စစ်အစိုးရ စွပ်စွဲချက် ရှေ့နေကောင်စီ ငြင်းဆိုရှင်းလင်း

မြန်မာနိုင်ငံအတွင်းမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ နောက်ထပ် ဖောက်ခွဲဖျက်ဆီးမှုတွေ ကြံစည်နေသူတွေ ဆိုပြီး လူ (၁၁) ဦးကို ဖမ်းဆီးခဲ့ကြောင်း မြန်မာစစ်အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနယ်စပ်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ KNU (Karen National Union) ခေါ် ကရင်အမျိုးသားအစည်းအရုံး နဲ့ BLC (Burma Lawyers' Council) ခေါ် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၊ ပြည်သူ့ပြောက်ကျားတပ်ဦး စတဲ့အဖွဲ့အစည်းတွေက ဒီဖောက်ခွဲမှုတွေနဲ့ ကြံစည်မှုတွေကို ကြိုးကိုင်လုပ်ဆောင်ခဲ့တယ်လို့ စစ်အစိုးရက စွပ်စွဲပြောဆိုထားပါတယ်။ စစ်အစိုးရရဲ့ စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်လို့ အကြောင်းစုံ သိရှိနိုင်ဖို့ စွပ်စွဲခံရတဲ့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ရဲ့ အထွေထွေ အတွင်းရေးမှုး ဦးအောင်ထူး ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဖမ်းဆီးခံခဲ့ရတဲ့အထဲက အဓိက တရားခံဖြစ်တဲ့ ဦးကျော်ဇေလင်း ဆိုသူဟာ မဲဆောက်မြို့ BLC ရုံးမှာ အလုပ်လုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အဲဒီတော့ မဲဆောက် BLC ရုံးမှာ အလုပ်လုပ်နေရင်းနဲ့ ဖောက်ခွဲရေးသင်တန်းတွေ တက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုဟာ ဖြစ်နိုင်ခြေရှိရဲ့လား။

ဦးအောင်ထူး ။ ။ ဒါဟာ အင်မတန် ရယ်စရာကောင်းတဲ့ ပြက်လုံးလို့ ပြောရမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မဲဆောက် BLC ရုံးမှာ ဝန်ထမ်းဦးရေ (၂၀) ကျော် (၃၀) လောက်ရှိပါတယ်။ အယောက်တိုင်းကို မေးကြည့်ပါ ကျော်ဇေလင်း ဆိုတဲ့ နာမည်လည်း မကြားဖူးဘူး၊ လူလည်း တခါမှ မတွေ့ဖူးဘူး။ နောက်တခုက မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ ဟာ ဥပဒေပညာရပ်တွေကိုသာ လေ့လာပြန့်ပွား သုတေသနလုပ်၊ ဥပဒေရှုထောင့်ကသာ လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အကြမ်းဖက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာတခုမှ မလုပ်တဲ့အဖွဲ့အစည်း။ ဒါကြောင့် နအဖ က သတင်းစာထဲမှာ ဖော်ပြပါရှိတဲ့အချက်က လုံးဝ လုပ်ကြံထားတဲ့အချက်ပဲလို့ ရှင်းရှင်းပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာလည်း ထူးခြားတဲ့အချက်တချက်ကို