ကျောင်းသားသမဂ္ဂအလံကို နိုင်ငံရေးပါတီအလံအဖြစ် အသုံးပြုနိုင်လား?

Tổng thống Park Geun-hye được Phó tổng thống Joe Biden và Chủ tịch Hạ viện John Boehner hoan nghênh sau khi kết thúc diễn văn trước toàn thể lưỡng viện Quốc hội ở Washington, ngày 8 tháng 5.

စစ်အစိုးရ ကျင်းပပြုလုပ်ပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရေး မှတ်ပုံတင် စာရင်း တင်သွင်းထားတဲ့ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ခေါ်တဲ့အဖွဲ့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ခွပ်ဒေါင်းအလံကို ပါတီအလံအဖြစ် အသုံးပြုမယ်ဆိုတဲ့ ကြေညာချက်ကြောင့် ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူများအကြား မကျေမနပ် ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်။ အထူးသဖြင့် ဦးရဲထွန်း ဆိုသူ ကျောင်းသားဟောင်းတဦး ဦးဆောင်တဲ့ ဒီအဖွဲ့ဟာ မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ စစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ်မှုတွေ ပိတ်ဆို့ရေး ဆန့်ကျင်ရေး လှုပ်ရှားပေးခဲ့ဘူးတဲ့ အဖွဲ့ဖြစ်တာကြောင့် ဒါဟာ အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုကို တမင်အခွင့်ရေးယူ စော်ကားမှုတရပ်ဖြစ်တယ်လို့ မှတ်ယူနေသူတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုအကျဉ်း စာတမ်းရေးသားခဲ့သူ ၁၉၇၄ နဲ့ မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင်ဟောင်းတဦးဖြစ်သူ ဦးအောင်စောဦး ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်းပြီး နိုင်ငံရေးပါတီတဖွဲ့က ကျောင်းသားသမဂ္ဂအလံ အသုံးပြု လာတဲ့ အကြောင်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးအောင်စောဦး ။ ။ အလံဆိုတာကတော့ ခေတ်အဆက်ဆက်မှာ တိုက်ပွဲဝင်ခဲ့တဲ့ လူတွေကို ကိုယ်စားပြုဖြတ်သန်းခဲ့တဲ့ ခေတ်တွေအရ ဖော်ညွှန်းကြတာ ဖြစ်တယ်။ ဥပမာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အသုဘ အခမ်းအနားမှာ ဆရာကြီးက ပဒေသရာဇ်ခေတ်ကတည်းက နယ်ချဲ့ကို ဆန့်ကျင်ခဲ့တာကြောင့် သူဖြတ်သန်းခဲ့တဲ့ အလံတွေကို ကိုယ်စားပြုပြီးတော့ လူငယ် (၁၁) ယောက်က အဲဒီအလံတွေကို အစီအစဉ်အတိုင်း သယ်ဆောင်လာခဲ့တယ်။ ဒို့ဗမာအစည်းအရုံးရဲ့ သုံးရောင်ခြယ် အလံ၊ BIA/BDA အလံ၊ ဖက်ဆစ်တော်လှန်ရေးခေတ်အလံ၊ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ အလံ၊ လွတ်လပ်ရေးခေတ် ကြယ်ငါးပွင့် အလံတွေ ပါခဲ့တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒေါင်းအရုပ်နဲ့ ပတ်သက်လို့ အထူးသဖြင့် ကဒေါင်းရုပ် ဆိုတာက မြန်မာနိုင်ငံရဲ့ အထိမ်းအမှတ်တခု အဖြစ် အသုံးပြုနေကြပြီး ကဒေါင်းရုပ် ကနေ ခွပ်ဒေါင်းရုပ်အဖြစ် ပြောင်းလာတဲ့ ပုံစံလေးကို ရှင်းပြပေးပါ။

ဦးအောင်စောဦး ။ ။ ခွပ်ဒေါင်းကတော့ ကျနော်သိသလောက်ပြောရရင် စစ်ကြီးပြီးခေတ်နောက်မှ ဗကသ ကို ပြန်လည် ဖွဲ့စည်းတဲ့အခါမှာ အာဏာရလာတဲ့ ဖဆပလ အစိုးရနဲ့ ကျောင်းသားတွေ ထိပ်တိုက်တွေ့ခဲ့တယ်။ အဲဒီအချိန်မှာ နယ်ချဲ့ကို တိုက်တုန်းက တိုက်ပွဲတွေထက် ပိုပြင်းထန်လာတဲ့အခါမှာ ကဒေါင်း ကနေ တိုက်ပွဲပိုပြင်းထန်တဲ့ သဘောနဲ့ ခွပ်ဒေါင်းကို ပြောင်းလာတာဖြစ်တယ်။ ပန်းချီတွေကလည်း ပန်းချီအမြင်နဲ့ အစောပိုင်း လိုင်းကွေးတွေ ဆွဲလာတာကနေ လိုင်းမာတွေနဲ့ ဆွဲလာတာ ဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ကျနော် သတိပြုမိတာက နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲတွေကာလတုန်းက ကဒေါင်းရုပ်ကို သုံးခဲ့ပေမယ့် လွတ်လပ်ရေးရပြီး တိုင်းပြည်အတွင်းမှာ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အချိန်ကျမှ ကျောင်းသားလူငယ်တွေ အနေနဲ့ ခွပ်ဒေါင်းရုပ်ကို သုံးလာတာပေါ့။

