ပိုလန်လူထု ကွယ်လွန်ခေါင်းဆောင်တွေ အတွက် ဝမ်းနည်းကြေကွဲ

<!-- IMAGE -->

ပိုလန်သမ္မတ လက်ချ် ကာဇင်စကီး (Lech Kaczynski)၊ သူ့ရဲ့ ဇနီးသည်နဲ့ တခြား အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ မနေ့တုန်းက ရုရှားနိုင်ငံ အနောက်ဘက်ဒေသမှာ လေယာဉ်ပျက်ကျ ကွယ်လွန်ခဲ့တဲ့နောက် ထောင်ဂဏန်းချီရှိတဲ့ ပိုလန်နိုင်ငံသားတွေ ဝမ်းနည်းဖွယ် အခမ်းအနားတွေ ကျင်းပနေကြပါတယ်။

ပိုလန်နိုင်ငံတဝန်းက ဒီကနေ့ ကျင်းပနေတဲ့ လူထုစုဝေးပွဲတွေမှာ ပိုလန်ပြည်သူတွေ ပါဝင်ဆင်နွှဲကြပြီး ဝါဆောမြို့တော်က သမ္မတနန်းတော်မှာလည်း ဂါရဝပြုခဲ့ကြတာပါ။ သမ္မတ ကာဇင်စကီး၊ ဇနီးသည်နဲ့ စမိုးလင့်ခ် ဒေသမှာ လေယာဉ်ပျက်ကျရာမှာ သေဆုံးသွားကြတဲ့ ကျန် ၉၅ ယောက်ကို ရည်စူးပြီး ပန်းတွေ၊ ဖယောင်းတိုင်တွေဟာလည်း ဝါဆောမြို့မှာ ပြည့်နှက်နေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ လွှတ်တော် ပြောခွင့်ရသူ ဘရွန်နီစလော ကိုမိုရောစကီး (Bronislaw Komorowski) ကတော့ သီတင်းတပတ်ကြာ နိုင်ငံတော် ကြေကွဲဖွယ်ရာနေ့အဖြစ် ကြေညာခဲ့တာပါ။

ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ နိုင်ငံအဝန်း ၂ မိနစ်ကြာ ငြိမ်သက် ဂါရဝပြုပြီး ဥသြတွေ ဆွဲခဲ့ကြပါတယ်။ မကြာခင် နာရီပိုင်းမှာပဲ ကွယ်လွန်သူ သမ္မတ ကာဇင်စကီးနဲ့ သူ့ဇနီးသည်တို့ရဲ့ ရုပ်အလောင်းတွေကို ပိုလန်နိုင်ငံကို ပြန်လည်သယ်ဆောင်လာဖို့ ရှိပါတယ်။

ပိုလန်သမ္မတနဲ့ ဇနီးသည်၊ အစိုးရအဖွဲ့ဝင်တွေ ကွယ်လွန်သွားတဲ့အတွက် နိုင်ငံတကာက ဝမ်းနည်းခြင်း သဝဏ်လွှာတွေကိုလည်း ပေးပို့နေကြတာပါ။

ဒီမတော်တဆမှုဟာ ပိုလန်၊ အမေရိကန်နဲ့ ကမ္ဘာတခုလုံးအတွက် ဆိုးရွားလှတဲ့ ဆုံးရှုံးမှုလို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောဆိုလိုက်သလို ပိုလန် ဝန်ကြီးချုပ် ဒေါ်နယ်လ်ဒ် တပ်စ်ခ် (Donald Tusk) ကိုလည်း ဆက်သွယ်ပြီး အလွန်အမင်း စိတ်မကောင်း ဖြစ်ရကြောင်း ပြောဆိုခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း ပိုလန်ပြည်သူတွေဘက်မှာ ရှိနေကြောင်း ပြောဆိုလိုက်သလို ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ကလည်း ခေတ်သစ် နိုင်ငံရေးသမိုင်းမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သူ တဦးအဖြစ် ရည်ညွှန်ပြီး အမှတ်တရစကား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပိုလန်သမ္မတ လိုက်ပါသွားတဲ့ ရုရှားနိုင်ငံလုပ် တူပိုလက်ဗ်လေယာဉ် အပျက်အစီးတွေကြားက ခရီးစဉ်မှတ်တမ်းက အချက်အလက်တွေကိုတော့ ရုရှားနဲ့ ပိုလန် စုံစမ်းစစ်ဆေးသူတွေက ဆန်းစစ်ဖို့ ကြိုးပမ်းနေကြပါတယ်။

မြူတွေ ထူထူထဲထဲ ကျနေတဲ့ စမိုးလင့်ခ် လေယာဉ်ကွင်းကို ဆင်းသက်ကာနီး သစ်ပင်ထိပ်ဖျားနဲ့ တိုက်မိရာက မီးလောင်ပြီး လေယာဉ် တစစီ ဖြစ်သွားခဲ့တာလို့ ရုရှားအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။