KNU နဲ့ အစိုးရ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ ဘန်ကီမွန်း တောင်းဆို

မကြာခင်က ကရင်အရပ်သားတွေ နေထိုင်တဲ့ ရွာတွေကို မြန်မာစစ်အစိုးရ တပ်တွေက စစ်အင်အားသုံး တိုက်ခိုက်ဖျက်ဆီးခဲ့တာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က စိုးရိမ်မကင်း ဖြစ်ကြောင်း၊ အခုလို ထိုးနှက်မှုတွေကို ရပ်တန်းက ရပ်ဖို့ကိုလည်း တိုက်တွန်းလိုက်တဲ့ အကြောင်းနဲ့ အဲဒီ့အပေါ် ဘယ်လိုတုံ့ပြန်မှုတွေ ရှိသလဲဆိုတာကို နော်ရှိုးက တင်ပြပေးထားပါတယ်။

၂၀၁၀ နှစ်သစ်အဝင်ကစလို့ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာရှိတဲ့ ကရင်ရွာတွေကို မြန်မာစစ်အစိုးရ တပ်တွေက တိုးမြှင့်တိုက်ခိုက် နှိမ်နင်းမှုတွေ ရှိနေတဲ့ အပေါ်မှာ စိုးရိမ်မကင်း ဖြစ်ကြောင်းနဲ့ အဲဒီလို တိုက်ခိုက်မှုတွေကို ရပ်တန်းက ရပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာစစ်အစိုးရကို တိုက်တွန်းခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မစ်စ် မာရီး အိုကာဘဲ (Ms. Marie Okabe) ကလည်း မနေ့က ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောခဲ့ပါတယ်။

“မကြာခင်က ကရင်တိုင်းရင်းသားတွေ တိုက်ခိုက်ခံခဲ့ရတဲ့ အကြောင်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် သိရှိပြီး ဖြစ်ပါတယ်။ ဆက်ပြီး တိုက်ခိုက်ခံနေရတဲ့ အပြစ်မဲ့တဲ့ ကရင်အရပ်သားတွေရဲ့ အနာဂတ်အတွက် အတွင်းရေးမှူးချုပ်က စိုးရိမ်မကင်း ဖြစ်နေပါတယ်။ သက်ဆိုင်တဲ့သူတွေ တာဝန်ရှိရှိ လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့လည်း ပြောခဲ့ပါတယ်။ သူအကြိမ်ကြိမ် ပြောခဲ့သလိုပဲ အဲဒီလို ထိုးနှက်မှုတွေကို ချက်ချင်း ရပ်တန်းက ရပ်ဖို့နဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကို သူသွားခဲ့တုန်းကလည်း အဲဒီလို ပြောခဲ့ပါသေးတယ်။”

အခုလို ကရင်တိုင်းရင်းသား ရွာတွေအပေါ် စစ်အစိုးရဘက်က တိုးမြှင့်တိုက်ခိုက်လာတဲ့ အကြောင်းကို စစ်အစိုးရနဲ့ အပစ်အခတ် မယူသေးတဲ့ အကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ဂျာမဏီနိုင်ငံ အခြေစိုက် ကိုယ်စားလှယ် မန်းအောင်လွင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“လောလောဆယ် နအဖကနေပြီး ၂၀၁၀ ရွေးကောက်ပွဲ နီးတဲ့အခါမှာ အတိုက်အခံ ခေါင်းဆောင်တွေကို နည်းမျိုးစုံနဲ့ အကြောင်းရှာပြီး ဖမ်းဆီး ထောင်ချနေတယ်။ ပြီးတော့ နယ်စပ်ဒေသတွေမှာ၊ ဥပမာ KNU လိုမျိုးပေါ့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်အတွက် မားမားမတ်မတ် ရပ်တည်တဲ့ အဖွဲ့အစည်းတွေကို ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက်နေတာ တွေ့ရတယ်။ ဒါပေမဲ့ ထူးဆန်းတာက ဒီတခေါက်က တကယ်ပဲ အပြစ်မဲ့တဲ့ ကရင်ရွာသူ ရွာသားများကို တိုက်ခိုက်တာ တွေ့ရပါတယ်။

“ဥပမာ တွယ်လွယ်ထူး၊ ညောင်လေးပင်၊ မူထရော၊ ဖာပွန်၊ ကျောက်ကြီး အစရှိတဲ့ ဒေသမှာရှိတဲ့ ကရင်ရွာတွေကို နအဖက တိုက်ခိုက်တဲ့နေရာမှာ အဲဒီမှာ လက်နက်ကိုင် ကရင်အဖွဲ့အစည်းတွေ မရှိပါဘူး။ တကယ်ပဲ ရိုးသားဖြူစင်ပြီး အေးအေးဆေးဆေး ငြိမ်းချမ်းစွာ နေထိုင်တဲ့ ကရင် ရွာသူရွာသားတွေ ဖြစ်ပါတယ်။ အဲဒီမှာ ရွာတွေကို မီးရှို့တယ်၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်၊ ပစ္စည်းတွေကို လုယက်တာ တွေ့ရပါတယ်။

