လွိုင်ကော် ရဲဌာန ဗုံးကွဲလို့ လူတဦး သေဆုံး

လွိုင်ကော် ရဲဌာန ဗုံးကွဲလို့ လူတဦး သေဆုံး

ကယားပြည်နယ် မြို့တော် လွိုင်ကော်မြို့မှာ ဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံး လူတယောက် သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးသူဟာ ဗုံးဖောက်ခွဲဖို့ ကြိုးစားသူဖြစ်ပြီး သီးခြား အတည်ပြုချက် မရသေးတဲ့ သတင်းတွေ အရတော့ နောက်ထပ် ရဲတပ်ဖွဲ့ဝင် ၄ ဦးလည်း ပေါက်ကွဲမှုတွေကြောင့် ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

လွိုင်ကော်မြို့မှာ ဗုံးပေါက်ကွဲတာကတော့ မနေ့ မနက် ၁၀ နာရီကျော်လောက်က ရဲစခန်းမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့ အခြေအနေကို လွိုင်ကော်မြို့သား တယောက်က အခုလို ပြောပြပါတယ်။

“ရဲစခန်းထဲမှာဖြစ်တယ်။ မသင်္ကာတဲ့လူကို ဖမ်းလာတယ်ဗျာ။ ဖမ်းလာတော့ အဲဒီမှာ ကွဲသွားတယ်။ ကိုယ့်ကိုယ်ကို Suicide ပေါ့။ အဲဒီသဘောပဲ။ ကျနော်လည်း အဲလိုပဲ ကြားတာပဲ။”

အဖြစ်အပျက် အခြေအနေကို ဆက်လက် မေးမြန်းရာမှာတော့ သူ့လုံခြုံရေးအတွက် အသေးစိတ် အချက်အလက်တွေကို မပြောပါရစေနဲ့လို့ လွိုင်ကော်မြို့ခံက ဆိုပါတယ်။

ကယားခေါ် ကရင်နီပြည်နယ်က အခြေအနေတွေကို စောင့်ကြည့်လေ့လာပြီး သတင်းထုတ်ပြန်နေတဲ့ ကန္တာရဝတီတိုင်းမ် သတင်းဌာနက အယ်ဒီတာ ကိုဆေးရယ်စိုးကတော့ သူတို့ ရရှိထားတဲ့ သတင်း အချက်အလက်တွေကို အခုလို ပြောပြပါတယ်။

“လူ ၂ ယောက်က ဗုံးထောင်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ရဲကတွေ့တော့ သူတို့ကို ရဲစခန်းကို ခေါ်သွားတယ်လို့ ပြောတယ်။ ရဲစခန်းရောက်တော့ ဗုံးထောင်တဲ့ ၂ ယောက်က ဗုံးဖောက်ပြီး ထွက်ပြေးတယ်။ တယောက်က ဖောက်တဲ့ဗုံးနဲ့ သေသွားတယ်။ အသေခံ ဗုံးဖောက်တဲ့ ပုံစံမျိုးပေါ့။ အသေအပျောက်က ကြားရသလောက် တယောက်ပဲ။”

လွိုင်ကော်မြို့ခံကတော့ ဖမ်းဆီးခံရသူဟာ တယောက်တည်း ဖြစ်တယ်လို့ ပြောပါတယ်။

AFP က ထုတ်ပြန်တဲ့ သတင်းမှာတော့ ဗုံးဖောက်ခွဲပြီး သေဆုံးသူဟာ အသက် ၃၀ လောက်ရှိပြီး သူ့အနီးမှာရှိတဲ့ ရဲအရာရှိ ၄ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး လွိုင်ကော်ရဲစခန်းနဲ့ ဆေးရုံကို ဆက်သွယ် မေးမြန်းရာမှာတော့ တာဝန်ကျ အရာရှိတွေက ဖြေဆိုပိုင်ခွင့် မရှိကြောင်း ပြောကြပါတယ်။

လွိုင်ကော်မှာ ဗုံးပေါက်ကွဲတဲ့ အချိန်လောက်မှာပဲ ပဲခူးတိုင်းအတွင်းမှာ တည်ဆောက်နေတဲ့ သောက်ရေခပ်ချောင်း ရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းခွင်မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်အတွင်းကလည်း ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းက X2O မဏ္ဍပ်မှာ ဗုံး ၃ လုံး ပေါက်ကွဲပြီး လူ ၁၀ ယောက်သေဆုံး၊ ၁၇၀ ဒဏ်ရာရခဲ့သလို ဒီလ ၁၇ ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်း Asia World ကုမ္ပဏီရုံးမှာ အနည်းဆုံး ဗုံး ၁၀ လုံးလောက် ပေါက်ကွဲခဲ့ပြီး လူ တယောက် ဒဏ်ရာရခဲ့တယ်လို့ မြန်မာစစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။