ဘက်ကပြောတာက မြန်မာစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေဘက်က အမေရိကန်နဲ့ ဆက်ဆံလိုတယ်ဆိုတဲ့အကြောင်းကို အလေးအနက်ဖော်ပြမှုတွေရှိလာတဲ့အတွက်ကြောင့် အမေရိကန်ဘက်ကလည်း ပြန်ပြီး စဉ်းစားရတာပါဆိုတာမျိုးကို ဖော်ပြလာတာကို တွေ့ရတယ်။ အချိန်အတော်ကြာကြီး အမေရိကန်ကို အနောက်အုပ်စု ဗိုလ်ကျစိုးမိုးတဲ့ နိုင်ငံကြီးတခုအနေနဲ့ အမျိုးမျိုး ပြစ်ပြစ်ခါခါတွေ ပြောလာပြီးနောက်ပိုင်းမှ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ဘာကြောင့်မို့လို့ ဒီနှစ်ကြမှ အမေရိကန်နဲ့ ထူးထူးခြားခြား ဆက်ဆံလာချင်တာလဲ။
ဦးစိုးမြင့် ။ ။ ကျနော်သိသလောက်တော့ နအဖစစ်အစိုးရထဲမှာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်မယ်ဆိုပြီးတော့ အထူးသဖြင့် အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်အောင် လုပ်ရမယ်လို့ ယူဆတဲ့ အင်အားစုက အရမ်းကို strong ဖြစ်တယ်။ နာမည်နဲ့တော့ မပြောလိုပါဘူး။ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်ရမယ်။ အကြောင်းအမျိုးမျိုးတွေကြောင့်ပေါ့။ ကျနော်နိုင်ငံက တရုတ်နဲ့ အိန္ဒိယနိုင်ငံကြားထဲမှာ နေနေရတာ။ အဲဒီနှစ်နိုင်ငံလုံးကို အရမ်းကို မှီခိုလာရင် ကျနော်တို့ ဘာဖြစ်သွားမလဲဆိုပြီး တွေးတဲ့ခေါ်တဲ့လူတွေရှိမယ်။ ဒါကြောင့် ဘယ်လိုမျိုး အနောက်နိင်ငံတွေနဲ့ ဆက်ဆံမယ်။ ဘာဘဲပြောပြော အနောက်နိုင်ငံတွေရဲ့ စီးပွားရေးဖိနှိပ်မှုဟာ မြန်မာစစ်အစိုးရအတွက် ထိခိုက်တယ်၊ အရမ်းထိခိုက်တယ်။ ကြိမ်သေတာတခုကတော့ စစ်တပ်အောက်မှာ နေလာတာ အနှစ် (၂၀) ပြည့်လာပြီ။ စီးပွားရေးက ဖွံ့ဖြိုးတိုးတက်မှု မရှိလာဘူး။ အဲဒီတော့ နောက်ဆုံးတချက်တွေ့တာက ကိုယ်အသုံးမကျလို့ဖြစ်တာက တပိုင်း၊ အနောက်နိုင်ငံတွေကနေ sanction လုပ်ထားတဲ့ကိစ္စတွေကတချက်လို့ သွားတွေ့တော့ ဘယ်လိုဘဲဘဲဖြစ်ဖြစ် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းမွန်ရမယ်ဆိုတာ လွန်ခဲ့တဲ့ လေးငါးနှစ်လောက် အနည်းဆုံး အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးလုပ်ရမယ်၊ လုပ်လာတယ်ဆိုတဲ့ ချည်းကပ်လာတဲ့ အင်အားစုတွေက နအဖစစ်အုပ်စုအတွင်းမှာ ရှိကိုရှိနေတယ်။ ပြီးတော့ အရမ်းလည်း strong လည်းဖြစ်တယ်။ အခုဟာက ကျနော်သုံးသပ်တာက သူတို့အနေနဲ့ ပိုပြီးတော့ သူတို့လိုချင်တဲ့ လမ်းကြောင်းပေါ် ကျလာတယ်လို့ ကျနော်မြင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်မူဝါဒထဲမှာလည်း မျှော်လင့်ထားတဲ့အချက်တချက်က ဘာလည်းဆိုတော့ မြန်မာနိုင်ငံမှာ နောက်ပိုင်းမှာ မျိုးဆက်သစ် စစ်တပ်ထဲကဘဲဖြစ်ဖြစ် ခေါင်းဆောင်တွေပေါ်လာလိမ့်မယ်။ ခေါင်းဆောင်တွေပေါ်လာလို့ရှိရင် ဒီခေါင်းဆောင်တွေဟာ နိုင်ငံတကာနဲ့ အမြင်ကျယ်ကျယ်နဲ့ ဆက်ဆံလာဖို့ ပြည်တွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာဖို့ အမေရိကန်အနေနဲ့ ရေရှည်မျှော်လင့်ချက်တွေထားတာကို ဖော်ပြထားတယ်။ သဘောကတော့ အခုအမေရိကန်အနေနဲ့ တွက်တာက ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ခေါင်းဆောင်တဲ့စစ်အစိုးရအနေနဲ့ တကယ်တမ်း အသက်အရွယ်ပိုင်းတွေ ကြီးလာပြီးဆိုတော့ နောက်ပိုင်းမျိုးဆက်သစ်လူငယ်တွေကို စောင့်ကြည့်နေတယ်၊ ပိုပြီးတော့ အားကိုးထားတယ်ဆိုတဲ့ ပုံစံမျိုးကို ဖော်ပြထားတယ်။ ၂၀၁၀ မှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အာဏာစွဲကိုင်ထားမှု အခြေအနေက ဘယ်လိုရှိလာလိမ့်မယ်လို့ မျှော်လင့်ပါသလဲ။
ဦးစိုးမြင့် ။ ။ ကျနော်အနေနဲ့ အဲဒီအယူအဆကို လက်ခံတယ်။ ကျနော်လည်း သဘောတူတယ်။ ပြောင်းလဲရမှာဘဲ။ ဘာဘဲပြောပြော မြန်မာစစ်တပ်အတွင်းမှာဘဲဖြစ်ဖြစ် မြန်မာစစ်အစိုးရအတွင်းမှာဘဲဖြစ်ဖြစ် နိုင်ငံကို တခြားနိုင်ငံများလို ထိုင်းလို၊ စင်္ကာပူလို အနည်းဆုံးတိုးတက်ချင်တယ်။ ဒီမိုကရေစီရတာ မရတာ အသာထား၊ တိုးတက်ပြီးတော့ ဒေသအတွင်းမှာတော့ မြန်မာဆိုတာ ဒီလောက်မျက်နှာမငယ်ရဘူးလို့ စိတ်ဓါတ်ရှိသူတွေ များလာတာ ကျနော်ကတော့ လုံးဝယုံကြည်တယ်။ အဲဒီလူတွေကလည်း မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုမှာ အခယကြလိမ့်မယ်လို့ ကျနော်လည်း ယုံကြည်တယ်။ အမေရိကန်အစိုးရကလည်း ယူဆတယ်လို့ မြင်တယ်။ အဲဒီတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အခန်းကဏ္ဍ ၂၀၁၀ မှာ ဘာဖြစ်နိုင်လည်းဆိုတာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို သူရဲ့ အခန်းကဏ္ဍက သူသေရင်လည်းသေသွားမှာပေါ့။ မသေရင်လည်း သူအနေနဲ့ကတော့ နောက်ကွယ်ဘဲ ရောက်လာတော့မယ်။ ဘာဖြစ်လာလည်းဆိုတော့ ၂၀၁၀ မှာ အစိုးရတရပ်တက်လာတယ်
.... x x x ...