သတင်းပေါက်ကြားမှု နဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်စီရင်ချက်

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်သတင်းပတ်အတွင်းက ဦးဝင်းနိုင်ကျော် နဲ့ ကိုသူရကျော် ဆိုသူတို့ကို စစ်အစိုးရက သေဒဏ် ပေးလိုက်ပါတယ်။ ဒီကိစ္စကို နိုင်ငံတကာသတင်းတွေက အတော်လေး ထိတ်လန့်သွားတယ်သတင်း ဖြစ်ပါတယ်။ ဒီလို သေဒဏ်ပေးတယ်ဆိုတဲ့ကိစ္စက တကယ်တော့ သူတို့ရဲ့ နိုင်ငံတော်လျှို့ဝှက်ချက်လို့ဆိုတဲ့ မြောက်ကိုရီးယားကို မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တချို့ ခရီးသွားခြင်း နဲ့ အိန္ဒိယကိုသွားစဉ် ပြောဆိုတဲ့ကိစ္စ။ မြန်မာနိုင်ငံအတွင်းမှာ ဥမင် လှိုဏ်ခေါင်းဖောက်နေတဲ့ပုံတွေကို ဖော်ထုတ်ခဲ့လို ဆိုပါတယ်။

သတင်းအနေနဲ့ကြည့်တော့ ဒီသတင်းလောက်ကို သေဒဏ်ပေးတယ်ဆိုတော့ အတော်လေးအံ့သြမိပါတယ်။ ဒီကိစ္စတွေက ဘယ်လောက်များ အရေးကြီးလို့လဲ။ ကျနော်တို့ သတင်းသမားတွေနဲ့ကြည့်ရင် ဒီသတင်းတွေက ဘယ်လောက်ကြီးကျယ်တဲ့ သတင်းလဲမဟုတ်၊ တချို့သတင်းဌာနတွေဆိုရင် ဒီအကြောင်းကို သေသေချာချာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။ ဒီလိုလုပ်ဆောင်တာကို ပိုမိုသိရှိနိုင်ဖို့ မြန်မာ့သတင်းသမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့် နဲ့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အကျိုးဆောင်ရှေ့နေ ဦးမင်းလွင်ဦး တို့ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြ ထားပါတယ်။

ဦးကျော်ဇံသာ။ ။ ဦးမောင်မောင်မြင့် သတင်းသမားအနေဖြင့် ပထမဦးဆုံး သုံးသပ်ပေးပါ။ ဒီသတင်းဟာ ဘယ်လောက် ကြီးကျယ်တဲ့ လျှို့ဝှက်ချက်လဲ။ သေဒဏ်ပေးရလောက်အောင် အရေးကြီးတဲ့ လျှို့ဝှက်ချက်တခုများလား။

ဦးမောင်မောင်မြင့် ။ ။ ကျနော်အနေနဲ့ မြင်တာက ဒီသတင်းထွက်လာတဲ့အခါမှာ အင်တာနက်ထဲမှာ ပြန့်သွားတဲ့အခါမှာ မြောက်ကိုရီးယားခရီးစဉ်နဲ့ ပတ်သက်ပြီးတော့၊ နောက်ပြီးတော့ တရုတ်၊ အိန္ဒိယ ခရီးစဉ်တွေလည်းပါတယ်။ အဲဒီ ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး ထွက်လာတဲ့ စာရွက်စာတမ်းတွေကို ဖတ်မိပါတယ်။ ဖတ်မိတဲ့အခါကျတော့ သူတို့ အခု လောလောဆယ် အကြောက်ဆုံး အကြောင်းအရာဖြစ်တဲ့ မြောက်ကိုရီးယားသတင်းကို ဖတ်ကြည့်တဲ့အခါကျတော့ တကယ်တမ်း ဒီခရီးစဉ်ရဲ့ မှတ်တမ်းကို ဖော်ပြထားတာသာဖြစ်တယ်။ အဲဒီမှာ အစိုးရချင်း သဘောတူညီတဲ့ စာချုပ်စာတမ်း တွေ လက်မှတ်ရေးထိုးတဲ့ကိစ္စတွေကို အသေးစိတ် ဖော်ပြထားတာ ဘာမှလဲ မရှိဘူး။ လက်နက်အရောင်းအဝယ်တွေ ကိစ္စတို့ ကုန်စည်ပစ္စည်းအရောင်းအဝယ်တို့ စသည်ဖြင့် အစိုးရတရပ်အနေနဲ့ လျှို့ဝှက်ဖို့ လိုအပ်တယ်လို့ ယူဆရတဲ့ သတင်းမျိုးကို ဖော်ပြထားတာ မရှိပါဘူး။ ကျနော်အနေနဲ့ ဒါဟာ ခရီးစဉ်မှတ်တမ်းသက်သက် ဖြစ်တဲ့အတွက်ကြောင့် ဒီမှတ်တမ်းပေါ်ကို အခြေပြုပြီး သူတို့သေဒဏ်ပေးတယ်ဆိုတာ အင်မတန်မှ ပြင်းထန်လွန်းအားကြီးတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဒီသတင်းထွက်လာတဲ့အခါမှာကျတော့ တချို့က ဒီသတင်းဟာ မြန်မာနိုင်ငံမှာ မီးရထားလမ်း အတွက် တူးဖော်တဲ့ ဥမင်လှိုဏ်ခေါင်းတွေသာ ဖြစ်တယ်။ တချို့ကလည်း ဒါ ရေလောင်တာတမံတွေ တူးနေတဲ့ကိစ္စတွေသာ ဖြစ်တယ်လို့ ပြောကြတယ်။ စစ်အစိုးရ ငြင်းချက်မထုတ်ဘူး။ တချို့ကိစ္စတွေမှာတော့ စစ်အစိုးရက ငြင်းဆိုတယ်။ မြောက်ကိုရီးယားနဲ့ ပေါင်းပြီးတော့ နျူကလီယားလုပ်နေတယ်၊ ဘာညာဆိုပြီး လူတွေသုံးသပ်ခဲ့ကြတဲ့အခါမှာ ငြင်းချက် မထုတ်ဘဲ ငြိမ်နေခဲ့တယ်။ အဲဒီတုန်းက ကျနော်တို့ကပြောခဲ့တဲ့ ဆိတ်ဆိတ်နေတာ ဝန်ခံခြင်းလို့။ ဆိုတော့ အခုလို ဒီကိစ္စ လေးကို ဖော်ထုတ်လိုက်တဲ့အတွက် ဒီလူတွေကို သေဒဏ်ပေးတယ်ဆိုတော့ သူတို့က တကယ်ပဲ နျူကလီယားလုပ်ဖို့ ရည်ရွယ်ချက်နဲ့လုပ်ဖို့ လုပ်နေတယ်ဆိုတာ ပိုပြီးတော့ ဝန်ခံနေသလို ဖြစ်မသွားဘူးလား။

ဦးမောင်မောင်မြင့် ။ ။ ဟုတ်ကဲ့ ကျနော်တို့ အဲဒီလို တွေးလိုရှိရင်တော့ ဒါဟာ အမှန်တကယ်ပဲ သူတို့ ဖုံးစရာကွယ်စရာ တခုခုရှိနေလို့ ဒီသတင်းကို ထွက်မလာအောင် သူတို့ တားဆီးတယ်ဆိုတဲ့ သဘောမျိုး ကျနော်တို့ ယူလို့ရပါတယ်။ တကယ်တမ်းသာ စစ်အစိုးရအနေနဲ့ ဒီအပြင်နိုင်ငံတွေရဲ့ အစိုးရတွေမျိုး ပွင့်ပွင့်လင်းလင်း ရှိမယ်။ တိုင်းသူပြည်သားတွေကို အသိပေးတတ်တဲ့ တာဝန်မျိုးကို သူတို့ယူတတ်တယ်ဆိုရင် ဒီကိစ္စမျိုးက နိုင်ငံကို အသိပေးရမယ့်ကိစ္စမျိုးတွေ။ အစိုးရပိုင် သတင်းစာထဲကနေ ပြည်သူကို အသိပေးရမယ့် ကိစ္စမျိုးတွေ ဖြစ်ပါတယ်။ အစိုးရခရီးစဉ်ကလည်း ဒီအတိုင်းပဲ လူထုကို အသိပေးရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ ဒီကိစ္စမျိုးတွေကို အသိမပေးတဲ့အပြင် လျှို့ဝှက်ထားပြီးတော့ လျှို့ဝှက်မှု ပေါ်လာတဲ့ အခါကျတော့ လျှို့ဝှက်မှုနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီးတော့ သေဒဏ်ပေးပြီးတော့ လုပ်တယ်ဟာမျိုးက တကယ်တမ်းမှာ ဒီနောက်ကွယ်မှာ တခုခုရှိနေတယ်ဆိုတဲ့ သဘောမျိုး သက်ရောက်ပါတယ်။ ကျနော်တို့ အဆုံးစွန် စဉ်စားမယ်ဆိုရင် ဒါတွေဟာ နျူကလီယားကိစ္စနဲ့ ပတ်သက်တယ်လို့ လူတွေယူဆမယ်ဆိုရင် ယူဆလို့ ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါကတော့ သတင်းသမားရဲ့ သတင်းရှုထောင့်ကကြည့်ပြီး သုံးသပ်ထားတာဖြစ်ပါတယ်။ ဥပဒေသမား ဦးမင်းလွင်ဦးအနေနဲ့ အခုကိစ္စကို စစ်အစိုးရက ဘယ်လို ပုဒ်မတပ်ပြီး သေဒဏ်ပေးသလဲ။

ဦးမင်းလွင်ဦး ။ ။ အခု ဗိုလ်မှုးဟောင်း ဝင်းနိုင်ကျော် နဲ့ ကိုသူရကျော်တို့ နှစ်ဦးကို သေဒဏ်ပေးလိုက်တဲ့ကိစ္စက ၁၉၅၀ နှစ် အရေးပေါ်စီမံမှု အက်ဥပေဒ ပုဒ်မ (၃) အရ စစ်ဆေးစီရင်ပြီးတော့ သေဒဏ်ပေးတယ်လို့ သိရပါတယ်။ ၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပေဒ စပြီးပြဌာန်းကတည်း က သူမှာ ပြဌာန်းရတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးခါစမှာ ပြည်တွင်းသောင်းကျန်းမှုတွေ ဖြစ်လာတယ်။ ပြည်တွင်းသောင်းကျန်းမှုတွေ ဖြစ်လာတဲ့အခါမှာ အရင် ပြဋ္ဌာန်း ထားခဲ့တဲ့ မတရားအသင်း အက်ဥပဒေတခုတည်းနဲ့ အရေးယူဖို့အတွက် မလုံလောက်တော့ဘူး ဖြစ်လာတယ်။ အဲဒီလို မလုံလောက်တဲ့အခါမှာ မတရားအသင်းအဖြစ် ကြေညာထားတဲ့ ကွန်မြူနစ်လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို အရေးယူနိုင်ဖို့အတွက် ၁၉၅၀ ပြည်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေကို ပြဌာန်းပြီးတော့ အဲဒီအချိန်တုန်းက ပြည်တွင်းသောင်းကျန်းသူလို့ဆိုတဲ့ အဖွဲ့အစည်းတွေကို အရေးယူဖို့ ရည်ရွယ်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ဖြစ်တယ်။ အခုကြတော့ ဒီ ဗိုလ်မှုးဝင်းနိုင်ကျော် နဲ့ ကိုသူရကျော်တို့ကို ဒီဥပဒေနဲ့ပဲ အရေးယူပြီးတော့ အပြစ်ပေးတယ် ဆိုတာက ကျနော်တို့အနေနဲ့ ပြောရမယ်ဆိုလိုရှိရင် ဒီဥစ္စာက ဥပဒေအရ တရားစွဲဆိုမှု လွဲမှားနေတယ်၊ တကယ်တမ်း သက်သေအထောက်အထား ခိုင်ခိုင်မာမာ ရှိခဲ့တယ်ဆိုရင် နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ အရေးယူနိုင်တယ်။ နောက်တခါ နိုင်ငံခြားကို အစိုးရရဲ့ လျှို့ဝှက်တဲ့သတင်းတွေကို အက်လထရောနစ် နည်းပညာကို အသုံးပြုပြီးတော့ ပေးပို့တယ်ဆိုတာကိုလည်း ထင်ထင်ရှားရှား သက်သေပြနိုင်မယ်ဆိုရင်တော့ အစောက အက်လထရောနစ် အက်ဥပဒေအရ အရေးယူနိုင်တယ်။ ဒီ ၁၉၅၀ ပြည့်နှစ် အက်ဥပဒေနဲ့တော့ သေဒဏ်ပေးတဲ့ကိစ္စက ကျနော်အနေနဲ့ အလွန်မှ မှားယွင်းတယ် ဆိုတာကို ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ သေဒဏ်ပေးတယ်ဆိုရင်လည်း ကျနော်တို့သိတဲ့ နိုင်ငံတော် ပုန်ကန်မှုနဲ့ သေဒဏ်ပေးခဲ့တာတွေကိုတော့ open trial လူထုကို တရားရုံးကို ခွင့်ပြုနားထောင်ခွင့်ပေးတယ်။ သတင်းစာတွေမှာ ဖော်ပြတယ်။ ဒီကိစ္စကျတော့ အဲဒီလို လည်း မပေးပါလား။

ဦးမင်းလွင်ဦး ။ ။ ဒီကိစ္စကြတော့ open trial မဟုတ်ဘဲနဲ့ လွတ်လပ်တဲ့တရားခွင်အဖြစ် စစ်ဆေးစီရင်ခြင်း မဟုတ်ဘဲနဲ့ အထူးတရားရုံးဖွင့်လှစ်ပြီးတော့ စစ်ဆေးဆောင်ရွက်တဲ့ သေဒဏ်အဖြစ် အမြင့်ဆုံးပြစ်ဒဏ်တွေပေးတယ်။ ဒါတွေဟာ ကျနော်တို့ ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေနဲ့ လုံးဝ မကိုက်ညီဘူးဆိုတာကို ကျနော်တို့အနေနဲ့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဦးမောင်မောင်မြင့် ကို ပြန်ပြီးတော့ မေးချင်ပါတယ်။ ဒီပုဂ္ဂိုလ် နှစ်ဦး - ဦးဝင်းနိုင်ကျော် နဲ့ ကိုသူရကျော် တို့တတွေဟာ သတင်းသမားတွေ မဟုတ်ကြဘူး။ ဆိုတော့ ကျနော်တို့ သတင်းသမားဆိုရင်တော့ အဲဒီသတင်း ကို ကျနော်တို့ပို့တယ် အချက်အလက်သိလို့ ပို့လိုက်တယ်ပေါ့။ ဒီလူတွေက သတင်းသမားမဟုတ်ဘဲနဲ့ ပို့တယ်ဆိုတော့ မြန်မာနိုင်ငံ စစ်အာဏာပိုင်တွေက သူတို့ နှစ်ယောက်ဟာ ငါတို့ အစိုးရကို မလိုမုန်းထား တမင်နစ်နာစေသော ရည်ရွယ်ချက် နဲ့ ပို့တယ်ဆိုပြီးတော့ အပြစ်ပြောစရာများ ပိုပြီးကြီးလေးနေပါသလား။

ဦးမောင်မောင်မြင့် ။ ။ ဟုတ်ကဲ့ သူတို့အနေနဲ့ သေဒဏ်ပေးခံရတဲ့အဆင့်အထိ ပြင်းပြင်းထန်ထန် အရေးယူလိုက်တယ်ဆိုတဲ့ ကိစ္စမှာ အထောက်အထားတွေကို ဘယ်လိုယူသလဲဆိုတာကို ကျနော်တို့ မသိဘူး။ သို့သော် ကျနော်တို့ ခန့်မှန်းကြည့်ရ သလောက်တော့ စစ်ထောက်လှမ်းရေးရဲ့ ထုံးစံကတော့ နှိပ်စက်ညှင်းပန်းပြီးတော့မှ ထွက်ချက်ယူတတ်တဲ့ ဓလေ့လည်း ရှိပါတယ်။ ဆိုတော့ ဒီကိစ္စပြန့်သွားတာဟာ ဘယ်သူရှိက ပြန့်သွားတယ်ဆိုတာ တိတိကျကျ မသိဘူး။ သိသည့်တိုင်အောင် လည်း ဒါဟာ သတင်းသမားက ဖြန့်တာလား၊ ဒါမှမဟုတ် သတင်းသမားက အင်တာဗျူးလုပ်လိုက်လို့ ဒီလူက ပြောမိလိုက် တာလား။ ဒါမှမဟုတ် သူတို့ဆက်သွယ်ရေး လမ်းကြောင်းတခုခုကနေပြီး ဒီသတင်းပေါက်ထွက်သွားတာလား ဆိုတာတွေကို