သတိထားမိတာက ဒါက ပထမဦးဆုံးအကြိမ်အဖြစ် BLC မြန်မာနိုင်ငံ ရှေ့နေများကောင်စီ နဲ့ မြန်မာနိုင်ငံအတွင်း ဖောက်ခွဲမှုတွေကို ဆက်စပ်ဖော်ပြထားတဲ့ စွပ်စွဲမှုလို့ တွေ့ရတယ်။ အလားတူပဲ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ကိုတော့ မတရားအသင်း ကြေညာထားတာကိုတော့ အစောပိုင်းထဲက ကျနော်တို့ သိရှိထားပြီဖြစ်တယ်။ အထူးသဖြင့် ဦးအောင်ထူး ဆိုရင်လည်း မျက်ကွယ်မှာ စီရင်ချက် ချခံထားရတဲ့ လူတယောက်ဆိုတာကိုလည်း သိရပါတယ်။ အဲဒီတော့ ဒီအခုအခြေအနေမှာ ဘာကြောင့်မို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ကို အခုလို စွပ်စွဲမှုတွေ လုပ်လာရတယ် ထင်သလဲ။

ဦးအောင်ထူး ။ ။ ဒီလိုပါ အချက် (၄) ချက်ကို ပြောချင်တယ်။ တချက်က မြန်မာနိုင်ငံထဲမှာ အာဏာရှင်စနစ်အောက်မှာ ဥပဒေစိုးမိုးရေး ပျက်သုန်းတာနဲ့ ပတ်သက်ပြီးတော့ တောက်လျှောက် အသေးစိတ် အတိအကျ စဉ်ဆက်မပြတ် ထောက်ပြနေတာ ကျနော်တို့ အဖွဲ့အစည်းတခုပဲ ရှိတယ်။ ဒါကို သူတို့ဘက်က လုံးဝမငြင်းဆန်ဘဲ။ တခါမှလည်း ငြင်းလို့ မရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဒုတိယအချက်က နအဖရဲ့ ထွက်ပေါက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်ပါတယ်။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အားနည်းချက်တွေ၊ စစ်အာဏာရှင်စနစ်ကို ဘယ်လို အသက်သွင်းထားတယ် ဆိုတာတွေ နိုင်ငံတကာ ဥပဒေနဲ့ ဘယ်လိုဆန့်ကျင်နေတယ်ဆိုတာတွေကို အတိအကျ ထောက်ပြနေတာ။ တတိယအချက် က ဖွဲ့စည်းပုံဥပဒေကိုသာ အတည်ပြု ကျင့်သုံးသွားမယ်ဆိုရင် စစ်ဘက်ဆိုင်ရာ တရားရုံးကို သီးခြားဖွဲ့စည်းထားပြီးတော့ ကာကွယ်ရေးဦးစီးချုပ်က အယူခံစီရင်ပိုင် အာဏာကို ကျင့်သုံးထားတာကြောင့် ကာကွယ်ရေးဦးစီးချုပ်ကလွဲလို့ ကျန်တဲ့ ဗိုလ်ချုပ်ကြီးတွေ အကုန်လုံး တပ်မတော်တခုလုံးက ကာကွယ်ရေးဦးစီးချုပ် လက်ထဲမှာရောက်နေတဲ့အချက်ကို အတိအကျ ထောက်ပြနိုင်တာကြောင့်မို့ တပ်ထဲမှာလည်း ဒီ အခြေခံဖွဲ့စည်းပုံ ဥပဒေကို မကျေလည်တဲ့ ဗိုလ်ချုပ်တွေ၊ တပ်မှုးတွေ အများကြီးပေါ်လာနေပါပြီ။ ဒီလို ထောက်ပြချက်တွေပေါ်မှာ မကျေနပ်ဆုံးက ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဖြစ်တယ်။ နံပါတ်လေးအချက်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေ မကျေနပ်အဖြစ်ဆုံးကတော့ ကျနော်တို့ ရှေ့နေများကောင်စီနဲ့ ကျန်တဲ့ အဖွဲ့အစည်းများ ဥပမာ အမျိုးသမီးအဖွဲ့ချုပ်၊ ND Burma (Network