ကာရ်ဂစ္စတန်နိုင်ငံမှာ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတ ကူရ်မဲန်းဘက်ခ် ဘာကီးယက်ဗ် (Kurmanbek Bakiyev) ဟာ ကာဇက်စတန်နိုင်ငံကို ထွက်ခွာသွားပါပြီ။ လူစုလူဝေးတခုမှာ ပစ်ခတ် တိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့ရပြီး နာရီပိုင်း အတွင်းမှာပဲ နိုင်ငံတောင်ပိုင်း ဂျလာလာဘတ်ကနေ အိမ်နီးချင်း ကာဇက်စတန်နိုင်ငံကို ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
သမ္မတဟောင်းရဲ့ ကိုယ်စားလှယ်နဲ့ ကြားဖြတ်အစိုးရ တာဝန်ရှိသူတွေ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နေစဉ်မှာပဲ အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကာရ်ဂစ္စတန်ရဲ့ တောင်ပိုင်းက အို့ရှ်မြို့လေးမှာ လူ ၂,၀၀၀ လောက်ကို စကားစပြောချိန်မှာ စင်မြင့်ရှိရာကို အတိုက်အခံတွေဘက်က ချဉ်းကပ်လာကြပါတယ်။ သူ့ရဲ့ ကိုယ်ရံတော်တွေက သူ့ရှေ့က ကာကွယ်ပေးခဲ့ကြပြီး သေနတ်တွေကို မိုးပေါ်ထောင် ဖောက်ခဲ့ကြပါတယ်။
အဲဒီအခင်းဖြစ်ပွားရာ နေရာနဲ့ မီတာအနည်းငယ် အကွာမှာတော့ ယာယီအစိုးရကို ထောက်ခံသူတွေက စုဝေးနေခဲ့ကြပါတယ်။
ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် ကိုယ်ရံတော်တွေက မစ္စတာ ဘာကီးယက်ဗ်ကို ကားထဲ အတင်းထည့်လိုက်ပြီး အဲဒီနေရာကနေ အမြန်ဆုံး မောင်းထွက်သွားခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ရက်ပေါင်းများစွာ ဆက်တိုက်ဖြစ်ခဲ့ပြီး အစိုးရ လိုလားတဲ့ စစ်တပ်ဘက်က ဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့နောက် မစ္စတာ ဘာကီးယက်ဗ်ဟာ ကာရ်ဂစ္စတန်ရဲ့မြို့တော် ဘစ်ရှ်ကက်ခ်ကနေ ထွက်ပြေးခဲ့ရတာပါ။
အဲဒီပစ်ခတ်မှုတွေ အတွင်း လူပေါင်း ၈၄ ယောက် သေဆုံးခဲ့တယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။ အတိုက်အခံတွေ ဘက်ကတော့ ၁၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ပြောခဲ့ပါတယ်။