UNA တိုင်းရင်းသား လူမျိုးစုအဖွဲ့ ၂၀၁၀ ရွေးကောက်ပွဲ မဝင်

မြန်မာစစ်အစိုးရက ကျင်းပပေးမယ့် ရွေးကောက်ပွဲအတွက် ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ ဒီမိုကရေစီနည်းလမ်း မကျတာမို့ ပြင်ဆင်မှုတွေ လုပ်ဖို့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ (UNA) က တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုလိုက်ပြီး ဒါတွေကို မဆောင်ရွက်ရင် လာမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို တရားမျှတမှု မရှိဘူးလို့ ဝေဖန်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီမှတ်ပုံမတင်ဖို့၊ ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ UNA ခေါ် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ကလည်း ရွေးကောက်ပွဲဝင်မှာ မဟုတ်ကြောင်း တရားဝင် စုပေါင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၂ ပါတီနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ UNA ရဲ့ သဘောထားကို အဖွဲ့ သဘာပတိဖြစ်တဲ့ ဦးနိုင်ငွေသိမ်းက အခုလို ပြောပါတယ်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ ဥပဒေများကို ကျနော်တို့က နိုင်ငံရေးပါတီများ၊ နောက် ပုဂ္ဂိုလ်တွေရဲ့ နိုင်ငံရေး အယူအဆများကို လွတ်လပ်စွာ လုပ်ပိုင်ခွင့် မရှိဘဲ ကန့်သတ်ထားတာ တွေ့ရတော့ ကျနော်တို့က ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ဘူးလို့ ပြောတာ။ ဒီ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ခွန်ထွန်းဦးတို့ နိုင်ငံရေးသမား အားလုံးကို ချွင်းချက်မရှိ လွှတ်ဖို့ရယ်၊ နောက်ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ နအဖတို့က သုံးပွင့်ဆိုင် ဆွေးနွေးပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးဖို့ ထောက်ခံထားတာပေါ့။

“၂၀၀၈ အခြေခံဥပဒေကိုလည်း ဒီမိုကရေစီနဲ့ ဆန့်ကျင်တာမို့ ပြန်လည်သုံးသပ်ဖို့ အတွက် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့က ထောက်ခံပါတယ်။ ဒီတိုင်းကို ကျနော်တို့ လက်ခံတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို မပြင်ဘူး၊ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ မလုပ်ဘူး၊ နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ဘူးဆို ကျနော်တို့က ရွေးကောက်ပွဲ မဝင်ဘူးလို့ ကြေညာထားပါတယ်။ ဒီအတိုင်းပဲ ကျနော်တို့ ဆက်လုပ်ပါမယ်။”

UNA အဖွဲ့ဟာ လွန်ခဲ့တဲ့လ အတွင်းက မြန်မာစစ်အစိုးရက ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်ဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဆီ ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာမှာ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံပြီး ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ထားတာကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မှာ မဟုတ်ကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာစစ်အစိုးရက ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဥပဒေကို လက်မခံတာကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ပါတီမှတ်ပုံမတင်ဖို့၊ ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်တာကို UNA က ထောက်ခံပါတယ်။

“ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မဟာမိတ်အဖွဲ့က နေပြီးတော့ ကျနော်တို့ သဘောထားနဲ့ တူတဲ့အတွက် ဒီဟာကို ကြိုဆို ထောက်ခံပါတယ်။”

UNA ရဲ့ သဘာပတိဖြစ်တဲ့ ဦးနိုင်ငွေသိမ်းက ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်မယ့် နိုင်ငံရေးပါတီတွေ အပေါ် တစုံတရာ ဝေဖန်ပြောဆိုတာ မရှိပေမဲ့ ဒီရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမယ့် ပြည်သူ့လွှတ်တော် အတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်ဖို့ ဆိုတာကတော့ ဖြစ်နိုင်မယ် မထင်ဘူးလို့ အခုလို သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲ ကော်မရှင် ထည့်တာ ပိုဆိုးတာက အဲဒီ ဖွဲ့စည်းပုံ ဥပဒေကို ကာကွယ်ပေးရမယ် ဆိုတဲ့အချက် ရှိတယ်။ ကာကွယ်ပေးရမယ် ဆိုတာက အဲဒီ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ဖို့ ပြောလို့ မရဘူးလို့ ထင်တယ်။ ပြောလို့ရှိရင် ကာကွယ်တာ မဖြစ်ဘဲနဲ့ ဆန့်ကျင်တာ ဖြစ်လို့ရှိရင် ဒီဥစ္စာက လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ရပ်ဆိုင်းသွားမယ်ဆိုပြီး ပါပါတယ်။ ဒါကြောင့် ဒီဥစ္စာက ဘာမှ လုပ်လို့ မရပါဘူး။ ဒီလိုပဲ ယူဆပါတယ်။”

UNA အဖွဲ့မှာ တိုင်းရင်းသားပါတီ ၁၂ ပါတီနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပေမဲ့ အဖွဲ့ဝင် အများစုဟာ ဖျက်သိမ်းခံထားရတဲ့ ပါတီတွေ ဖြစ်သလို စစ်အစိုးရကလည်း UNA အဖွဲ့ကို အသိအမှတ် မပြုပါဘူး။

UNA နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လာမယ့် ရွေးကောက်ပွဲကို မဝင်ဘူးလို့ ကြေညာထားပေမဲ့ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ ပါတီတွေကတော့ ယနေ့အထိ အနည်းဆုံး ၁၀ ပါတီကျော်လောက် ရှိနေပြီ ဖြစ်ပါတယ်။