for Human rights Documentation - Burma) လို့ခေါ်တဲ့ လူ့အခွင့်အရေး မှတ်တမ်းတင်အဖွဲ့ကြီး (၁၂) ဖွဲ့နဲ့ ပေါင်းထားတဲ့ အဖွဲ့ချုပ်။ ဒီ အဖွဲ့တွေနဲ့ ပေါင်းပြီး လုပ်ဆောင် နေတဲ့ မြန်မာနိုင်ငံအတွင်းမှာ ပြစ်မှုကြီးတွေ ကျူးလွန်ပြီးတော့ လွှတ်ငြိမ်းခွင့်ရနေတဲ့ အခြေအနေ အဆုံးသတ်ရေး၊ ပြစ်မှုကျူးလွန်နေတဲ့ လူတွေကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးကို တင်ပို့ပေးနိုင်ရေးကိစ္စတွေ ဆောင်ရွက်တဲ့ အပေါ်မှာတော့ အကြီးအကျယ် မကျေနပ်ဆုံးဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ကို အဓိက ပြစ်မှတ်ထားပြီးတော့ စတင် တိုက်ခိုက်တာလို့ ပြောလိုပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ပထမဆုံးကတည်းကိုက မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို မတရားအသင်းနဲ့ ကြေညာ ထားပြီးဖြစ်တာမို့လို့ အခုလို ဖောက်ခွဲမှုတွေနဲ့ ထပ်ပြီးတော့ စွပ်စွဲလိုက်ခြင်းဖြင့် စွပ်စွဲတဲ့လူတွေအနေနဲ့ ဘာတွေ အကျိုး ကျေးဇူး ရနိုင်သလဲ။

ဦးအောင်ထူး ။ ။ ၂၀၀၉ ခုနှစ် ဧပြီလ (၃၀) ရက်နေ့က ကျနော်တို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ကို မတရားအသင်းနဲ့ ကြေညာတုန်းအခါက ကျနော်တို့ဘက်က အတိအကျ ထောက်ပြတာရှိတယ်။ ပထမအချက်က ဥပဒေအကြောင်းအရ လုံးဝတရားမဝင်ဘူး။ အင်္ဂလိပ် အစိုးရလက်ထက်ထဲက ကျင့်သုံးလာတဲ့ မတရားအသင်းဥပဒေအရ ပြောမယ်ဆိုရင် အချက် (၂) ချက်နဲ့ ညီရတယ်။ တချက်က တရားဝင်အစိုးရ ဖြစ်ရမယ်။ နောက်ပြီး ကြေညာတဲ့လူက သမ္မတ ဖြစ်ရမယ်။ နအဖ က တရားဝင်အစိုးရလည်း မဟုတ်ဘူး။ ကြေညာသူကလည်း သမ္မတ မဟုတ်ဘူး။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က သမ္မတ မဟုတ်ဘူး။ ဒါကြောင့် တရားဥပဒေနဲ့ မညီဘူးဆိုတာကို ထောက်ပြခဲ့တယ်။ တခြားအဖွဲ့တွေကို မတရားအသင်း ကြေညာ တုန်းက ပြည်တွင်းထဲမှာ လူတယောက်ကို ဖမ်းမိတယ်၊ လက်နက်နဲ့ ဖမ်းမိတယ်၊ ဗုံးနဲ့ဖမ်းမိတယ်။ အဲဒီလို ဖမ်းမိတဲ့အတွက် ဒါတွေကို ထောက်ပြပြီးတော့ အသင်းအဖွဲ့တခုကို မတရားအသင်း ကြေညာတာမျိုး အတွေ့အကြုံရှိဖူးတယ်၊ လေ့လာခွင့် များကို ရခဲ့တယ်။ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ကို မတရားအသင်း ကြေညာတဲ့အခါကြတော့ ဘာသက်သေခံ အထောက်အထားမှမရှိ၊ ဘယ်သူကိုမှ မိတာလည်းမရှိ၊ အကြမ်းဖက်လက်နက်နဲ့ ပတ်သက်တာလည်း မရှိဘဲနဲ့ အသားလွတ် ကြေညာတာဖြစ်တယ်လို့ ရှင်းပြခဲ့ဖူးတယ်။ အဲဒီလို