“အဲဒါ ဘာကိုတွေ့ရလဲဆိုတော့ နအဖက လာမယ့်ရွေးကောက်ပွဲမှာ ဒီနယ် ဒီဒေသတွေက တချိန်တခါက NLD အတိုက်အခံကို မဲထည့်တဲ့ နေရာတွေ ဖြစ်တယ်။ ဒါကြောင့် မဲမပေးနိုင်အောင် တနည်းအားဖြင့် ရွေးကောက်ပွဲမတိုင်မီ သူတို့ကို မောင်းထုတ်တဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။ နောက်တချက်က တနင်္သာရီဘက်မှာလည်း ဒီအတိုင်းပါပဲ။”

ဆက်လက်ပြီး မန်းအောင်လွင်က မြန်မာပြည်တွင်း ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာရဲ့ ဖိအားပေးမှုဟာ အရေးကြီးသလို တချိန်တည်းမှာပဲ ပြည်တွင်းက တိုင်းရင်းသား အားလုံးကလည်း တာဝန်သိသိ လက်တွဲပြီး ပူးပေါင်းလုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။

“တကယ်တော့ နိုင်ငံတကာ ဖိအားပေးမှုဟာ အလွန်ပဲ အရေးကြီးပါတယ်။ ဒါပေမဲ့ လောလောဆယ် ကရင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကရင်ရွာသူ ရွာသားတွေကို နအဖက အခုလို ရက်စက်ယုတ်မာစွာ သတ်ဖြတ်နေတာကို ရပ်တန်းကရပ်အောင် လုပ်ဖို့ကတော့ ပြည်တွင်းမှာရှိသော ကရင်တမျိုးသားလုံးနဲ့ တခြား တိုင်းရင်းသား အားလုံးတို့ရဲ့ သမိုင်းပေးတာဝန်တခု ဖြစ်ပါတယ်။ နအဖက ကရင်လူမျိုးတွေကို ငွေအားဖြင့် လည်းကောင်း၊ ရာထူးအားဖြင့် လည်းကောင်း၊ ဘာသာရေးအားဖြင့် လည်းကောင်း သွေးခွဲပြီး အိုးမည်းသုတ် အချင်းချင်း တိုက်ခိုက်ခိုင်းနေတာကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါတယ်။

“ဒီတော့ ဒီအချိန်မှာ ကရင်လူမျိုး အားလုံးဟာ သွေးစည်းညီညွတ်ရမယ့်အချိန် ဖြစ်ပါတယ်။ လောလောဆယ် ဗမာပြည်မှာ ဖြစ်နေတဲ့ ပြဿနာက ၆၂ ခုနှစ်ကစပြီး ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းပြည်ရဲ့ အာဏာကို မတရားသိမ်းယူပြီး စစ်တပ်က စစ်သားအလုပ် မဟုတ်တဲ့ နိုင်ငံအုပ်ချုပ်ရေးနဲ့ အခြားသော နိုင်ငံရေးရာ ကိစ္စတွေမှာ ဝင်ရောက်ချယ်လှယ်တဲ့ အတွက် ဗမာပြည်ကြီးဟာ သယံဇာတပစ္စည်း ပေါကြွယ်ဝရဲ့သားနဲ့ အခုဆိုရင် ကမ္ဘာမှာ အဆင်းရဲဆုံးစာရင်း ဝင်ခဲ့ရခြင်း ဖြစ်ပါတယ်။

“ဒီတော့ ကျနော်တို့အနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အပေါင်းအပါ တစုကို လူထုဟာ ငြိမ်းချမ်းသောနည်းနဲ့ အနာဂတ်မှာ တိုက်ပွဲဝင် ဆန္ဒပြတဲ့အခါ ပြည်သူကို ချစ်မြတ်နိုးသော စစ်တပ်မှ အရာရှိ ခေါင်းဆောင်များနဲ့ ရဲဘော်များဟာ ပြည်သူနဲ့အတူ လက်တွဲပြီး ပြည်သူချစ်တဲ့ တပ်မတော်တခု ပေါ်ပေါက်ဖို့နဲ့ ပြည်သူနဲ့အတူ၊ တိုင်းရင်းသား အားလုံးတို့နဲ့အတူ ဗမာပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို လက်တွေ့ လုပ်ဆောင်ရမယ့်အချိန် ဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရက အခုနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစေရမယ်လို့ ပြောနေပေမဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေကို ဆက်လက်ဖမ်းဆီး အကျဉ်းချမှုတွေ ရှိနေသလို အရပ်သားတွေ နေထိုင်ရာ ဒေသတွေမှာလည်း စစ်အင်အားသုံးပြီး ထိုးနှက်မှုတွေ ရှိနေတာပါ။ အဲဒါကြောင့်လည်း တနေ့က Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသား ကျေးရွာတွေအပေါ် အင်အားသုံး နှိမ်နင်းမှုတွေကို ရပ်တန်းကရပ်ဖို့ အစီရင်ခံစာတရပ် ထုတ်ပြန်ပြီး တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။