မြောက်ကိုရီးယား အမေရိကန်နဲ့ သင့်မြတ်ရေးလိုလား

တစိမ်းဆန်လွန်းလှတဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေးကို အဆုံးသတ်ကြပါစို့လို့ နှစ်သစ်ကူး အမှာစကားအဖြစ် မြောက်ကိုရီးယားဘက်က နှုတ်ဆက် တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်း မြောက်ကိုရီးယားအစိုးရပိုင် သတင်းစာတွေမှာ အယ်ဒီတာ့အာဘော် အဖြစ် ဖော်ပြထားတာပါ။ အဲဒီအထဲမှာ ကိုရီးယားကျွန်းဆွယ်နဲ့ အာရှဒေသတခုလုံး ငြိမ်းချမ်းတည်ငြိမ်ရေး ခိုင်ခန့်အောင် လုပ်ဆောင်ကြဖို့၊ မြောက်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုအကြား တစိမ်းဆန်လှတဲ့ ဆက်ဆံရေးကိုအဆုံးသတ်ကြဖို့ဖော်ပြထားပါတယ်။

ဒီနှစ်သစ်ကူး အမှာစကားကို မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီက အရာရှိတွေ သယ်ဆောင်လာတာပါ။ မြောက်ကိုရီးယားအနေနဲ့ ကိုရီးယားကျွန်းဆွယ်ဟာ နျူကလီးယား ကင်းမဲ့တဲ့ဒေသအဖြစ် လိုလားတယ်။ ဒီကိစ္စတွေကို ဖြေရှင်းဖို့က စေ့စပ်ဆွေးနွေးမှုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကနေ လုပ်လို့ရလိမ့်မယ်လို့လည်း ဆိုပါတယ်။

ဒီလိုပြောင်းလဲလာတဲ့ မြောက်ကိုရီးယားရဲ့ သဘောထားတွေဟာ မြောက်ကိုရီးယား လက်နက်ဖျက်သိမ်းရေး နိုင်ငံတကာအစည်းအဝေးကို ပြန်လာဖို့ အမေရိကန် ဘက်က မြောက်ကိုရီးယားကို ဖြောင်းဖျမှုတွေ လုပ်နေတဲ့နောက်ပိုင်း ဖြစ်လာခဲ့တာပါ။