ဖိလစ်ပိုင်မှာ အကြမ်းဖက်ခေါင်းဆောင် သေဆုံး

မငြိမ်မသက်ဖြစ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ တနင်္ဂနွေနေ့က တိုက်ပွဲအတွင်း အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အဘူ ဆာယက်ဖ် (Abu Sayyaf) သူပုန်အဖွဲ့က ထိပ်တန်း ခေါင်းဆောင်တယောက် သေဆုံးသွားတယ်လို့ ဖိလစ်ပိုင်စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဟိုလိုကျွန်းပေါ်က တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်သွေးကြွ ၆ ယောက်ထဲက တယောက်ဟာ အဘူ ဆာယက်ဖ် သူပုန်အဖွဲ့ခေါင်းဆောင် အယ်လ်ဘာဒါ ပါရတ်ဒ် (Albadar Parad) ဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဘန်ဂျမင် ဒိုလာဖီးနိုး (Lieutenant General Benjamin Dolorfino) က ပြောပါတယ်။

သူဟာ ပြီးခဲ့တဲ့နှစ်က ကြက်ခြေနီအဖွဲ့ဝင် ၃ ယောက်ကို ပြန်ပေးဆွဲမှုကို ဦးဆောင်သူလည်း ဖြစ်ပါတယ်။ အဘူ ဆာယက်ဖ်အဖွဲ့ရဲ့ အဓိကခေါင်းဆောင် အွမ်ဘရာ ဂျွမ်ဒေးလ် (Umbra Jumdail) နဲ့ ညီအကို တော်စပ်သူလည်း သေဆုံးသွားတယ်လို့ စစ်တပ် တာဝန်ရှိသူ တယောက်က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်သား ၃ ယောက်လည်း ဒဏ်ရာရသွားတယ်လို့ စစ်တပ်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၉ နှစ်တုန်းက အမေရိကန် ခရီးသွား ၃ ယောက်ကို ပြန်ပေးဆွဲခဲ့သူလို့ သင်္ကာမကင်းတဲ့ အစ္စလမ် သောင်းကျန်းသူ တယောက်ကို ဖမ်းဆီးခဲ့တယ် ဆိုတာကိုလည်း သောကြာနေ့တုန်းက တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။ သောင်းကျန်းသူ ဂျွမ်မာဒေးလ် အာရတ်ဒ် (Jumadail Arad) ကို မနီလာဆိပ်ကမ်းမှာ ကြာသပတေးနေ့က ဖမ်းဆီးမိတာလို့ စစ်တပ်က ပြောပါတယ်။