ဟေတီနိုင်ငံ ငလျင်ဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ အရှိန်ရလာတာနဲ့အမျှ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း တပ်ဖွဲ့ဝင်ဦးရေ နောက်ထပ် ၃,၅၀၀ ထပ်တိုး စေလွှတ်နိုင်ရေးအတွက် လုံခြုံရေးကောင်စီမှာ ဒီနေ့ မဲပေးမှာ ဖြစ်ပါတယ်။
အမေရိကန် ရေတပ်က ကုန်းပေါ်မှာရော ရေထဲမှာပါ သွားနိုင်တဲ့ Amphibious USS Bataan ကုန်းတက်ရေယာဉ်ဟာ မရိမ်းတပ်သား ၂,၂၀၀ ခန့်ကို တင်ဆောင်ပြီး ဟေတီနိုင်ငံ ပို့တ် အို ပရင့်စ် (Port-au-Prince) ဆိပ်ကမ်းကို မနေ့က ဆိုက်ရောက်ခဲ့ပါတယ်။ သူတို့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို စတင် အကူအညီ ပေးနေပါပြီ။
အဲဒီဒေသထဲကို အမေရိကန် တပ်ဖွဲ့ဝင် ဦးရေ ၇,၀၀၀ ကျော် စေလွှတ်ထားပြီလို့ အမေရိကန်ဗိုလ်ချုပ် ကော်နဲလ် ဝေလ်ဆင် (Cornell Wilson) က ပြောဆိုလိုက်ပါတယ်။
ကုန်းလမ်းကနေ လမ်းကြောင်း မပွင့်သေးသရွေ့ ကာရေဘီယန် ပင်လယ်ထဲမှာ အခြေစိုက်တဲ့ အမေရိကန် တပ်ဖွဲ့တွေ တပ်စွဲထားရဦးမှာ ဖြစ်တဲ့အကြောင်း၊ ငလျင်ဘေးသင့် လူထုအတွက် သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ ပံ့ပိုးပေးနိုင်ဖို့က အမေရိကန် တပ်ဖွဲ့တွေရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်ကြောင်း ဗိုလ်ချုပ်ဝေလ်ဆင်က ရှင်းပြပါတယ်။
ပြိုကျ ပျက်စီးနေတဲ့ မြို့တွင်းကနေ လူထုကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့အတွက် သူတို့မှာ တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။
လာမယ့် သီတင်းပတ်တွေအတွင်း အမေရိကန် တပ်ဖွဲ့ဝင်ဦးရေ ၁၀,၀၀၀ ကျော်ဟာ အဲဒီဒေသတွင်းမှာ နေရာယူထားရဦးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။