ထိုင်းနဲ့ကမ္ဘောဒီးယားတပ်တွေ နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်

ကမ္ဘောဒီးယားအစိုးရက သူ့တပ်တွေနဲ့ ထိုင်းတပ်တွေ ထိုင်းနိုင်ငံနဲ့ နယ်စပ်တနေရာမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုဟာ ပြီးခဲ့တဲ့ သောကြာနေ့နှောင်းပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုတွင်း ထိုင်းစစ်သားတဦး သေဆုံးသွားခဲ့တယ်လို့ ကမ္ဘောဒီးယားဘက်က ပြောခွင့်ရသူ ဒုဗိုလ်ချုပ်ကြီး ချဟွန် ဆိုချိယက် (Chhum Socheat) က ဗွီအိုအေ ခမာဘာသာဌာနကို ပြောခဲ့ပါတယ်။ ဘာအကြောင်းကြောင့် အခုလို ပစ်ခတ်မှုတွေ ရှိခဲ့ရသလဲဆိုတာကိုတော့ မသိရသေးဘူး၊ ဒါပေမဲ့ အပစ်ခတ်ခံလာရပြီ ဆိုရင်တော့ ပြန်လည်တုံ့ပြန်ဖို့ ကမ္ဘောဒီးယားတပ်တွေမှာ တာဝန်ရှိတယ်လို့ သူကပြောခဲ့ပါတယ်။

အခင်းဖြစ်ပွားရာ ကမ္ဘောဒီးယား အနောက်ပိုင်း ပါဆက် (Pursat) ပြည်နယ်အရာရှိတဦးက ပြောတာကတော့ အဲဒီလို ပစ်ခတ်မှုတွေမဖြစ်ပွားမီ ထိုင်းစစ်သား ၂၀ လောက်ဟာ ကမ္ဘောဒီးယားပိုင်နက်ထဲ အရင်ကျော်ဖြတ်လာခဲ့တာလို့ ဆိုပါတယ်။ အခု နောက်ဆုံးပစ်ခတ်မှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရဘက်က ဘာမှ ကောက်ချက်ချမှုတွေ မရှိသေးပါဘူး။

ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့တုန်းကလည်း ထိုင်းနဲ့ကမ္ဘောဒီးယားအကြား သူပိုင်ကိုယ်ပိုင် နှစ်ရှည်လများအငြင်းပွားနေကြတဲ့ ကမ္ဘောဒီးယားနယ်နိမိတ်တွင်းမှာရှိတဲ့ ပရဝိဟာရ (Preah Vihear) ရှေးဟောင်းပုထိုးတော်အနီးမှာ နှစ်ဘက်စစ်တပ်တွေ အပြန်အလှန် တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။