မြန်မာပြည်တဝန်း တိုင်းနဲ့ပြည်နယ် အသီးသီးက NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်မှု ပေးနိုင်တဲ့ အရည်အချင်းရှိသူ ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ ကျော်ကို စိစစ်ရွေးချယ်ခဲ့ပြီး NLD ဌာနချုပ်မှာ ဒီနေ့ ကျင်းပတဲ့ အစည်းအဝေးက အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ NLD CEC ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
ဒီကနေ့ NLD ရုံးချုပ်မှာ ဗဟိုဦးစီး အဖွဲ့ဝင်တွေ နာမည်စာရင်း တင်သွင်းထားတာ၊ ဒါနဲ့ပတ်သက်ပြီး အခြေအနေ ဘာထူးလဲဆရာ၊ ပြောပြပေးပါ။
“အောင်အောင်မြင်မြင် ပြီးသွားပါပြီ။ ပြည်နယ်၊ တိုင်းက သူတို့ မူအတိုင်း လျာထားတဲ့ ပုဂ္ဂိုလ်များ၊ ဗဟိုကနေပြီးတော့ ရည်ရွယ်ထားတဲ့၊ သတ်မှတ်ထားတဲ့၊ ဖြစ်သင့်ဖြစ်အပ်တဲ့ ပုဂ္ဂိုလ်များ အကုန်လုံး ရွေးချယ် စိစစ်ပြီးတော့ ဒီနေ့ အောင်အောင်မြင်မြင်ပဲ ရွေးချယ် ပြီးစီးသွားပါပြီ။ အဆင့်ဆင့် တင်ပြတာတွေတော့ ရှိဦးမှာပေါ့။”
ဗဟိုဦးစီးအဖွဲ့ဝင် ဘယ်နှစ်ဦး ရွေးချယ်ပြီးပါပြီလဲ။
“ဗဟိုဦးစီး အဖွဲ့ဝင် ၁၀၀ ရှိပါတယ်။”
ဗဟိုဦးစီးအဖွဲ့ကို CEC အဖွဲ့က ရွေးချယ်တဲ့အခါ ဘယ်လိုမျိုး စံတွေနဲ့ သတ်မှတ်ပြီး ရွေးချယ်ပါလဲ။
“ပြည်နယ်၊ တိုင်းကို ကျနော်တို့က ကိုယ်စားလှယ်လောင်း လျာထားဖို့ ဖိတ်စဉ်အခါကတည်းက အရည်အချင်း ပြည့်မီသူ ဖြစ်ရမယ်၊ ပါတီအပေါ် သစ္စာရှိသူ ဖြစ်ရမယ်၊ နိုင်ငံရေးတာဝန်တွေ၊ အဖွဲ့ချုပ်ရဲ့ လုပ်ငန်းတာဝန်တွေကို စဉ်ဆက်မပြတ်၊ အကျဉ်းကျနေစဉ် ကာလမှ လွဲလို့ပေါ့၊ စဉ်ဆက်မပြတ် တာဝန်ထမ်းဆောင်လာတဲ့လူ ဖြစ်ရမယ်၊ နောက်တခုက အဖွဲ့ချုပ်ရဲ့ ဒီနေ့ သွားနေတဲ့ နိုင်ငံရေး မူဝါဒ လမ်းစဉ်တွေကို လက်ခံ ဆောင်ရွက်နိုင်သူ ဖြစ်ရမယ်၊ နောက် လောလောဆယ် အရေးယူ ခံထားရတဲ့လူ မဖြစ်ရဘူးပေါ့ဗျာ၊ ပါတီစည်းကမ်းအရ အရေးယူထားခြင်း ခံထားရသူ မဖြစ်ရဘူး၊ အဲဒီအချက်တွေ ပါပါတယ်။
“အဲဒီအချက်တွေအပြင် နောက် လူမှုအထောက်အကူ လုပ်ငန်းတွေမှာ၊ လူမှုရေး လုပ်ငန်းတွေမှာ အဖွဲ့ချုပ်ရဲ့ တာဝန် ထမ်းဆောင်ရင်း၊ အဲဒီကဏ္ဍတွေမှာ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ရမယ်။ အဲဒါမျိုးတွေပေါ့။ ပြီးတော့ နိုင်ငံရေးလှုပ်ရှားမှု ဆောင်ရွက်ရင်း အကျဉ်းကျခံနေရတဲ့ သူတွေလည်း အခွင့်အရေး မဆုံးရှုံးစေရဘူး၊ အဲဒီမူတွေနဲ့ ကျနော်တို့ ရွေးချယ်ကြတာပါပဲ။”
အခု အရွေးချယ်ခံရတဲ့ သူတွေကရော သူတို့ကို ရွေးချယ်လိုက်ကြောင်း သိပြီလား။
“မသိနိုင်သေးပါဘူး။ ထုတ်ပြန်ကြေညာမှ သိမှာပေါ့။”
ဘယ်တော့လောက် ထုတ်ပြန်ကြေညာမယ်လို့ ခန့်မှန်းထားပါသလဲ။
“ကျနော့်အထင်တော့ ဒီအပတ်ထဲမှာတောင် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”