မြန်မာနိုင်ငံမှာ စစ်အစိုးရက ဝန်ထမ်းလစာတွေကို တိုးမြှင့်ကြောင်း နှစ်ဆန်ပိုင်းမှာ ကြေညာခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာမှာ အစိုးဝန်ထမ်းတွေ လစာတိုးမြှင့်တယ်ဆိုတာ နှစ်စဉ်နေထိုင်ရာဒေသအလိုက် လူထုတွေရဲ့ သုံးစွဲတဲ့အင်အားနဲ့ ငွေကြေးဖောင်းပွမှုနှုန်းထားမှုအပေါ် ညှိနှိုင်းတွက်ချက်ပြီး ရာခိုင်နှုန်းအနည်းငယ်ပဲ ပုံမှန်တိုးပေနေကြကိစ္စဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ မမျှော်လင့်ဘဲ တခါတခါမှ ခုန်ပြီးတိုးပေးတဲ့ သဘောဖြစ်တာမို့ ကုန်ဈေးနှုန်း မတည်ငြိမ်မှုပြဿနာကို ပိုပြီးကြီးထွားစေကြတယ်လို့ ဆိုကြပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်မှာ ရှိနေတဲ့ မြန်မာ့စီးပွားရေးလေ့လာနေသူ ဦးစိန်ဌေး ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်ပြီး လစာတိုးပေးမှု နဲ့ မြန်မာနိုင်ငံစီးပွားရေးအခြေအနေကို သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။
ဦးစိန်ဌေး ။ ။ မြန်မာနိုင်ငံမှာ အရင်တုန်က မဆလခေတ်က ဝန်ထမ်းလစာကို Consumer price index (CPI) ခေါ် စာသုံးသူရဲ့ ဈေးဆနှုန်းကိန်းနဲ့ ကြည့်ပြီးတော့ အဲဒီအကောင်က တက်သွားရင် အဲဒါနဲ့ အချိုးညီတဲ့ ဝန်ထမ်းတွှေအတွက် လစာကို adjust လုပ်နိုင်ဖို့အတွက် စဉ်းစားတဲ့နည်းရှိတယ်။ အဲဒီတုန်းက ကုန်ဈေးနှုန်းကလည်း ဒီလောက်မတက်ဘူး။ အဲဒီလို မတက်တဲ့အခါကြတော့ ခဏခဏ (လစာ) တိုးစရာမလိုဘူး။ နည်းနည်းလေး မျှတတယ်။ သို့သော် နည်းနည်းလေး တက်သွားရင် ဘာနဲ့လုပ်သလဲဆိုတော့ ဝန်ထမ်းတွေကို ရှားပါးစရိတ် - ရှားပါးစရိတ်ကတော့ ဆန်တွေ ရှားပါးတဲ့အချိန်မှာ ဆန်အပါအဝင် စားသုံးကုန်စည်တွေကို နိုင်ငံတော်က ပံ့ပိုးတဲ့စနစ်နဲ့ ထိန်းပြီးအဲဒီနည်းနဲ့ (မဆလခေတ်က) သွားခဲ့တယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ မရှင်းတာက စောစောက ဦးစိန်ဌေး ပြောဆိုသလို မဆလခေတ်မှာဆိုရင် နည်းနည်း တိုးပေးတာ မလုပ်ဘဲ လစာကို တိုးပေးမယ့်အစား ရှားပါးစရိတ် နဲ့ သက်သာချောင်ချိရေးဆိုပြီးတော့ ဆန်ဆီဆပ်ပြား ဝေတဲ့ကိစ္စမျိုးတွေ လုပ်ခဲ့တယ်။ အဲဒီကိစ္စတွေက ဒီဘက် စစ်အစိုးရတက်လာပြီးနောက်ပိုင်းတွေမှာ ဒါမျိုးတွေ ဆက်ရှိ မနေဘူးလား။ ကျနော်သိသလောက်ဆိုရင် စစ်တပ်မှာ ရိက္ခာပေးတာတွေရှိတယ်၊ ဝန်ထမ်းတွေဆိုရင်လည်း ဆန်ပေးတာ တွေ စစ်အစိုးရလက်ထက်အထိ လုပ်ခဲ့တယ်လို့ ကြားပါတယ်။
