ဟေတီနိုင်ငံ ပို့တ် အို ပရင့်စ် (Port-au-Prince) မြို့တော်မှာ ပြင်းအား ၇ ရှိတဲ့ ငလျင်ကြီး အင်္ဂါနေ့က လှုပ်ခတ်သွားပြီးတဲ့နောက် မြို့တော်ရဲ့ အစိတ်အပိုင်းအများစု ပျက်စီးသွားပြီး လူသေဆုံးမှု အရေအတွက်ကို တိတိကျကျ မသိရသေးပါဘူး။
မြို့တော်ရဲ့ လမ်းတွေပေါ်မှာ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်တွေကို တွေ့ရပြီး ကြေကွဲဝမ်းနည်းနေကြတဲ့ အသက်မသေ ကျန်ရစ်သူတွေကို လမ်းတွေတလျှောက် တွေ့ကြရပါတယ်။ ပိတ်မိနေကြတဲ့ လူတွေရဲ့ အကူအညီ တောင်းသံတွေကိုလည်း ကြားနေရပါတယ်။ လူ ၁၀၀,၀၀၀ ကျော် သေဆုံးဖွယ်ရှိတယ်လို့ သူယုံကြည်ကြောင်း ဝန်ကြီးချုပ် ဂျင်း မက်က်စ် ဘယ်လာရိုက်ဗ် (Jean-Max Bellerive) က CNN သတင်းဌာနကို ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဒါပေမဲ့လည်း သမ္မတ ရီးန် ပရီဗဲလ် (Rene Preval) ကတော့ သေဆုံးသူ အရေအတွက် တိတိကျကျကို ခုချိန်မှာ ပြောဖို့ သိပ်စောသေးတယ်လို့ CNN ကိုပဲ ပြောခဲ့ပါတယ်။ ဆရာဝန်တွေ၊ ဆေးမှူးတွေ၊ ဆေးဝါးပစ္စည်းတွေ အကူအညီ ပေးကြဖို့ ဟေတီသမ္မတက အကူအညီ တောင်းခဲ့ပြီး သူကိုယ်တိုင် ဘယ်မှာအိပ်ရမယ်ဆိုတာ မသိသေးဘူးလို့ သီးခြား ပြောခဲ့ပါသေးတယ်။
ပျက်စီးပြိုကျသွားတဲ့ အဆောက်အဦး ထောင်ပေါင်းများစွာထဲမှာ ပို့တ် အို ပရင့်စ် မြို့တော်က အဓိကဆေးရုံ၊ အကျဉ်းထောင်တခု၊ ကုလသမဂ္ဂအဖွဲ့ ရုံးစိုက်ရာ ဌာနချုပ် အပါအဝင် အမျိုးသားနန်းတော်လည်း ပျက်စီးသွားပါတယ်။ အကျဉ်းထောင် ပြိုကျ ပျက်စီးပြီးတဲ့နောက် အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေနဲ့ ကမ္ဘာတဝန်း အစိုးရတွေက အကူအညီတွေ အများအပြား ပေးပို့ဖို့ ပြင်ဆင်နေကြပါတယ်။
ပြန်လည်နာလန်ထူရေးနဲ့ ပြန်လည်တည်ဆောက်ရေး စီမံကိန်းတွေအတွက် အရေးပေါ်ရန်ပုံငွေ ဒေါ်လာသန်း ၁၀၀ ကူညီ ထောက်ပံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ ပို့တ် အို ပရင့်စ် မြို့တော်က ကမ္ဘာ့ဘဏ်ရဲ့ ရုံးတွေလည်း ပျက်စီးခဲ့ရပါတယ်။
ဟေတီနိုင်ငံကို အရေးပေါ် အကူအညီတွေ အလျင်အမြန် ပေးပို့သွားမယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း ကတိပြုထားပါတယ်။ အမေရိကန် အရေးပေါ် အကူအညီပေးရေး အဖွဲ့တွေဟာ ဟေတီနိုင်ငံဆီကို ထွက်ခွာသွားနေပြီဖြစ်ပြီး အကူအညီ လိုအပ်နေသူ အိုးအိမ်မဲ့ သန်းပေါင်းများစွာအတွက် အကူအညီတွေကို ပေးပို့ဖို့လည်း အရေးပေါ် စီစဉ်နေပြီ ဖြစ်ပါတယ်။