ရှင်းပြချက်ပေါ် ကောက်ပြီးတော့မှ အခုတခါ ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေပေါ်မှာ အခြေခံပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတော့မယ်အချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို အတိုက်ဆုံးအဖွဲ့ဖြစ်တဲ့ ကျနော်တို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ကို အခုလိုမျိုး တိုက်ခိုက်နိုင်အောင်လို့အတွက် အကြမ်းဖက်တဲ့ အဖွဲ့အစည်း တရပ် အသွင်သဏ္ဍာန် ဖန်တီးချင်လို့ ဒီလို ဗုံးခွဲတဲ့ ဇာတ်လမ်းကို ဖန်တီးတာလို့ သုံးသပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု သူတို့စွပ်စွဲတဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ထူးခြားတဲ့အချက်တချက်က ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်တဲ့နေရာမှာ အဓိက ရည်ရွယ်ချက်က ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ စီမံချက်တွေကို ဖျက်လိုဖျက်ဆီးလုပ်လို့တဲ့ ရည်ရွယ်ချက်လို့ ဖော်ပြထားတယ်။ အဲဒီတော့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အနေနဲ့ မြန်မာနိုင်ငံမှာ အခု ၂၀၁၀ အတွင်းမှာ လုပ်မယ့် ရွေးကောက်ပွဲတွေဟာ တရားမျှတမှု မရှိဘူး၊ မဖြစ်သင့် မဖြစ်ထိုက်ဘူးဆိုတဲ့ သဘောမျိုး ကြေညာထားတာတွေလည်း ရှိနေတယ်မဟုတ်လား။ ဒါတွေနဲ့ ဆက်စပ်နေသလား။

ဦးအောင်ထူး ။ ။ ဆက်စပ်နေနိုင် ကောင်းပါတယ်။ ဘာကြောင့် ဒီလို ဖောက်ခွဲဖျက်ဆီးရေးကိစ္စနဲ့ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ ကို စွပ်စွဲတဲ့ကိစ္စက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဆက်စပ်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့က ၂၀၁၀ ရွေးကောက်ပွဲကို အသေအချာ ဖျက်သိမ်းရမယ်။ ဒါကို တိုက်ခိုက်မယ်လို့ ပြောတာမဟုတ်ပါဘူး။ နိုင်ငံရေးအရ ပြောမယ် ဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့သွားနေတဲ့လမ်းကြောင်း - ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ပြီးမှ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပါလို့ ပြောနေတာကို ကျနော်တို့ဘက်ကလည်း ထောက်ခံတယ်။ ထောက်ခံတဲ့အပြင် ကျနော်တို့က အသေးစိတ်ကို ပြောတယ်။ အဲဒါဘာလည်းဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ပါဆိုရင် ဘာတွေပြင်ရမလဲ။ အချက် (၇) ချက်ကို ထောက်ပြတယ်။ ဒီလိုမျိုး အတိအကျ ထောက်ပြတဲ့အခါကြတော့ ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေကို ပြင်ရမယ် ဆိုတဲ့ သဘောက တကယ်သာ ပြင်ရမယ်ဆိုရင် ဒီ ဖွဲ့စည်းပုံက သုံးလို့ကို မရတော့ဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဦးအောင်ထူးတို့ရဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ကနေ ဥပဒေအကြောင်းအရ ထောက်ပြနေတဲ့ အချက်တွေကို သေးသိမ်သွားအောင်၊ ဒီအဖွဲ့ကို သိက္ခာချလိုတဲ့ သဘောနဲ့ ဒီလိုစွပ်စွဲတယ်ဆိုတဲ့သဘောကို ဆိုလိုတာလား။

ဦးအောင်ထူး ။ ။ အသေအချာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံကို အဓိကကြည့်သင့်တယ်ဆိုပြီး ရွေးကောက်ပွဲကို ချည်းကပ်ပုံ လမ်းကြောင်း လူထုကို အကြံပေးဆုံးက ကျနော်တို့ အဖွဲ့အစည်းဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အဖွဲ့အစည်းကို သိက္ခာ ချ နိုင်ဖို့အတွက် အခုလို မဟုတ်မဟတ်။ တခါမှ စိတ်ကူးနဲ့ ကြံစည်လို့မရတဲ့ ဗုံးခွဲဖျက်ဆီးရေးကို စွပ်စွဲဖို့ ကြိုးစားခြင်းဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု စွပ်စွဲမှုဟာ ကြားသလောက်က မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး လုပ်လို့တဲ့ အကြံအစည်တွေဆိုပြီးတော့ ပထမဦးဆုံး ဖော်ထုတ်လာတဲ့ စွပ်စွဲမှုဖြစ်နေတယ်။ ဒီနေရာမှာ ထူးခြားချက်က မြန်မာစစ်အစိုးရအနေနဲ့ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်း နဲ့ အခြေခံ ဥပဒေတွေကိုလည်း မကြေညာသေးဘူး။ နေ့ရက်ကိုလည်း မကြေညာသေးဘူး၊ ရွေးကောက်ပွဲ ကော်မရှင်လည်း မဖွဲ့ရ သေးဘဲနဲ့ အခုလို ဖျက်ဆီးမယ့်လူတွေရဲ့ ကြံစည်ချက်တွေဆိုပြီးတော့ လိုက်ပြီးတော့ ကြေညာချက်တွေ၊ ဖော်ထုတ်မှုတွေ လုပ်နေရတာလဲ။ မြန်မာစစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲ လုပ်ပေးဖို့ အစီအစဉ် နဲ့ ဆန္ဒတကယ် ရှိနိုင်ရဲ့လား။

ဦးအောင်ထူး ။ ။ ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပေဒေပေါ် အခြေခံပြီးတော့ ရွေးကောက်ပွဲလုပ်ချင်တာ နအဖ က ရာနှုန်းပြည့် ရာနှုန်း တစ်ထောင်မက ကျနော်တို့ တွက်လို့ရတယ်။ ဒါပေမဲ့ ပြဿနာက ဘာလည်းဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ကျောရိုးအနှစ်သာရ။ ဒါကို နားလည်းသွားရင် လူထု ပူးပေါင်းပါဝင်ဆောင်ရွက်မှု ရရှိဖို့ တော်တော်ဝေးသွားမယ်။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် တတ်နိုင်တဲ့ ပြဿနာတွေကို ကျနော်တို့က အခုတည်းက ကြိုတင် နိမိတ်ဖတ်တယ်။ ကျနော်တို့ နိမိတ်ဖတ်ချက်တွေကလည်း