ပလောင်တောင်တန်း ဘိန်းဆိပ်သင့်၊ PWO အမျိုးသမီးအဖွဲ့ အစီရင်ခံစာ ထုတ်ပြန်

မြန်မာစစ်အစိုးရ ထိန်းချုပ်မှု ရှိနေတဲ့ ရှမ်းပြည်နယ် ဒေသတွေမှာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှုဟာ အလျှင်အမြန် တိုးလာနေတယ်လို့ ပလောင်အမျိုးသမီး အစည်းအရုံးက ဒီနေ့ အစီရင်ခံစာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က စစ်တမ်းကောက် ခန့်မှန်းထုတ်ပြန်ချက်တွေထက် ပိုနေတာဟာ စစ်အစိုးရကိုယ်တိုင်က တကယ် အရေးယူ ဆောင်ရွက်မှု မရှိတာကြောင့်လို့လည်း ရှမ်းပြည်နယ်ဒေသ မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အဆိပ်သင့်တောင်တန်းလို့ နာမည်ပေးထားတဲ့ ပလောင်အမျိုးသမီး အစည်းအရုံးရဲ့ အစီရင်ခံစာဟာ မန်တုံနဲ့ နမ့်ခမ်းဒေသက ဘိန်းစိုက်ပျိုးမှုဆိုင်ရာ သုတေသန တွေ့ရှိချက်တွေကို တင်ပြထားတာဖြစ်ပြီး ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ခန့်မှန်းချက်နဲ့ သိပ်ကိုကွာနေတာ တွေ့ရတယ်လို့ ပလောင်အမျိုးသမီး အစည်းအရုံးက မလွေးအေးနန်းက ပြောပါတယ်။

“ကျမတို့ တွေ့ရှိချက်ကတော့ ဒီ ဘိန်းစိုက်ပျိုးမှုက ငါးဆ ပိုများနေတာ တွေ့ရပါတယ်။ ဧရိယာပေါင်း ဟက်တာ ၄,၅၀၀ လောက် တွေ့ရှိခဲ့ရပါတယ်။ အဲဒီမှာ ပိုပြီးတော့ စိုက်ပျိုးတယ်ဆိုတဲ့ဟာ။ UNODC တင်ပြမှု တွေ့ရှိချက်တွေက ဘာကြောင့်ကွဲလဲဆိုတော့ အချက်အလက် ကောက်တဲ့နေရာမှာ ကောက်တဲ့လူတွေက တကယ့် ပလောင်ပြည်သူတွေ၊ အဲဒီမှာရှိနေတဲ့ ပလောင်ရွာသားတွေက ကောက်တယ်။ တချို့က အဲဒီ စိုက်ပျိုးတဲ့ ဧရိယာတွေနားမှာပဲ နေနေတဲ့လူတွေ ဖြစ်နေတော့ တကယ့် တောင်ကြိုတောင်ကြားတွေမှာ စိုက်ပျိုးတဲ့ဟာတွေကို သူတို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကောက်ပြီး လုပ်တဲ့ဟာမျိုး ဖြစ်တယ်။

“ကျမတို့ ပလောင် အမျိုးသမီး အစည်းအရုံးက Independent အဖွဲ့အစည်း ဖြစ်တာပေါ့။ ကောက်တဲ့အချိန်ကျရင် ကြောက်မနေဘဲ လွတ်လွတ်လပ်လပ် အဲဒီမှာ တကယ်ဖြစ်နေတဲ့ဟာကို လိုက်ကောက်ရတဲ့ ဟာမျိုးတွေ။ အဲဒါကြောင့် ကျမတို့ရဲ့ data က စစ်မှန်တဲ့ data လို့ ကျမတို့ ယုံကြည်ပါတယ်။

“UNODC က Satellite ကို အဓိကအားကိုးပြီး လုပ်တဲ့ဟာမျိုး။ ပြီးတော့ သူတို့ရဲ့ အဓိက အစီရင်ခံစာတွေက အဲဒီဒေသမှာရှိနေတဲ့ အာဏာပိုင်တွေ၊ ပြည်သူ့စစ်တွေရဲ့ သတင်းပေးပို့ချက် အပေါ်မှာ မူတည်ပြီး လုပ်နေတဲ့ဟာမျိုး ဖြစ်နေတော့ ဒီဘိန်းစိုက်ပျိုးမှုကို တကယ်အားပေးနေတာက အဲဒီထဲမှာရှိနေတဲ့ စစ်တပ်တွေ၊ ပြည်သူ့စစ်တွေပဲ ဖြစ်နေတယ်၊ အားပေးနေတာ။ သူတို့ကိုယ်တိုင်ကလည်း အဲဒီအပေါ်မှာ မူတည်ပြီးတော့ အမြတ်အစွန်းတွေရတယ်၊ အခွန်တွေ ကောက်ရတယ်ဆိုတဲ့ ဟာမျိုးတွေ ဖြစ်နေတော့ ဘိန်းစိုက်ပျိုးမှုကို မသိမသာနဲ့ အားပေးနေတဲ့ သဘောမျိုး ဖြစ်နေတယ်။

“အဲဒါကြောင့် UNODC ကို အချက်အလက်တွေ ပေးတဲ့အချိန်ကျရင် စစ်မှန်တဲ့ အချက်အလက်တွေ မပေးဘူး။ ဒါကြောင့် လက်တွေ့မှာ ကွာခြားချက်တွေ ရှိနေတာပေ့ါ။”

မြန်မာအာဏာပိုင်တွေရဲ့ မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့တွေဟာ ဘိန်းခင်းတွေကို ဖျက်ဆီး ရှင်းလင်းရမယ့်အစား ဒေသခံ တောင်သူတွေဆီက လာဘ်ငွေ ကောက်ခံပြီး ဘိန်းစိုက်ပျိုးမှုကို ပိုပြီး အားပေးသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ စစ်အစိုးရရဲ့ တပ်တွေနဲ့ ပြည်သူ့စစ်တွေ ပိုများလာပြီး ဒေသတွင်း မူးယစ်ဆေးဝါး စိုက်ပျိုးမှုတွေ ပိုများလာသလို ဒေသခံ လူငယ်တွေကြား မူးယစ်ဆေးစွဲသူ ၈၅% ရှိလာနေတယ်လို့လည်း ပြောပါတယ်။

“ဘိန်းစိုက်ပျိုးမှုနှုန်းက များလာလေ အဲဒီဒေသမှာ ရှိနေတဲ့ ဘိန်းသုံးစွဲမှု နှုန်းကလည်း ပိုတိုးများလာလေလေ ဖြစ်တာပေါ့။ အထူးသဖြင့် အဲဒီ ပလောင်ဒေသမှာဆိုရင် ပညာရေးစနစ်က မကောင်းဘူး။ လူငယ်တွေက လေးတန်းအထိတောင် မနေဘဲနဲ့ ကျောင်းထွက်ပြီး မိသားစုဝင်ငွေအတွက် အလုပ်လုပ်ကြရတဲ့ ဟာမျိုးတွေ ဖြစ်နေတော့ သူတို့မှာ တကယ့် မူးယစ်ဆေးဝါးဟာ ဘယ်လောက် အန္တရာယ်ရှိတယ်ဆိုတဲ့ အကြောင်း၊ လူတွေရဲ့ အနာဂတ်ကို ဖျက်ဆီးစေတယ်ဆိုတဲ့ အကြောင်းကို သူတို့ အဲဒီလောက်အထိ မတွေးနိုင်တော့ဘူး။

“သူတို့ဘဝမှာ အဲဒီဟာတွေက အဖျော်ဖြေခံလိုမျိုး ဖြစ်သွားတာ။ အဲဒါကြောင့် လူငယ်တွေက ဘိန်းစွဲလာပြီး သူတို့မှာ အနာဂတ်အတွက် မရှိတော့ဘူး။ အဲဒီမှာ ဘိန်းစိုက်ကြတယ်၊ ဘိန်းစိုက်တော့ ဘိန်းရှူတဲ့လူ များလာတော့ တဖြည်းဖြည်း ဘိန်းစိုက်တဲ့ဟာကလည်း တိုးများလာတဲ့ ဟာမျိုးတွေ ဖြစ်နေတာပေါ့။ ဆိုတော့ လူငယ်တွေရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို ရိုက်ချိုးပစ်သလို ဖြစ်နေတာပေါ့။”

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ အဖွဲ့က ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ၁၁% တိုးလာခဲ့ပြီး ရှမ်းပြည်နယ်ထဲမှာ အဓိက ၉၅% စိုက်ပျိုးနေတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိအနေအထားဟာ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်ထက် ပိုနေပါတယ်လို့ ရှမ်းပြည်နယ်က မူးယစ်ဆေးဝါး ပြဿနာကို စောင့်ကြည့် လေ့လာနေတဲ့ ရှမ်းသတင်းစဉ် အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောပါတယ်။

“နအဖအနေနဲ့ ၁၅ နှစ် စီမံကိန်းနဲ့ ၄ ပြည်နယ်မှာ သူတို့ ဘိန်းပပျောက်ရေးကို လုပ်နေတာကိုး။ ၁၉၉၉ ကနေ ၂၀၁၄ အထိ ရှမ်းပြည် ၄၃ မြို့နယ်၊ ကချင်ပြည်နယ်မှာ ၄ မြို့နယ်၊ ချင်းနဲ့ ကယားမှာ ၂ မြို့နယ်စီ၊ သူတို့ လုပ်နေတာ။ အောင်မြင်တယ်လို့ ပြောနိုင်တာက ၁၃ မြို့နယ်လောက်ပဲရှိတယ်။ ကျန်တဲ့မြို့နယ်တွေ အားလုံးက အခုအထိ ဘိန်းစိုက်နေတုန်းပဲ။

“ဒါတင်မကသေးဘူး၊ ပစ်မှတ်ထဲမှာ မပါတဲ့ တိုင်းတို့ ပြည်နယ်တို့၊ ဥပမာ ရှမ်းပြည်နယ်နဲ့ ဆက်စပ်တဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်တို့ ဆိုတာကလည်း ဘိန်းစိုက်နေကြတယ်။ လုပ်မှမလုပ်ဘဲ ဘယ်အောင်မြင်မလဲ။ လုပ်ရင် အောင်မြင်ရမှာပေါ့။ အခု နအဖရဲ့ အဓိက လုပ်ငန်းစဉ်ဟာ ဘိန်းပပျောက်ရေးတို့ မူးယစ်ဆေးဝါး ပပျောက်ရေးတို့ မဟုတ်ဘူး၊ အတိုက်အခံ ပပျောက်ရေးပဲ ဖြစ်တယ်။ အတိုက်အခံ ပပျောက်ရေးမှ အာဏာတည်မြဲရေးပဲ ဖြစ်တယ်။”

ဦးခွန်ဆိုင်း ပြောပြသွားတာ ဖြစ်ပါတယ်။