မသိနိုင်ပါဘူး။ ဒီလူတွေကို ကျနော်တို့က ဒီသတင်းကို ပေါက်ကြားစေတယ်ဆိုတဲ့ စွပ်စွဲချက်မျိုး စွပ်စွဲလို့ မရဘူး။ စစ်အစိုးရ က စွပ်စွဲသည်တိုင် ကျနော်တို့က အဲဒီနောက်ကို လိုက်လို့ မရဘူး။ နောက်တချက်ကတော့ အခုလိုမျိုး သတင်းပေါက်ကြား တယ် ဆိုတဲ့ကိစ္စမှာ သူတို့အတွင်းလူကနေ ပေါက်ကြားတယ်ဆိုတဲ့သဘောမျိုး သူတို့ယူဆတဲ့အတွက်ကြောင့် သူတို့က ပိုပြီးတော့ ပြင်းပြင်းထန်ထန် အရေးယူတာလည်း ဖြစ်နိုင်သလို သူတို့စစ်တပ်အနေအထားအရ တဖြည်းဖြည်းနဲ့များ အစည်းပြေလာသလားလို့ ထင်လာတာဖြစ်နိုင်ပါတယ်။ နောက်တခုကတော့ သတင်းသမားနဲ့ ပတ်သက်လို့ ကျနော်တို့ သတင်းထောက် မလှလှဝင်း ဆိုလို့ရှိရင် ပခုက္ကူမှာသွားပြီးတော့ ဘုန်းကြီးတွေကို အင်တာဗျူးလို့ သူကို ပထမထောင်ဒဏ် (၇) နှစ်၊ နောက်တော့ အနှစ် (၂၀) - စုစုပေါင်း (၂၇) နှစ် အချခံရပါတယ်။ ဆိုတော့ ဒီအမျိုးသမီးဟာ အသက် (၂၅) နှစ်ပဲ ရှိသေးတဲ့ အမျိုးသမီးတဦးကို (၂၇) နှစ် ထောင်ဒဏ်ချတယ်။ သူရဲ့ အမှုက သာမန်သတင်းသမားတယောက်အနေနဲ့ လုပ်ရမယ့် သတင်းပို့ရတဲ့ အမှုလေးကိုပဲ လုပ်မိတာပါ။ စစ်အစိုးရအနေနဲ့ သေချာတာကတော့ သတင်းတွေကို တတ်နိုင်သလောက် ထိန်းချုပ်ချင်တယ်၊ လူထုကို အသိပေးရမယ့် သတင်းမျိုးတွေကို မပေးချင်ဘူး။ ကုန်ကုန်ပြောရရင် မြန်မာနိုင်ငံရဲ့ မြို့တော်ကို ပြောင်းတဲ့ကိစ္စ။ တကယ်တမ်းဆိုရင် နိုင်ငံရဲ့ အလံတို့၊ နိုင်ငံတော်သီချင်းတို့၊ နိုင်ငံရဲ့မြို့တော်တို့ ဒါတွေကို အစိုးရအနေနဲ့ သူတို့ဘာသာ လုပ်ချင်သလို လုပ်လို့ မရဘူး။ လူထုဆန္ဒခံယူပွဲ ယူပြီးတော့ လုပ်ရမယ့် အလုပ် မျိုးတွေ ဖြစ်ပါတယ်။ နေပြည်တော်ပြောင်းတာကို ဘယ်သူမှ မသိလိုက်ဘူး။ သူတို့နောက်ဆုံး ပြောင်းပြီဆိုမှ ကျနော်တို့ သိတယ်။ နိုင်ငံတကာကလည်း သူတို့ပြောင်းမှ သိတယ်။ ဆိုတော့ စစ်အစိုးရအနေနဲ့ တကယ်တမ်း ပြောမယ်ဆိုရင် သတင်းမှန်သမျှ။ နောက်ဆုံး သူတို့အကျိုးစီးပွားကို တည့်တည့်ကြီး ရည်ရွယ်တာမဟုတ်တဲ့ သတင်းမှန်သမျှအားလုံးကို ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့သဘောမျိုး ကျနော်တို့မြင်နေရတယ်။ အဲဒီနည်းအားဖြင့် သူတို့က တိုင်းပြည်ကို အုပ်ချုပ်လို့ ရမယ်လို့ သူတို့က သဘောထားပုံရပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်ဆက်ပြီးတော့ ဒီမှာ မြင်မိတာက ဒီလူတွေနှစ်ယောက်ကို သေဒဏ်ပေးလိုက်တာ တနည်းအားဖြင့် သတင်းလောကကိုပါ သတိပေးလိုက်တဲ့သဘောပေါ့။ ခြိမ်းခြောက်တဲ့သဘောပေါ့။ အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲ နီးလာပြီး ရွေးကောက်ပွဲမှာ ပိုပြီးပွင့်ပွင့်လင်းလင်း ပြောဖို့ သတင်းသမားတွေကလုပ်လာရင် မင်းတို့လည်း ဒီလိုဖြစ်မယ်လို့ ကြိုပြီးသတိပေးထားတဲ့သဘော ရွေးကောက်ပွဲကာလအတွက်တောင်မှ သတင်းလွတ်လပ်ခွင့်ဟာ အင်မတန် ခြိမ်းခြောက်ခံ နေရတယ်ဆိုတဲ့သဘော ဖြစ်မနေဘူးလား။

ဦးမောင်မောင်မြင့် ။ ။ လုံးဝသေချာပါတယ်။ အခုလောလောဆယ် သတင်းပို့တဲ့လူကို ထောင်တန် အနှစ် (၂၀) တို့ (၂၇) နှစ်တို့ ချတယ်။ နောက်ပြီးတော့ သူတို့သတင်းပို့တဲ့အမှုနဲ့ တိုက်ရိုက်ကြီး အရေးယူလို့ မရလို့ရှိရင် နာဂစ်မုန်တိုင်းဘေးမှာ သွားပြီးတော့ ကူညီတဲ့လူတွေကို ကူညီတဲ့အမှုနဲ့ သွားပြီးတော့ အရေးယူတယ်။ တကယ်တမ်းပြောမယ်ဆိုလို့ရှိရင် လူတယောက်ကို သတင်းသမားတွေကို ထောင်ချလို့ရမယ်ဆိုရင် ထောင်ချလို့ရတဲ့နည်းလမ်းမျိုးတွေကို ရှာပြီးတော့ အရေးယူနေတာကို တွေ့ရပါတယ်။ ဒါဟာ တကယ်ပြောမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲမှာ သတင်းသမားတွေက မှန်မှန်ကန်ကန် သတင်းပို့မှာကို စိုရိမ်လွန်အားကြီးလို့ ဒီလိုမျို ခြိမ်းခြောက်တယ်၊ သတိပေးတယ်၊ ဟန့်တားတယ်ဆိုတဲ့ သဘောမျိုး ကျနော်တို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာက ရှေ့နေ ဦးမင်းလွင်ဦး ဖြစ်ပါတယ်။ တချို့ကတွေးမယ် ဒီလူတွေကို သေဒဏ် ပေးတာ ခြိမ်းခြောက်ချင်တဲ့သဘော သတင်းသမားတွေကို မင်းတို့ သတိထားကြဆိုပြီးတော့၊ ခြိမ်းခြောက်ဟန့်တားခြင်းတဲ့ သဘောမျိုးနဲ့ ပေးချင်တာဖြစ်တယ်။ တကယ်တမ်း သေဒဏ်စီရင်မှာ မဟုတ်ပါဘူးဆိုပြီးတော့ တွက်တဲ့လူတွေလည်း ရှိတယ်။ အဲဒီတချက်ကော ဖြစ်နိုင်ပါသလား။

ဦးမင်းလွင်ဦး ။ ။ တော်လှန်ရေးကောင်စီ တက်လာကတည်းက သေဒဏ်ပေးတဲ့အမှုတွေ တော်တော်များများ ရှိပါတယ်။ အဲဒီမှာ ကိုတင်မောင်ဦး၊ ဗိုလ်ကြီးအုန်းကျော်မြင့် တို့လောက်ဘဲရှိတယ်။ နောက်ပိုင်းတွေမှာ သေဒဏ်ပေးတဲ့ကိစ္စတွေက အမိန့်တွေတော့ ချလိုက်တယ်၊ ဒါပေမဲ့ နောက်ပိုင်းတွေမှာ အယူခံပြင်ဆင်မှုတွေအရလည်းကောင်း လွတ်ငြိမ်းချမ်းသာမှုတွေ အရလည်းကောင်း သေဒဏ်မပေးဖြစ်ဘဲနဲ့ ထောင်ဒဏ်တွေပြောင်းလဲပေးလိုက်တယ်ဆိုတာကို ကျနော်တို့ သိရတယ်။ နောက် မြန်မာနိုင်ငံအတွင်းမှာလည်း သေဒဏ်ကိုသာ ချမှတ်ထားလည်း