ရွေးကောက်ပွဲ မတိုင်ခင် လူ့အခွင့်အရေး ဥရောပ သံတမန်တွေ စိတ်ဝင်စား

လာမယ့် မတ်လမှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ညီလာခံ မတိုင်ခင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတွေနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ကြိုတင်လေ့လာ ဆန်းစစ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတခုကို မနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ ကနေဒါသံရုံးက ကမကထပြုလုပ် ကျင်းပပေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲအတွင်း ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြသလဲ ဆိုတာကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာတော့ မြန်မာစစ်အစိုးရက ဦးဆောင်ကျင်းပပေးမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေး အင်အားစုတွေရဲ့ သဘောထားတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာပါ။ ဒါကလည်း မတ်လမှာ ကျင်းပမယ့် လူ့အခွင့်အရေး ကောင်စီရဲ့ ညီလာခံမှာ ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပိုပြီးရနေအောင် ဖြစ်တယ်လို့လည်း စီစဉ်သူတွေက ဆိုပါတယ်။

တခါ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) မြန်မာနိုင်ငံကို အခုရောက်နေပြီး သူစုံစမ်းလာမယ့် လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ဒီ လူ့အခွင့်အရေး ကောင်စီရဲ့ ညီလာခံအတွင်း တင်ပြပါလိမ့်မယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်းမှာ ပါဝင်ဆွေးနွေးခဲ့သူ NCGUB အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းကတော့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေတွေနဲ့ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အဓိက တင်ပြဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ ၆ လလောက် အတွင်းမှာ ရပ်ဝေးထောင်တွေကို ပြောင်းရွှေ့မှုတွေ ဖြစ်တာနဲ့ ပတ်သက်လို့ ကျနော်တို့ တင်ပြပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂၆၀ လောက်က ရပ်ဝေးထောင်တွေကို အပို့ခံရတယ်။ တချို့ဆိုရင် တရုတ်၊ မြန်မာ နယ်စပ်မှာရှိတဲ့ အဲဒီလောက်အထိ ဝေးတဲ့ ထောင်တွေကို ပို့ခံရတဲ့အခါ မိသားစုအနေနဲ့ ထောင်ဝင်စာတွေ့ဖို့ အခက်အခဲတွေ ရှိတယ်၊ အထူးသဖြင့် ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ရဲ့ သွားရောက်မှုတွေကို ၂၀၀၆ ကတည်းက ပိတ်ပင်ထားပြီး နောက်ပိုင်းမှာ နိုင်ငံရေး အကျဉ်းသား အများစုဟာ မိသားစုက ထောက်ပံ့တဲ့ ဆေးဝါးနဲ့ အစားအသောက် အကူအညီအပေါ်မှာ အခြေခံ အသက်ရှင် ရပ်တည်ရတာပေါ့။ ဒါကြောင့် ဒီလိုမျိုး ရပ်ဝေးထောင်တွေ ပြောင်းရွှေ့မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာက ဒီကိစ္စတွေကို ဖိအားပေးဖို့ လိုတယ်ဆိုတဲ့ သတင်းပေါ့နော်။”

နောက်တခါ မြန်မာနိုင်ငံအတွင်းမှာ ILO နဲ့ ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွေ၊ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာရဟန်းတော်တွေရဲ့ အခြေအနေတွေအပြင် တိုင်းရင်းသား အရေးတွေကိုပါ ဆွေးနွေးဖြစ်ခဲ့တယ်လု့ိလည်း ဆက်ပြောပြပါတယ်။

“ILO နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လူတွေကို၊ ဥပမာ ရှေ့နေ ဦးဖိုးဖြူတို့ကအစ ကိုဇော်ဌေးတို့၊ နောက် ရခိုင်ဘက်က ပုဂ္ဂိုလ်တွေရော ဖမ်းဆီးထားတာ ရှိတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဖိအားပေးဖို့ လိုတယ်။ ILO က မစ္စတာ တာပီယိုလာတို့ သွားရောက်ခဲ့ပေမဲ့ သိပ်ပြီး ထူးထူးခြားခြား ဖြစ်မလာဘူးဆိုတော့ အဲဒီ ILO နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လူတွေ ပြန်လည်လွတ်မြောက်ရေးကိုလည်း ဖိအားပေးဖို့ပေါ့။

