အယ်လ်ကိုင်းဒါးနဲ့ ယီမင်အစိုးရ ခြွင်းချက်ထား ဆွေးနွေးမည်

ယီမင်မှာရှိတဲ့ အယ်လ်ကိုင်းဒါး အဖွဲ့တွေထဲက အကြမ်းဖက်မှု စွန့်လွှတ်ပြီး လက်နက်ချမယ့် အယ်လ်ကိုင်ဒါး အဖွဲ့ဝင်တွေနဲ့ ဆွေးနွေး ညှိနှိုင်းဖို့ လိုတယ်လို့ ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလက် (Ali Abdullah Saleh) က ပြောလိုက်ပါတယ်။ ယီမင်မှာရှိတဲ့ အယ်လ်ကိုင်းဒါး ဌာနခွဲကို အပြတ်ရှင်းလင်းဖို့ အမေရိကန် ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေက ယီမင်ကို အကူအညီပေးဖို့ လုပ်နေချိန်မှာ ယီမင်သမ္မတရဲ့ အခုကမ်းလှမ်းချက်ဟာ နိုင်ငံတကာ သဘောထားကို ဆန့်ကျင်မှုသဘော ဖြစ်နေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဆာနာ (Sana) မြို့ကနေ ဗွီအိုအေသတင်းထောက် အဲလိဇဘက်သ် အားရော့တ် (Elizabeth Arrott) သတင်းပေးပို့ထားတာကို ဦးသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အာရပ်ကျွန်းဆွယ် ယီမင်နိုင်ငံမှာရှိတဲ့ ကျိုးကြောင်းသင့်လျော် မှန်ကန်တဲ့ အခြေအနေကို ဦးပြန်လှည့်လာမယ့် အယ်လ်ကိုင်းဒါး အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ဖြစ်နိုင်ချေရှိတယ်လို့ ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလက်က ပြောပါတယ်။ ဒါပေမဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို မစွန့်လွှတ်တဲ့ စစ်သွေးကြွတွေကို အစိုးရတပ်အနေနဲ့ လိုက်လံရှင်းလင်း တိုက်ခိုက်သွားမယ်လို့ မစ္စတာ ဆာလက်က အဘူဒါဘီ ရုပ်မြင်သံကြားဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။ သို့ပေမဲ့လည်း အကြမ်းဖက်မှုကို စွန့်လွတ်သူတွေအတွက် အကောင်းဆုံးနည်းလမ်းရှိပြီး ဒါဟာ တွေ့ဆုံဆွေးနွေးကြခြင်းပါပဲလို့ သူက ထည့်သွင်းပြောသွားတာပါ။

အမေရိကန် အစိုးရကတော့ ကျူးဘားနိုင်ငံ ဂွာတာနာမို အမေရိကန် စစ်အကျဉ်းစခန်းမှာ ကျန်ရှိနေတဲ့ ယီမင်နိုင်ငံသားတွေကို လွှတ်ပေးဖို့ရာ မကြာခင်ကဘဲ ဆိုင်းငံ့လိုက်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက အမေရိကန် လေကြောင်းလိုင်း လေယာဉ်တစင်းကို ဗုံးခွဲတိုက်ခိုက်မှု ကြံစည်မှုမှာ ယီမင်အခြေစိုက်တဲ့ အယ်လ်ကိုင်းဒါးအဖွဲ့က သူတို့လုပ်တာလို့ ထုတ်ပြန်အပြီး အမေရိကန်ဘက်က အခုလို ဆုံးဖြတ်လိုက်တာပါ။ အဲဒီ ဗုံးခွဲဖို့ ကြံစည်သူဟာ တိုက်ခိုက်မှုမစခင် ယီမင်နိုင်ငံမှာ ရှိနေပြီး အဲဒီမှာ အယ်လ်ကိုင်းဒါး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ယီမင်အာဏာပိုင်တွေက ပြောပါတယ်။

ဒီမတိုင်ခင်ကတည်းကတော့ ဂွာတာနာမိုမှာ ကျန်ရှိတဲ့ ယီမင်အကျဉ်းသားတွေကို ပြန်လွှတ်ရင် သူတို့ဟာ အစွန်းရောက်တွေ ပြန်ဖြစ်သွားနိုင်တယ်ဆိုပြီး အမေရိကန် တာဝန်ရှိသူတွေက စိုးရိမ်တကြီး ထုတ်ပြောခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ ယီမင်စစ်တပ်ဟာ အမေရိကန် အကူအညီနဲ့ အာဟပ်ဘ် (Arhab) နဲ့ ရှာဘွာ (Shabwa) ပြည်နယ်အတွင်းက အယ်လ်ကိုင်းဒါး အခြေစိုက်စခန်းလို့ ယူဆရတဲ့ နေရာတွေကို စစ်ဆင်တိုက်ခိုက်နေပါတယ်။ ပြီးခဲ့တဲ့ ရက်သီတင်းပတ် အတွင်းမှာပဲ အကြမ်းဖက်သမား ဒါဇင်နဲ့ချီကို သုတ်သင်နိုင်ခဲ့တယ်လို့ ယီမင်အာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမဲ့လည်း အဲဒီ သေဆုံးသူတွေဟာ တကယ်ပဲ အယ်လ်ကိုင်းဒါးတွေ ဟုတ်မဟုတ်ဆိုတဲ့ ကိစ္စက အငြင်းပွားဖွယ် ဖြစ်နေပါတယ်။ မျက်မြင်တွေ အပြောအရတော့ သေဆုံးသူအချို့ဟာ အယ်လ်ကိုင်းဒါးနဲ့ ဘာမှ မပတ်သက်ဘူးလို့ ဆိုနေပါတယ်။