ပိုမှန်လာတယ်။ ဥပမာ တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေနဲ့ ပြဿနာတက်နေပြီ။ ဒါက ဖွဲ့စည်းပုံကြောင့် ဖြစ်တဲ့ ပြဿနာ။ နောက် ကြိုပြောထားအုန်းမယ် ရွေးကောက်ပွဲ ဥပဒေ ထွက်လာရင် ပြဿနာတွေ ပိုတွေ့အုန်းမယ်။ ဘာကြောင့်လဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ နိုင်ငံရေး ပါတီတွေဟာ ဦးတည်ချက် (၃) ရပ်နဲ့ နိုင်ငံရေးပါတီ ဦးတည်ချက်က (၃) ရပ် ဖြစ်ရမယ်။ ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တန့်ခိုင်မြဲရေး စတဲ့ ဒီဦးတည်ချက် (၃) ရပ်ကို ဖော်ဆောင်သွားမယ်ဆိုတာ အတိအလင်း ပါပြီးသာ။ ဒီ ဦးတည်ချက် (၃) ရပ်အတိုင်း မဖော်ဆောင်နိုင်တဲ့ ပါတီတွေ ဖျက်ပစ်ရတော့မယ်။ ဘယ်ပါတီ အဖျက်ခံမလဲ။ ဖွဲ့စည်းပုံကြောင့်ကို နအဖ အကြီးအကျယ် ပြဿနာဆက်တွေ့ဦ်းမယ်။

ဦးသန်းလွင်ထွန်း ။ ။ ၂၀၁၀ ခုနှစ်မှာ လုပ်မယ်ဆိုတဲ့ အခုလက်ရှိ ၂၀၀၈ အခြေခံဖွဲ့စည်းပုံကို အခြေခံထားတဲ့ ရွေးကောက်ပွဲ ဆိုတာက ဖောက်ခွဲဖျက်ဆီးမှုတွေ ကြံစည်ပြီးတော့ လုပ်မှ ပျက်မယ့်သဘောမျိုးမဟုတ်ဘဲနဲ့ သူ့နဂိုအတိုင်းမှာ ပြဿနာတွေ ရှိနေတယ်ဆိုပြီးတော့ ဦးအောင်ထူး အနေနဲ့ တင်ပြချင်တာလား။

ဦးအောင်ထူး ။ ။ အသေအချာဘဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်မှာ အခြေခံပြီး ၂၀၁၀ ရွေးကောက်ပွဲကို နအဖ က အောင်မြင်စွာ ကျင်းပကောင်း ကျင်းပနိုင်မယ်။ အားလုံးသိတဲ့အတိုင်းပဲ ဒီဖွဲ့စည်းပုံကို အတည်ပြုတဲ့အခါမှာ ပြည်သူလူထု တရပ်လုံး မုန်တိုင်းဒဏ်ခံလို့ သေကြေပျက်စီး သိန်းနဲ့ချီ သေနေတာတောင် ဒီဖွဲ့စည်းပုံကို အတင်းအကျပ် အတည်ပြုခဲ့တာ။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဘယ်သူက ဘယ်လောက်ကန့်ကွက် ကန့်ကွက် ဒီရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပ သွားနိုင်တယ်။ ဒါပေမဲ့ ကျနော်တို့ ပြောတဲ့အချက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် နအဖ က ပြဿနာ တက်ဦ်းမယ်။ ဒီအချက်ကို တောက်လျှောက်ထောက်ပြနေတာ ကျနော်တို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ စောစောပိုင်းက ဦးအောင်ထူး ပြောတဲ့အချက်ကို ပြန်ကောက်ရရင် ကိုကျော်ဇေလင်း ဆိုသူကို မဲဆောာက်မြို့ BLC ရုံးမှာ တခါမှ မတွေ့ဘူး၊ မလာခဲ့ဘူးဆိုပြီး ယတိပြတ် ငြင်းဆိုထားတာကို တွေ့ရပါတယ်။