ဦးစိန်ဌေး ။ ။ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါ မလောက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဆလခေတ်မှာတုန်းက ကုန်စည်ရဲ့ ဈေးနှုန်းနဲ့ တနည်းပြောရင် အပြင်မှာဖြစ်နေတဲ့ ဝန်ထမ်းတွေရဲ့ ဝင်ငွေနဲ့ဟာ အဲဒီလောက် အချိုးအစားမကွာဘူး။ နည်းနည်းပါးပါး ကွာလာရင် ပါမစ် (permit) နည်း (နဲ့ လုပ်တယ်)။ လူကြီးတွေဆိုရင် ပဒုမ္မာ၊ မေတ္တာ ပေါ့။ ပြည်သူတွေ (အခြေခံလူတန်းစား) ကျတော့ ကုန်သွယ်ရေး ပါမစ်တွေ ဆိုပြီး ခွဲခြားထားတယ်။ အဲဒီနည်းနဲ့ ထိန်းတယ်၊ ရှားပါးစရိတ်နဲ့ ထိန်းတယ်။ ရှားပါးစရိတ်မှာ ဝင်ငွေနဲ့ ထိန်းခဲ့တယ်။ သိပ်လည်း ကုန်ထုတ်လုပ်မှု စရိတ်ကမကြီးတဲ့အခါကျတော့ ကွာဟချက် မကြီးခဲ့ဘူး။ ဒီဘက်ခေတ်ရောက်တော့ ဦးနေဝင်း က ပိုက်ဆံတွေ သိမ်းလိုက်တော့ ဒီပိုက်ဆံတွေက ပြဿနာ တက်လာ၊ ရှားပါးလာပြီး ကုန်ဈေးနှုန်းတွေ ကမောက်ကမဖြစ်၊ ကောလဟလတွေဖြစ် အခြေအနေတွေနဲ့ တိုင်းပြည်က မငြိမ်မသက် ဖြစ်ရာကနေ စီးပွားရေးကျစပြုရာကနေ ကမောက်ကမဖြစ်မှုကနေ ကုန်ဈေးနှုန်းကြီးမြှင့်မှုက အဆမတန် ကြီးလာတယ်။ အဲဒီအချိန်မှာ တခါ ကုန်ထုတ်လုပ်မှုတွေ ဖရိုဖရဲ ဖြစ်တဲ့အခါကျတော့ ကုန်ထုတ်လုပ်မှုစရိတ်တွေ တက်လာတယ်။ ငွေစက္ကူ တွေ ရိုက်ထုတ်တယ်စတဲ့ အဲဒီလို သံသယလည်ရာကနေ ကုန်ဈေးနှုန်းကသိပ်မြင့်သွားတဲ့အခါမှာ အဲဒီက ကွာဟလာတဲ့ gap ကြီးမားမှုက ကုန်စည်လေးတွေ စားသုံးကုန်လေးတွေ ပံ့ပိုးမှုနဲ့ မလောက်တဲ့အခါကျတော့ ဒီပြဿနာတွေ ကြုံလာရတာပါ။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီနေရာမှာ ကျနော်တို့ ပထမဦးဆုံးမြင်ခဲ့ရတာက လစာတွေ သုံးလေးဆ ခုန်တိုးပေးလိုက်တဲ့ ကိစ္စ မျိုးပေါ့။ အဲဒီအချိန်တွေတုန်းက တပ်မတော်သားတွေရဲ့ လစာအပြင်ကို အစိုးရဝန်ထမ်းလစာတွေ သုံးလေးဆ တိုးပေး လိုက်တဲ့အတွက်ကြောင့် အပြင်ဘက်မှာရော ပုဂ္ဂိလကလုပ်နေတဲ့ လူတွေ၊ တခြားပုံမှန်ဝင်ငွေ မရှိတဲ့လူတွေအတွက်ဆိုရင် ရော ဘယ်လိုသက်ရောက်မှုတွေ ရှိခဲ့သလဲ။