ပြဿနာတရပ်ကတော့ ယီမင်မှာရှိတဲ့ တိုက်ခိုက်ရေး သမားတွေဟာ အမျိုးသားရေး လှုပ်ရှားသူတွေအဖြစ် ပြောင်းလဲလာမယ့်ပုံ ရှိနေတာပါ။

ခါလက်ဒ် ဂါလက်ဘ် အယ်လ်-အတ်ရှ်ဒါ (Khaled Ghaleb al-Ashdaa) ဟာ မာရစ်ဘ် (Marib) နဲ့ ရှာဘွာပြည်နယ်အတွင်းက မူရတ်ဒ် (Murad) တိုင်းရင်းလူမျိုးနွယ် ခေါင်းဆောင် ရှိတ်ခ် ဂါလက်ဘ် အယ်လ်-အတ်ရှ်ဒါ (Sheikh Ghaleb al-Ashdaa) ရဲ့ သားလည်းဖြစ်၊ လက်ထောက် တာဝန်ရှိသူလည်း ဖြစ်သူပါ။ ဆာနာမြို့တော်က သူတို့နေအိမ်အတွင်း သူ့ဖခင်ဘေးမှာ ထိုင်ပြီး သတင်းထောက်တွေကို ပြောတဲ့အထဲ အခု အယ်လ်ကိုင်းဒါးလို့ တံဆိပ်ကပ်ခံရသူ အများအပြားဟာ အရင်တုန်းက အစိုးရထောက်ခံသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

“၁၉၉၄ ခုနှစ်တုန်းက တောင်ပိုင်း ခွဲထွက်ရေး လှုပ်ရှားမှု စစ်ဆင်နှိမ်နင်း တိုက်ခိုက်စဉ်က ဒီလက်နက်ကိုင်တွေဟာ အစိုးရကို အကူအညီ ပေးခဲ့ကြသူတွေဖြစ်ပြီး ဒီအစောပိုင်းကလည်း အာဖဂန်နစ္စတန်က ဆိုဗီယက်တပ်တွေကို တိုက်ထုတ်ရေး အမေရိကန်ရဲ့ တိုက်တွန်းမှုကိုလည်း အလေးဂရု ရှိခဲ့ကြသူတွေ ဖြစ်တယ်။” လို့ အာရပ်ဘာသာစကားနဲ့ ပြောသွားပါတယ်။

အခုလို တွေ့ဆုံညှိနှိုင်းမယ်ဆိုတဲ့ ချဉ်းကပ်မှုဟာ ပိုပြီး ကောင်းမွန်တဲ့နည်းလမ်း ဖြစ်တယ်လို့လည်း ခါလက်ဒ် အယ်လ်-အတ်ရှ်ဒါက ပြောပါတယ်။

“အယ်လ်ကိုင်းဒါးဖြစ်စေ၊ အယ်လ်ကိုင်းဒါးလို့ သတ်မှတ်ခံရသူဖြစ်စေ ဒီလူတွေမှာ အစိုးရဘက်က ဖြေရှင်းပေးနိုင်တဲ့ ပြဿနာရပ်တွေ ရှိနေပါတယ်။ ဒါပေမဲ့ ဒီ ပြဿနာတွေကို မဖြေရှင်းချင်တော့ နိုင်ငံတော်က ဒီလူတွေကို အယ်လ်ကိုင်းဒါးလို့သုံးပြီး နှိမ်နင်းတော့တာပါပဲ။” လို့ ခါလက်ဒ် အယ်လ်-အတ်ရှ်ဒါက အာရပ်စကားနဲ့ ပြောသွားပါတယ်။

ဒီပြဿနာတွေဆိုတာ ဘာလဲ၊ သူတို့တောင်းဆိုနေတာ ဘာလဲဆိုတာကို သတင်းထောက်က မေးတော့ သူရော သူဖခင်ရော မဖြေနိုင်ပါဘူး။ ဒါပေမဲ့ ဖခင်ဖြစ်သူ အယ်လ်-ရှာဒါက ဒီလူတွေဟာ ကျောက်ခေတ်တုန်းကနဲ့ ဘာမှမခြား သူတို့အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် အစိုးရက ဘာမှ မျက်မြင် မလုပ်ပေးနိုင်ဘူးလို့ ပြောပါတယ်။

တကယ့် အယ်လ်ကိုင်းဒါးစစ်စစ် ဆိုသူတွေ ယီမင်မှာ နှစ်အတန်ကြာကတည်းက ရှိနေတယ် ဆိုတာကတော့ ယုံမှားသံသယ ဖြစ်စရာ မရှိပါဘူး။

၂၀၀၀ ခုနှစ်မှာ သူတို့ဟာ USS Cole ကို ဗုံးခွဲတိုက်ခိုက်ခဲ့သလို နောက် ၂ နှစ် အကြာမှာလည်း ပြင်သစ် ရေနံတင်သင်္ဘောကို တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ်မှာတော့ ဆာနာမြို့တော်မှာရှိတဲ့ အမေရိကန် သံရုံးကိုလည်း တိုက်ခိုက်ခဲ့ကြပါတယ်။

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နိုင်ငံတို့ကနေ တိုက်ထုတ်ခံနေရတဲ့ အယ်လ်ကိုင်းဒါး အဖွဲ့ဝင်တွေအဖို့ ယီမင်ဟာ လုံခြုံစိတ်ချရာ နေရာတခု ဖြစ်လာနေတယ်လို့ အနောက်နိုင်ငံ စစ်ဖက်သုတေသီတွေက ယုံကြည်ကြပါတယ်။ အရေအတွက်ဟာလည်း ရာဂဏန်းအထိကို မြင့်တက်လာတယ်လို့ ဆိုပါတယ်။