ကမ္ဘာ့အရှေ့ခြမ်း အာရှနဲ့ ပစိဖိတ် နိုင်ငံတွေမှာတော့ ၂၀၁၀ နှစ်သစ်ကို ကူးခဲ့ပါပြီ။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ဟာဘာ တံတား (Harbor Bridge) ကြီးမှာ မီးရှူးမီးပန်းတွေနဲ့ ၂၀၁၀ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။
ဟောင်ကောင် ဝိတိုရိယ ဆိပ်ကမ်းမှာလည်း မီးရှူးမီးပန်းတွေနဲ့ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှာတော့ ရိုးရာအစဉ်အလာအရ ၂၀၁၀ ဖေဖော်ဝါရီလမှာ တရုတ်နှစ်သစ်ကူး ဖြစ်ပေမဲ့ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) က ဒီနှစ်သစ်ကူးညမှာ ၂၀၀၉ ခုနှစ် တနှစ်လုံး တရုတ်နိုင်ငံရဲ့ အောင်မြင်မှုတွေကို ထင်ဟပ်စေတဲ့ မိန့်ခွန်းကို လူထုကို ရုပ်မြင်သံကြားကနေ ပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့ ကရင်မလင် (Kremlin) ရင်ပြင်နီမှာလည်း မီးရှူးမီးပန်းတွေနဲ့ ခိုက်ခိုက်တုန်အောင် အေးနေတဲ့ကြားက နှစ်သစ်ကူးကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲခဲ့ကြပါတယ်။
စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ သဘာ၀ ဘေးအန္တရာယ်တွေ၊ စီးပွားရေး အကျပ်အတည်းတွေနဲ့ ၂၀၀၉ ခုနှစ် ဖြတ်သန်းခဲ့ရပြီး ၂၀၁၀ မှာ စီးပွားရေး အခြေအနေ တိုးတက်လာလိမ့်မယ်လို့ အများက မျှော်လင့်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ကြီးရဲ့ Time Square ရင်ပြင်မှာလည်း မီးရောင်စုံအလှ ထွန်းညှိထားတဲ့ ဘောလုံးကြီးကို ညသန်းခေါင်ယံအချိန် ကိုက်ပြီးတော့ လျှောချဖို့အတွက် စိုင်းပြင်းနေကြပါတယ်။