ဦးစိန်ဌေး ။ ။ ဗမာပြည်မှာက နှစ်ပိုင်းရှိတယ်။ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာက ဝန်ထမ်းဆိုတာက တော်တော်ကို နည်းပါတယ်။ အချိုးအစားအားဖြင့် ကြည့်မယ်ဆိုရင် ဝန်ထမ်းနည်းတယ်။ ကုမ္မဏီဝန်ထမ်းတွေများတယ်၊ လစာများတယ်။ သဘောတရားကတော့ အတူတူဘဲ။ အစိုးရကတော့ သူနဲ့ဆိုင်တဲ့သူဝန်ထမ်းတွေကို ကျနော်တင်ပြခဲ့တဲ့ CPI စာသုံးသူရဲ့ ဈေးဆနှုန်းကိန်းကို ကြည့်ပြီးတော့မှ ဘယ်လောက်တိုးပေးသင့်တယ်။ သာမန်အလွယ်ပြောရင်တော့ ဒီနှစ်မှာ inflation ဈေးနှုန်းဖောင်းပွမှုတွေ ဘယ်လောက်ဖြစ်သွားသလဲ ရာခိုင်နှုန်းကြည့်ပြီး တိုးပေးတာဘဲ။ လွယ်လွယ်ပြောရင်။ တကယ် တိတိကျကျ ဘောဂဗေဒဝေါဟာရနဲ့ ပြောမယ်ဆိုရင်တော့ CPI ပေါ့။ အဲဒါကြည့်ပြီး တိုးပေးတယ်။ အဲဒီလိုဘဲ အဲဒီနိုင်ငံတွေမှာ ပုဂ္ဂလိကကုမ္မဏီတွေ private အဲဒီက ပုဂ္ဂလိက ဝန်ထမ်းတွေကြတော့ အပြင်မှာက ဈေးကွက်က ပြဋ္ဌာန်းတာ။ ဈေးကွက်က ဝယ်လိုအားနဲ့ ရောင်းလိုအား လုပ်ခရဲ့ လုပ်အားပေါ့။ လုပ်အားရှင်တွေရဲ့ အလုပ်သမားတွေရဲ့ ဝယ်လိုအား ရောင်းလိုအားက ပြဌာန်းပြီးတော့ အဲဒီ ဘောဂဗေဒအသုံးအရ အားမျှနေတဲ့ အခြေအနေမှာ ရှိတဲ့လုပ်ခကို adjust လုပ်ပြီးတော့ အဲဒီကုမ္မဏီပိုင်ရှင်က ပေး။ ဒီနည်းနဲ့ ပေးတာဖြစ်တယ်။
ဦးသန်းလွင်ထွန်း ။ ။ဗမာပြည်မှာ အစိုးရအနေနဲ့ ဝန်ထမ်းတွေကို လစာတိုးတယ်ဆိုတာက တိုးပေးဖို့ ပေးရမယ့်လစာကို ငွေစက္ကူတွေရိုက်နှိပ်ပြီးတော့ ပေးလိုက်တယ်။ ဒါပေမဲ့ အပြင်ဖက်မှာရှိနေတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေအတွက်ဆိုရင် သူတို့အနေနဲ့ ပေးရမယ့် လုပ်အားခတွေအတွက်ကို ပေးစရာငွေ စီးဆင်းမှု လုံလုံလောက်လောက် ရှိနိုင်မလား။
ဦးစိန်ဌေး ။ ။ တကယ့်တော့ ဝန်ထမ်းကို လစာတိုးပေးလို့ရှိရင် ကုန်ဈေးနှုန်းကြီးလို့၊ ကုန်ဈေးနှုန်းတက်လာလို့ ဝန်ထမ်းက ဝင်ငွေထွက်ငွေ မမျှတော့ဘူး။ ဒို့ဝန်ထမ်းတွေတော့ ဒုက္ခရောက်ပြီ၊ ဒါကို တိုးဖို့လိုတယ်လို့ စဉ်းစားတယ်ဆိုရင် တွက်ရ ချက်ရမှာက အခုနတင်ပြတဲ့ CPI ကိုကြည့်။ နောက်တခုက တိုင်းပြည်နဲ့ချီနေလေတော့ money supply ခေါ် ငွေကြေး ပမာဏ။ တိုင်းပြည်အတွင်းမှာ လဲလှယ်နေတဲ့ ငွေကြေးပမာဏ ဘယ်လောက်ရှိသလဲ။ များနေပြီလား။ များနေရင် ထပ် ရိုက်ထုတ်လို့ မရတော့ဘူး။ ထပ်ရိုက်ထုတ်ရင် ကုန်ဈေးနှုန်းက ထပ်တက်မှာ။ လူက ပိုက်ဆံများရင် ပိုသုံးမှာ။ အဲဒီတော့ အဲဒီအပေါ်ကြည့်ပြီး မလိုအပ်ရင် မရိုက်သေးဘူး။ ဘယ်လိုနည်းနဲ့ ကျင့်သလဲဆိုရင် အစိုးရက ပြည်သူဆီက ငွေချေးတယ်။ ပုဂ္ဂလိကဘဏ်တွေမှာ အတိုးနှုန်းမြှင့်လိုက်ရင် လူတွေက ဘဏ်လာအပ်ရင်၊ ဘဏ်ချေးငွေနဲ့ အဲဒီက တိုးလာတဲ့ ဝန်ထမ်း တွေကို တိုးပေးမယ့် လစာကို ဒီနည်းနဲ့ရှင်းတာ။ ဗမာပြည်မှာတော့ ရိုက်ထုတ်လိုက်ကွာ အဲဒီနည်းနဲ့ ရှင်းတဲ့ ပြဿနာက စတာ။ ဒုတိယပိုင်းဖြစ်တဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကျတော့ ပိုက်ဆံက စက်မရှိတော့ ရိုက်မထုတ်နိုင်ဘူး။ ရိုက်မထုတ်နိုင်တော့ ဘာလုပ်လည်းဆိုတော့ သူရဲ့ ဝန်ထမ်း၊ သူရဲ့ အလုပ်သမားတွေအတွက် ပိုက်ဆံတိုးပေးရတော့မယ်ဆိုတော့ သူ့ကုန်စည်ကို တင်ရတော့တာပေါ့။ ကုန်ထုတ်လုပ်မှုစရိတ်က အလုပ်သမားတယောက်အတွက် တိုးပေးလိုက်တဲ့ rate ရှိတယ်။ အဲဒီနှုန်းအရ ပိုက်ဆံက cost of operation ကုန်ထုတ်စရိတ် တက်သွားလို့ရှိရင် အဲဒီကတက်သွားတဲ့ငွေကို သူရဲ့အမြတ်နှုန်းကို ကာ မိ အောင်အတွက် ကုန်စည်ပေါ်မှာ တင်လိုက်တာ။ ကုန်စည်ပေါ် ဈေးနှုန်းတင်လိုက်ရင် အဲဒီကုန်စည် ဈေးတက်သွားတယ်။ ဈေးတက်သွားရင် ဘယ်သူက ပြန်ခံသလဲ။ ဒီပစ္စည်းကို ဝယ်တဲ့ စားသုံးသူက ပိုက်ဆံ ပို ပေးလိုက်ရတယ်။ ဒါကြောင့်မို့ market economy မှာ အစိုးရကလည်း ဝန်ထမ်းကို လစာ adjust လုပ်ပေးရင် ငါ ဘယ်ပိုက်ဆံနဲ့ ပေးမယ်ဆိုတာ ကြည့်ဖို့ လိုသလို အဲဒီအစိုးရက တိုင်းပြည်အတွင်းမှာရှိနေတဲ့ လည်ပတ်နေတဲ့ ငွေကြေးပမာဏ money supply ပမာဏ ဘယ်လောက်များသလဲဆိုတာအပေါ် ကြည့်ပြီးမှ ဒီငွေကို ဘယ်လိုနည်းနဲ့ ထိန်းမလဲ။ အသစ်ရိုက်ထုတ်ဖို့ လိုတာလား၊ ဒါမှမဟုတ်ရင် tax payer money ကို ဘယ်လိုသုံးမလဲ။ ဒါမှမဟုတ်ရင် ပြည်သူဆီက (public finance) ပြည်သူ့ဘဏ္ဍာငွေ တွေက ချေးငွေတွေ ချေးသုံးမှာလားဆိုတဲ့ ဒီနည်းတွေကို နက်နက်နဲနဲ တွေးခေါ်ပြီးတော့မှ အဲဒီနည်းနဲ့ရှင်းမှ တိုင်းပြည်ရဲ့ စီးပွားရေးစနစ်က တည်ငြိမ်မှာ။ အဲဒီလိုမဟုတ်ဘဲနဲ့ ထင်ရာလုပ်ပြီး ဝါဇီ ရှိတယ်ဆိုတဲ့ အားကိုးနဲ့ ဦးနေဝင်း က လုပ်ခဲ့တဲ့ ပြဿနာ အခုထိတက်နေတယ်။ အခုက ပိုဆိုးတာပေါ့။
ဦးသန်းလွင်ထွန်း ။ ။ အခု ဦးစိန်ဌေး ပြောပြတဲ့ ရှင်းပြတဲ့ အချက်အလက်တွေက အခုလက်ရှိ မြင်နေရတဲ့ လစာတိုးသလို ကုန်ဈေးနှုန်းလည်း တိုးလာတယ်ဆိုတဲ့ အခြေအနေတွေနဲ့ တိုက်ရိုက်ထင်ဟပ်မှု ဖြစ်နေတာပေါ့။