“နောက်တခုက ကလေးစစ်သားတွေ၊ စစ်သားစုဆောင်းရေး တပ်တွေ၊ လေ့ကျင့်ရေး သင်တန်းကျောင်းတွေ၊ ဒါတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်တွေမှာ အကန့်အသတ် ဖြစ်နေသေးတယ်ဆိုတဲ့ အပိုင်းပေါ့။ တိုင်းရင်းသား ဒေသတွေမှာ အဓမ္မ ရွှေ့ပြောင်းခံရတဲ့ ဒုက္ခသည်တွေဟာ သိန်းနဲ့ချီပြီး ဖြစ်လာနေတဲ့ အနေအထားတွေ၊ နောက်တခုက ထိုင်းနိုင်ငံက ဒုက္ခသည်တွေ နေရပ်ပြန်မပို့ဖို့ ကိစ္စ၊ အဲဒီကိစ္စတွေကို ကျနော်တို့ အများစု တင်ပြပါတယ်။”

တနင်္လာနေ့ကစလို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့လည်း ပြောဆိုဖြစ်ခဲ့တယ်လို့ ဒေါက်တာသောင်းထွန်းက ပြောပါတယ်။

“ကင်တားနား ခရီးစဉ် မစခင်မှာ ဦးတင်ဦး လွတ်လာတာတော့ ဘာပဲပြောပြော တိုးတက်မှုတခုလို့ ပြောလို့ရတာပေါ့။ ဒါပေမဲ့ အဲဒီအခြေခံပေါ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ ဘယ်လိုတွေ ရှိမလဲဆိုတဲ့ အပိုင်းတွေပေါ့။ ဒါတွေကတော့ ကျနော်တို့ စောင့်ကြည့်ရဦးမယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး Issu က ကင်တားနားရဲ့ ဦးစားပေး အစီအစဉ် ဖြစ်မယ်လို့ ကျနော်တို့ ယူဆတယ်။

“နောက်တခုက ရခိုင်ကိုသွားတာ အနှစ် ၂၀ အတွင်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေထဲမှာ မစ္စတာ ကင်တားနားက ပထမဦးဆုံးဖြစ်တာ တွေ့ရပါတယ်။ အဲဒီလို သွားခွင့်ရတဲ့အခါ အထူးသဖြင့် ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ အနေအထားတွေကို သူ့အနေနဲ့ ပိုပြီး ပြည့်ပြည့်စုံစုံ စူးစမ်းလေ့လာခွင့် ရလိမ့်မယ်ဆိုတဲ့ အနေအထားရှိတာကို ကျနော်တို့ တင်ပြထားပါတယ်။”

မနေ့က ဆွစ်ဇာလန်မှာရှိတဲ့ ကနေဒါသံရုံးမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို လက်ရှိ လူ့အခွင့်အရေး ကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ စပိန်နိုင်ငံက သံတမန်တချို့၊ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတချို့က သံတမန်တွေအပြင် အရှေ့အာရှ နိုင်ငံတွေက သံတမန်တချို့လည်း တက်ရောက်ခဲ့တာပါ။

“သူတို့အနေနဲ့လည်း ၂၀၁၀ နဲ့ ပတ်သက်လို့ သူတို့ အနီးကပ် စောင့်ကြည့်နေတယ်။ သူတို့အနေနဲ့ ဆက်တိုက်လည်း သိသွားချင်တယ်ဆိုတဲ့ သဘောပေါ့။ အခု ကင်တားနားရဲ့ ခရီးစဉ်ဟာ ဘာပဲပြောပြော နောက်ကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့လ မတ်လဆန်းတယ်ဆိုရင် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးက စတော့မှာပါ။ ဆိုတော့ အဲဒီအနေအထားမှာတောင် သူတို့အနေနဲ့ ဘယ်လိုပဲ အချိန်တိုတောင်းပေမဲ့ ကင်တားနားဆီက နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ တင်ပြတဲ့ အစီရင်ခံစာမျိုးကို သူတို့ တောင်းမယ်ပေါ့။

“ဘာဖြစ်လို့လဲဆိုတော့ လတ်တလော အခြေအနေတွေကို သူတို့ သိချင်တယ်။ ကင်တားနားက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု ရှိမရှိဆိုတဲ့ သုံးသပ်ချက်တွေကိုလည်း သူတို့ ကြားချင်တယ်။ ဒါတွေကို သူတို့ အများကြီး မျှော်လင့်နေတယ်ဆိုတာ ကျနော်တို့ တွေ့ရပါတယ်။”

မနေ့က ဆွစ်ဇာလန်မှာရှိတဲ့ ကနေဒါသံရုံးမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအကြောင်းကို NCGUB အဝေးရောက် ညွန့်ပေါင်းအစိုးရ အဖွဲ့က ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။