ဥရောပတခွင် လေကြောင်းပျံသန်းမှုတွေ ပြန်စပြီ

အိုက်စ်လန်နိုင်ငံမှာ မီးတောင်ပေါက်ကွဲရာကနေ ထွက်ပေါ်လာခဲ့တဲ့ တိမ်တိုက်ကြီးများကြောင့် ၅ ရက် ရပ်တန့်နေခဲ့တဲ့ လေကြောင်းခရီးစဉ်များ ဥရောပမှာ တဖြည်းဖြည်း ပြန်စတာ ၇၅% အထိ ရှိလာပါပြီ။

သီတင်းတပတ်နီးပါး အတွင်း ဗြိတိန် လေကြောင်းပိုင်နက်ကို ပြန်ဖွင့်လိုက်ပြီး British Airways ရဲ့ ခရီးသည်တင် လေယာဉ်ဟာ ကနေဒါနိုင်ငံ ဗန်ကူးပါးမြို့ကနေ အင်္ဂါနေ့ ညပိုင်းမှာ လန်ဒန်မြို့ ဟိသရိုးလေဆိပ်ကို ဆင်းခဲ့ပါတယ်။

ပဲရစ်စ်၊ မက်ဒရစ်နဲ့ အမ်စတာဒမ် မြို့များမှာတော့ တနေကုန် လေယာဉ် အတက်အဆင်းများ ရှိခဲ့ပါတယ်။ ဂျာမဏီနိုင်ငံမှာ ဗုဒ္ဓဟူးနေ့ လေယာဉ်ပိုင်နက် ပြန်ဖွင့်မယ်၊ ဂျာမဏီနိုင်ငံတဝန်း လေယာဉ်တွေ အနိမ့်နဲ့ ပျံသန်းခွင့် ပြုထားတယ်လို့ အာဏာပိုင်များက ပြောပါတယ်။

ဥရောပမှာ သောင်တင်နေကြတဲ့ သူတို့နိုင်ငံသားများ ပြန်လာနိုင်ရေးအတွက် ဗြိတိန်နိုင်ငံက ရေတပ်သင်္ဘော ၃ စင်းကို အင်္ဂလိပ် ရေလက်ကြားကို ပို့လိုက်ပါတယ်။

သီတင်းတပတ်နီးပါး နိုင်ငံခြား လေဆိပ်တွေမှာ သောင်တင်ပြီး ငွေလည်းပြတ်၊ စိတ်ဓာတ်လည်း ကျနေကြတဲ့ ခရီးသည်တွေကို အတော်လေး အချိန်ယူပြီး ရှင်းလင်းရလိမ့်မယ်လို့ လေကြောင်း ကုမ္ပဏီများက ဆိုပြီး သူတို့အတွက် ဒေါ်လာသန်းပေါင်း ၁,၇၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့လည်း ပြောဆိုကြပါတယ်။