ဦးစိန်ဌေး ။ ။ ဒါပေါ့ တိုက်ရိုက်ဆက်စပ်တယ်။ အခုန ခင်များမေးတဲ့ မေးခွန်းမှာတင် ပါတယ်။ ပိုက်ဆံတွေလိုတယ်။ ဝန်ထမ်းလစာ တိုးပေးရန် IMF က တွက်ပေးပါတယ်။ ဘယ်လောက်ဆိုတာ ကျနော်တို့လည်း ဒီက တွက်လိုက်ရင် သိတာပဲ။ ဝန်ထမ်း အရေအတွက်ဘယ်လောက်ရှိ၊ လစာနှုန်းနဲ့ ချိန်လိုက်ရင် တလဘယ်လောက်နှုန်းတိုး။ တိုးတာကြည့်လိုက်ရင် ပမာဏ များသွားမှာပဲ။ အဲဒီများတဲ့ ပိုက်ဆံ ဘယ်လိုသုံးမလဲ၊ ဘယ်ကရှာသုံးမလဲဆိုတာကို ပြောနေတာ။ အဲဒီတော့ သူတို့က လွယ်လွယ်ရိုက်ထုတ်လိုက်ပေါ့ကွာ ဆိုတဲ့အခါကျတော့ အဲဒီ ပြဿနာက (၆၄) ခုနှစ်လောက်ကစတာ ဝါဇီ စီမံကိန်းကြီး ဦးနေဝင်း အာဏာသိမ်းချိန်ကစလိုက်တာ အခုဆို ကြီးသထက်ကြီးပြီးတော့ အရှိန်အဟုန်မြင့် ရောဂါဆိုးကြီး ဖြစ်နေတာ။
ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ် စစ်အစိုးရကို စီမံကိန်းနဲ့ ငွေရေးကြေးရေး ဘဏ္ဍာရေးကိစ္စတွေနဲ့ ပတ်သက် ပြီးတော့ တရားဝင် အကြံပေးနေတဲ့ ပြည်တွင်းစီးပွားရေး ပညာရှင်တွေ၊ ဒါမှမဟုတ် နိုင်ငံခြားသားပညာရှင်တွေ မရှိဘူး လား။
ဦးစိန်ဌေး ။ ။ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနမှာ ဒု-ဝန်ကြီး နှစ်ယောက်ရှိတယ်။ သူတို့က Eco က ဆင်းတဲ့လူတွေ သူတို့ မသိဘဲ နေပါမလား။ အောက်ကတော့ မပြောနဲ့တော့ ဌာနဆိုင်ရာ ဒီဂျီတွေ ဆိုတာက သက်ဆိုင်ရာဌာနက ဒီဘာသာရပ်နဲ့ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်များက တာဝန်ယူနေတာ။ သူတို့တက်တာပေါ့။ ကျနော်တို့လည်း တွက်တက်ပါတယ်။ နောက်တခုက ကျနော်တို့ ဆရာကြီးတွေ ပြည်တွင်းမှာ ပညာရှင်တွေ အများကြီးရှိတယ်။ well-trained western trained တွေရှိတယ်။ သူတို့လည်းပဲ ကျနော်တို့ကို သင်ခဲ့တာ တတ်တာပေါ့။ အကြံတွေပေးတာပေါ့။ သို့သော် သုံးသလားဆိုတဲ့ ပြဿနာက ဗမာပြည်မှာ ရှိနေတာ။
ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ ဒီလို အကြံတွေပေးနေလျက်နဲ့ ဒီလို ဆိုးကျိုးဖြစ်လာနိုင်တာတွေကို သိရဲ့နဲ့ မြန်မာ စစ်အစိုးရအနေနဲ့ ဒီလိုကိစ္စမျိုးတွေကို ဘာကြောင့်လုပ်စရာ ရှိသလဲ။