ဦးအောင်ထူး ။ ။ သူတို့ သတင်းစာထဲမှာ ဖော်ပြထားတာ ကိုကျော်ဇေလင်း ဟာ ကျနော်တို့ဆီမှာ ဝန်ထမ်းလုပ်ဖူးတယ်။ အဖွဲ့ဝင်ဖြစ်တယ်။ ဒါကို လုံးဝမဟုတ်ဘူးလို့ ကျနော်တို့ ပြောနေတာ။ ကျနော်တို့ဆီမှာ ဝန်ထမ်းတခါမှ မလုပ်ခဲ့ဖူးဘူး။ လက်ရှိ ဝန်ထမ်း နှစ်ဆယ်ကျော် သုံးဆယ်နီးပါးရှိတယ် မေးကြည့်ပါ။ နောက် အဖွဲ့ဝင်ဆိုတာ ဝေးရော။ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဆိုတာ ရှေ့နေဖြစ်မှ ရတယ်။ ရှေ့နေတိုင်းလည်း လက်မခံဘူး။ သေချာစီစစ်ပြီးမှ လက်ခံတာ ဖြစ်တယ်။ လုံးဝအဖွဲ့ဝင်ဖြစ်တာ မဟုတ်ဘူး။ ဒါကို ကျနော်တို့က ငြင်းတာဖြစ်တယ်။ ရုံးလာဖူးလား မလာဖူးလား ဆိုတာ တော့ ကျနော်လည်း ရုံးမှာ အမြဲတမ်းထိုင်စောင့် နေတာမဟုတ်တော့ ဒါတော့ ကျနော်မသိပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ အဲဒီ ကိုကျော်ဇေလင်း ဆိုသူက ဓါတ်ပုံနဲ့တကွ ဖော်ပြပြီးတော့ သူရဲ့ လုပ်ရပ်တွေကို ဝန်ခံ ပြောဆိုတယ်၊ ဖြောင့်ချက်ပေးတယ်ကိစ္စတွေမှာ ဒါက တရားခံကိုယ်တိုင်က ဖြောင့်ချက်ပေးထားတာတွေ၊ သက်သေနဲ့တကွ ရှိပါတယ်ဆိုပြီး တဖက်က ပြောမလားနိုင်ဘူးလား။

ဦးအောင်ထူး ။ ။ ပြောလာနိုင်တာပေါ့။ ဘာကြောင့်လည်းဆိုတော့ တရားစီရင်ရေးတခုလုံး၊ တရားသူကြီးတဖွဲ့လုံးက နအဖ လက်ထဲမှာရှိနေတဲ့အတွက် တရားခံကိုယ်တိုင်က ဖြောင့်ချက်ပေးပါတယ်ဆိုပြီး ဖြောင့်ချက်အတုတွေ ပေါ်လာနိုင်တာပဲ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီလိုဖြောင့်ချက်ပေးတဲ့ လုပ်ငန်းစဉ်တွေ၊ ဖြောင့်ချက်ပေးထားတဲ့ အခြေအနေတွေ ပတ်သက်လို့ ဘာများရှင်းလင်းပြောချင်ပါသလဲ။

ဦးအောင်ထူး ။ ။ နအဖ တရားရုံးကပေးတဲ့ ဖြောင့်ချက်က တရားဝင်တယ်လို့ မတွက်ဘူး။ ဘာကြောင့်လည်းဆိုတော့ ဥပဒေအရ ပြောမယ်ဆိုရင် ဖြောင့်ချက်တခုတည်းနဲ့ တရားစီရင်လို့ မရဘူး။ ဖြောင့်ချက်ကို ထောက်ခံတဲ့ သက်သေခံ အထောက်အထားတွေ ပြသနိုင်မှ ရုံးက ပြစ်ဒဏ်ကိစ္စကို စဉ်းစားနိုင်မယ်။ သက်သေခံ အထောက်အထားဆိုရင် ကျနော်တို့က သူတို့ စွပ်စွဲတဲ့အတိုင်း ကျော်ဇေလင်း ကို သင်တန်းပေးတယ်ဆိုရင် သင်တန်းပေးတဲ့အကြောင်း အထောက်အထား ပြလေ။ ဆိုတော့ ကျနော်တို့ကိုယ်တိုင်က တခါမှ ဒီ ဖောက်ခွဲရေးသင်တန်း ပေးမှ မပေးဖူးတာ။ သူ ဘယ်လိုလုပ် အထောက်အထားပြမလဲ။ ဘာအထောက်အထားမှ ပြစရာမရှိဘူး။ သူက အဖွဲ့ဝင်လို့ ပြောတယ်။ အဖွဲ့ဝင် အထောက်အထား ဘာမှမရှိဘူး။ ဝန်ထမ်းလို့ ပြောတယ် ဝန်ထမ်းဖြစ်ကြောင်း ဘာအထောက်အထားမှ မရှိဘူး။ ဘာအထောက်အထားမှ မရှိဘဲနဲ့ ဒီဖြောင့်ချက်တခုတည်းနဲ့ လက်ရှိတည်ဆဲ ဥပဒေအရ ဘာတခုမှ တရားရုံးက စဉ်းစားလို့ မရဘူး။