ရန်ပုံငွေ အခက်အခဲနဲ့ လုံခြုံရေး အခြေအနေအရ အာဖဂန်လွှတ်တော် ရွေးကောက်ပွဲ မကျင်းပနိုင်သေး

အာဖဂနစ္စတန်နိုင်ငံမှာ မေလ ၂၂ ရက်နေ့ ကျင်းပဖို့ရှိတဲ့ လွှတ်တော် ရွေးကောက်ပွဲတွေကို စက်တင်ဘာလ ၁၈ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း အစိုးရ တာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲအတွက် ကုန်ကျမယ့် ဒေါ်လာ သန်း ၁၂၀ မရှိတာမို့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က အခုလို ဆုံးဖြတ်လိုက်ရတာ ဖြစ်တဲ့အကြောင်း အစိုးရတာဝန်ရှိသူ တဦးက ပြောဆိုလိုက်တာ ဖြစ်သလို အနောက်တိုင်း သံတမန်တဦးကလည်း ဒီသတင်းကို အတည်ပြု ပြောဆိုခဲ့တာပါ။ တရားဝင် ထုတ်ပြန်ကြေညာချက်ဟာ ဒီကနေ့ နှောင်းပိုင်းမှာ ထွက်ပေါ်လာဖွယ်ရာ ရှိတယ်လို့လည်း မျှော်လင့်ရပါတယ်။

မသမာမှုတွေ ရှိခဲ့တယ်လို့ ဆိုခဲ့ကြတဲ့ အာဖဂန် သမ္မတ ရွေးကောက်ပွဲတွေ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ကျင်းပခဲ့တုန်းကတော့ နိုင်ငံတကာ အသိုင်းအဝန်းက ဒေါ်လာသန်း ၂၂၀ ကျော် ထည့်ဝင်သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ အနောက်နိုင်ငံ အစိုးရတွေကတော့ ဥပဒေပြု လွှတ်တော်အတွက် အခုရွေးကောက်ပွဲတွေဟာ မြင်သာထင်သာရှိဖို့ တောင်းဆိုထားပေမဲ့ အရင်ကြုံခဲ့ရတဲ့ ပြဿနာတွေဟာ ဒီတကြိမ် ရွေးကောက်ပွဲ မတိုင်မီ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း စိုးရိမ်မကင်း ဖြစ်နေကြတာပါ။

ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ထူးထူးခြားခြား မလုပ်ဘဲနဲ့တော့ နောက်ထပ် ရွေးကောက်ပွဲအတွက် ငွေကြေးပံ့ပိုးပေးမှာ မဟုတ်ဘူးလို့ အာဖဂန်မှာရှိတဲ့ အမေရိကန်သံရုံး ပြောခွင့်ရသူကို ကိုးကားပြီးတော့လည်း ရိုက်တာစ်သတင်းက ဖော်ပြခဲ့ပါတယ်။

ဒီအတောအတွင်း အာဖဂန်နိုင်ငံ တောင်ပိုင်းမှာ နေတိုးတပ်ဖွဲ့တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှု ၂ ခုအတွင်း အမေရိကန်စစ်တပ် အမှုထမ်း ၃ ဦး သေဆုံးခဲ့ပါတယ်။ အဖြစ်အပျက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

မနေ့တုန်းကလည်း ဒီဒေသမှာပဲ လမ်းဘေးထောင် ဗုံးတလုံး ပေါက်ကွဲခဲ့လို့ အမေရိကန် စစ်သား ၂ ဦး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဟယ်လ်မန်း (Helmand) ပြည်နယ် ဈေးတခုအတွင်းမှာလည်း ဗုံးတလုံး ပေါက်ကွဲခဲ့လို့ ကလေးငယ် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာတွေ ရခဲ့တဲ့အကြောင်း နေတိုးတပ်ဖွဲ့က ပြောပါတယ်။