အခုနောက်ပိုင်းတွေမှာ သေဒဏ်ကို ဆက်လက် ဆောင်ရွက်မှု မရှိဘူးဆိုတာကို တွေ့ရတယ်။ အထူးသဖြင့် မူးယစ်ဆေးဝါးမှုတွေနဲ့ ပတ်သက်လို့ သေဒဏ်အဖြစ် ပြင်းပြင်းထန်ထန် ပေးနိုင်တဲ့အမှုမျိုးတွေကိုမှ သေဒဏ်အဖြစ် အပြစ်ပေးထားတာ မရှိသေးဘူးလို့ ကျနော်တို့သိရတယ်။ အခုကလည်း ပြည်သူလူထုတွေနဲ့ တပ်မတော်ထဲကတချို့ မယုံကြည်တဲ့လူတွေ လက်စလက်နရှိသူတွေကို ကဲ မင်းတို့ ဒီလောက် တွေ့ပြီးလား ငါတို့ ဒါတွေချပေးလိုက်မယ်၊ ကြောက်သွားအောင်၊ လန့်သွားအောင် အခုလိုမျိုး စံပြအနေနဲ့ လုပ်ပေးလိုက်တာဖြစ်တယ်။ နောက်ပိုင်းတွေမှ ရွေးကောက်ပွဲအောင်မြင်သွားလို့ ၂၀၁၀ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးစီးပြီဆိုပြီး လွတ်ငြိမ်းချမ်းသာခွင့်တွေပေးပြီးတော့ ပြစ်ဒဏ်တွေပြောင်းပြီးတော့ အပြစ်ပေးလိုက်ရင်လည်း ဘယ်သူမှ မသိတော့ဘူး။ ဒါတွေက စစ်အစိုးရတွေ၊ အာဏာရှင်တွေရဲ့ လုပ်နေကြ လုပ်ထုံးလုပ်နည်းတွေပဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တရားဥပဒေဟာ တရားဥပဒေဆိုတာရှိနေတာ မဟုတ်ဘဲနဲ့ သူတို့ရည်ရွယ်ချက် အောင်မြင် ထမြောက်ဖို့ အတွက် ပံ့ပိုးတဲ့အရာတခုလို ဖြစ်နေတာပေါ့။

ဦးမင်းလွင်ဦး ။ ။ ဟုတ်ကဲ့ခင်များ အဲဒီလိုပြောရမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုလို့ရှိရင် အခု နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုတွေနဲ့ အရေးယူတဲ့ ကိစ္စရပ်တွေတချို့ကို ပြန်ကြည့်မယ်ဆိုရင် အောင်လံမြို့နယ်က ကိုဇော်ဌေး ဆိုလို့ရှိရင် သစ်ပင်မှာ ကပ်ထားတဲ့ ဆိုင်းဘုတ်ကိုရိုက်ပြီးတော့ ဒီဗွီဘီ ကို ပို့လိုက်တဲ့ စွပ်စွဲချက်နဲ့ အခု လျှပ်စစ် နည်းပညာ အက်လထရောနစ် အက်ဥပဒေ နဲ့ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ အရေးယူခြင်းခံရတာကို တွေ့ရတယ်။ ဒါတွေက နောက်ပိုင်းမှာ လူတွေ မလုပ်နိုင်အောင်၊ မလုပ်ရဲအောင် ခြောက်တဲ့သဘောမျိုးအနေနဲ့ အခုလိုမျိုး စီမံဆောင်ရွက်တယ်၊ တရားဥပဒေကို လုံးဝလျစ်လျုရှုပြီးတော့ လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုတာကို ကျနော်တို့ ပေါ်တင်ပဲ တွေ့နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ တရားဥပဒေကို ခြောက်လှန့်ရေးနည်းပရိယာယ် တရပ်အဖြစ် အသုံးချနေပေမဲ့ လူအဖွဲ့အစည်းတခုရဲ့ အမှန်တရားလိုလားတတ်သော သဘောသဘာဝကို ထိန်းချုပ်ဟန့်တားလို့ ရမယ်ထင်ပါသလား။