ဦးစိန်ဌေး ။ ။ နှစ်ပိုင်းရှိတယ်။ မသိဘူး မထင်နဲ့ အောက်ကလူတွေက မပြောရဲဘူး။ ထိပ်ဆုံးကမသိတော့ ပြဿနာရှိတယ်။ နောက်တချက်က ဒါက ရာခိုင်နှုန်းပြည့်မဟုတ်ဘူး တော်တော်များများ အဲဒီအချက်အလက်က ကြီးစိုးပြီးတော့ နိုင်ငံရေး အားဖြင့် ကြည့်တဲ့အချက်က ပိုများတယ်။ အခုနတင်ပြခဲ့သလို သပွက်အူလိုက်နေတယ်။ မုန့်လုံးစက္ကူကပ် ဖြစ်နေတာ။
ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံရေးအားဖြင့် ကြီးစိုးနေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။
ဦးစိန်ဌေး ။ ။ နိုင်ငံရေးအားဖြင့် အလေးသာပြီး ဆုံးဖြတ်တာ။ အဲဒါက ကျနော် ၈၈ ခုနှစ်မှာ အာဏာကို နဝတ က ယူပြီးတဲ့ နောက်မှာ ဝန်ထမ်းတွေ လစာတိုးတာက ဘာကြောင့်တိုးသလဲဆိုတာက ကုန်ဈေးနှုန်းတက်လို့ တိုးတာလည်း ပါတယ်။ ဒါပေမဲ့ ၈၈ မှာ အားလုံးသိတဲ့အတိုင်း ဝန်ထမ်းအားလုံးက မဆလပါတီကို ဆန်ကျင့်သပိတ်မှောက်၊ ဆန္ဒပြတဲ့အခါ ဆန္ဒပြတဲ့ လူတွေကို ငြိမ်အောင်လို့ လစာနဲ့ ထိန်းလိုက်တာ။ ဒါ နိုင်ငံရေးအားဖြင့် အလေးသာမှုပေါ့။ အဲဒါကို ကျနော် ဆိုလိုတာ။ အခုလည်း ဗမာပြည်မှာ အနှစ် (၂၀) ရှိပြီ ပြန်ကြည့်လိုက် ငါးဆယ်လောက်တိုးတယ်။ လေးနှစ်တကြိမ် တိုးတယ်။ အစောပိုင်း မေးတဲ့ မေးခွန်းလို သူများနိုင်ငံတွေလို နှစ်စဉ်ညှိနှိုင်းပြီးတော့မှ သွားပြီးတော့ ပေးနေတာ မဟုတ်ဘူး။ အဲဒီလို မလုပ်ဘူး နည်းလမ်း မှားနေတယ်။ လေးနှစ်တခါ လိုမှ ထားပေးတာ။ မနိုင်မနင်းတွေဖြစ် မရှုနိုင်မကယ်နိုင်ဖြစ်တော့မှ ပေးပြန်တော့မှ ကျနော်စောစောပိုင်းက တင်ပြခဲ့တဲ့ စားသုံးသူဈေးဆနှုန်းကိန်း ကြည့်ပေးတာ မဟုတ်ဘူး။ သက်ဆိုင်ရာ ပညာရှင်တွေရဲ့ အကြံဉာဏ်ကို ယူပေးတာမဟုတ်ဘူး။ ဒီလိုဖြစ်နေတာ ဒီလောက်ပေးလိုက်ရင် မရဘူးလားကွ - သုံးဆတိုးလိုက် လေးဆ တိုးလိုက် အခုနောက်ဆုံးအကြိမ်ကလည်း အားလုံးကြားတဲ့အတိုင်း သူ့ဝန်ထမ်း သူ့ဝန်ထမ်းဆိုတဲ့အထဲမှာ စစ်တပ်ရဲ့ အောက်ခြေ စစ်သားလေးတွေနဲ့ အောက်ခြေ ဘာမှ ရပေါက် ရလမ်းမရှိတဲ့ လူ၊ စစ်သားတွေ ပြဿနာတက်တဲ့အခါ ဒါကြောင့် ပေးတာ။ ကျနော်တင်ပြခဲ့တာက နိုင်ငံရေးအားဖြင့် ဦးစားပေးပြီးမှ သူတို့ရဲ့ ရှိလာတဲ့ပြဿနာကို အလေးပေးပြီးမှ အကဲဖြတ်ပြီးတော့ ပေးတာက များတဲ့အတွက်ကြောင့် ဒီပြဿနာတွေက ထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေတာ။
ဦးသန်းလွင်ထွန်း ။ ။ ဆိုလိုတဲ့သဘောက လက်ရှိ မြန်မာနိုင်ငံမှာ စစ်တပ်ထဲမှာ အောက်ခြေတပ်သားတွေရဲ့ မကျေနပ်မှု ပြဿနာ၊ အစိုးရဝန်ထမ်းတွေကြားထဲမှာ ရှားပါးပြီးတော့ မကျေမနပ်ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးချင်တဲ့ ဆန္ဒနဲ့ တိုးပေးတယ်။ အခုနောက်ဆုံး တိုးပေးတာကိုပြောတာ။
ဦးစိန်ဌေး ။ ။ အဲဒါလည်း ပါတာပေါ့။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ ၈၈ နှစ် အရေးအခင်းမှာ ဝန်ထမ်းတွေ သပိတ်မှောက်တဲ့အခါကျတော့ မဆလယန္တယား ရပ်သွားတယ်။ ရပ်သွားတဲ့အခါကျတော့ မဆလ အစိုးရပြုတ်ကျသွားတယ်။ လက်တွေ့သာဓက ထင်ရှားတယ်။ အခုလည်းပဲ အကယ်လို့ ဝန်ထမ်းက မငြိမ်လို့၊ အထူးသဖြင့် လက်နက်ကိုင်တွေက မငြိမ် လို့ ပြန်ပုန်ကန်မယ်၊ တော်လှန်မယ်ဆိုရင် ပြဿနာရှိတယ်။ အဲဒါကြောင့်မို့ အဲဒါလည်းပါတယ်။ တကယ်တမ်းလည်း ဝန်ထမ်း တွေမှာ စားဝတ်နေရေး အတော်ကြပ်တာလည်းပါတယ်။ ဒီတချက်တည်းလို့ မဆိုလိုပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ ဒီလိုတိုးပေးလိုက်ရုံနဲ့ ပြဿနာက ပြေလည်သွားမှာလား။ အစောက ပြောခဲ့တဲ့အချက်တွေအရ ဆိုလို့ရှိရင် လခတိုးသလို ကုန်ဈေးနှုန်းလည်း တိုးလာမယ်ဆိုလို့ရှိရင် ပြဿနာက ပြေသွားမှာ မဟုတ်ဘူးလို့ ယူဆရတာပေါ့။
ဦးစိန်ဌေး ။ ။ ဟုတ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်ပြောမယ် ကျနော်တင်ပြခဲ့တဲ့အချက်ကလေးကို သာဓက ထောက်ပြချင်ပါတယ်။ သံဃာများအရေးအခင်း ပြီးသွားတဲ့အခါကျတော့ UNDP က တာဝန်ခံ Charles Petrie က မြန်မာနိုင်ငံမှာ UNDP က survey လုပ်ပြီးတော့ အခုနဟာကို တင်ပြတယ်။ consumer price စားသုံးကုန်ဈေး ဆနှုန်းကိန်းဟာ ၇၅ ကျော်ဖြစ်နေတယ်။ ငွေတရာရှိရင် ခုနှစ်ဆယ့်ငါး ရာခိုင်နှုန်း က စားတာနဲ့ ကုန်နေတယ်။ တချို့နေရာ တွေမှာဆိုရင် ၉၀ လောက်အထိ ကုန်နေတယ်။ အစားအသောက်အတွက် ကုန်တာက အဲဒီလို ဖြစ်နေတာ။ ဒီနိုင်ငံမှာကြည့် ငွေ ၁၀၀ ရရင် ၃၀ ရာခိုင်နှုန်း အစားအတွက် မကုန်ဘူး။ ယိုးဒယားကိုကြည့် အဲဒါကို သူက ကုလသမဂ္ဂကို တင်ပြတာ။ အဲဒီလို တင်ပြတာနဲ့ Charles Petrie ကို ဗမာပြည်ကနေ ဗိုလ်သန်းရွှေ က မောင်းထုတ်လိုက်တာ။ ဒါအဖြေပဲ၊ မှန်တာ ပြောရင် လက်မခံဘူး။ အဲဒါကြောင့် ဒီပြဿနာတွေ တက်နေတာ။