ဦးအောင်စောဦး ။ ။ ဟုတ်ကဲ့။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ လက်ရှိ ကျောင်းသားသမဂ္ဂရဲ့ ခွပ်ဒေါင်းရုပ်က စစ်အစိုးရကို ဆန့်ကျင်ရမယ်၊ အာဏာရှင် တွေကို ဆန့်ကျင်ရမယ်ဆိုတဲ့ သင်္ကေတ တရပ်အနေနဲ့ ရှိနေတယ်လို့ ယူဆကြတာပေါ့။

ဦးအောင်စောဦး ။ ။ အဲဒီလို ယူဆကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနေ ဖိနှိပ်မှုတွေကို ယှဉ်ကြည့်မယ်ဆိုရင် အင်္ဂလိပ် နယ်ချဲ့ခေတ်တုန်းကမှ နယ်ချဲ့သမားဆိုပေမယ့် တစုံတရာ ဥပဒေစိုးမိုးမှု ရှိနေသေးတယ်။ ယနေ့ ဖဆပလခေတ်ကနေ တလျှောက်လုံး ဒီနေ့အထူးသဖြင့် ၅၈၊ ၆၂၊ ၈၈ စစ်တပ်အာဏာသိမ်းခဲ့တဲ့ အချိန်ကတည်းက တိုက်ပွဲတွေက ပိုမို ပြင်းထန် လာတာဖြစ်တယ်။ အဲဒီအခါမှာ ကျောင်းသားထုနဲ့ အာဏာရှင်တွေ တိုက်ပွဲ။ အာဏာရှင်တွေကလည်း ကျောင်းသားထုကို ဘယ်လောက်တောင် အငြိုးအတေးကြီးနေသလည်းဆိုရင် ဒီနေ့ ကျောင်းသားခေါင်းဆောင်တွေ ထောင်ထဲမှာ နှစ်ရှည် လများ အကျဉ်းကျနေတာကို ကြည့်တာနဲ့ တချက်တည်းနဲ့ မြင်သာတယ်လို့ ပြောနိုင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခုလက်ရှိ မြန်မာနိုင်ငံစစ်အစိုးရကနေ ဦးစီးကျင်းပပြုလုပ်ပေးမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းသွင်းထားတဲ့ ပါတီတခုကနေ ကျောင်းသားသမဂ္ဂရဲ့ ခွပ်ဒေါင်းအလံကို အသုံးပြုမှုနဲ့ ပတ်သက် ပြီးတော့ ဦးအောင်စောဦးအနေနဲ့ ဘယ်လိုမြင်သလဲ။

ဦးအောင်စောဦး ။ ။ ကျနော်အနေနဲ့က ဒီလုပ်ရပ်ကို ယူသုံးခွင့်မရှိဘူးလို့ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းသားထု တိုက်ပွဲဟာ မတရားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဖိနှိပ်ညှဉ်းပန်းမှုတွေကို တောက်လျှောက်ဆန့်ကျင်ခဲ့တာ ဖြစ်တယ်။ အာဏာရှင်မှန်သမျှ၊ အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ သင်္ကေတအဖြစ်နဲ့က ခွပ်ဒေါင်းဖြစ်တယ်။ အဲဒီတော့ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ့်အစား စစ်အာဏာရှင်စနစ်ကို အောက်ဝင်ခေါင်းလျှိုပြီးတော့ ဒူးထောက်အညံခံဝင်သွားမယ်ဆိုတဲ့ ပုံစံမျိုးမှာ ဒီအလံကို ယူသုံးမယ်ဆိုရင် အမဲရိုးက ဟင်းအိုးကို အားနာပါအုံးလို့ ပြောချင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု ယူသုံးမယ့် လူတွေအနေနဲ့ကလည်း တချိန်က ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ လူတွေ ဖြစ်တာကြောင့် သူတို့အနေနဲ့ကလည်း ကျောင်းသားလှုပ်ရှားမှုကို ထိန်းသိမ်းတဲ့အနေနဲ့ ခွပ်ဒေါင်းအလံကို သုံးချင်တယ်လို့ အကြောင်းပြထားတာကို ကျနော်တို့ကြားသိရတယ်။ အဲဒီအကြောင်းပြချက်နဲ့ ပတ်သက်လို့ ဘာပြောချင်ပါသလဲ။

ဦးအောင်စောဦး ။ ။ ကျောင်းသားလှုပ်ရှားမှုအလံကို ထိန်းသိမ်းတာထက် ကျောင်းသားထုရဲ့ တိုက်ပွဲဝင်နေတဲ့ တိုက်ပွဲဝင်မှု ကို ထိန်းသိမ်းဖို့လိုတယ်။ ဒီနေ့ ဗကသ ကို ကိုယ်စားပြုပြီး တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတွေက နအဖရဲ့ ထောင်အသီးသီး၊ မြစ်ခြားရေခြားတွေမှာ နှစ်ရှည်လများစွာ ဖိနှိပ်ညှဉ်းပန်းမှုခံနေရချိန်မှာ သူတို့ရဲ့ တိုက်ပွဲဝင်အလံကို ဒီလို ယူမသုံးသင့်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ တချိန်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း ကျောင်းသားသမဂ္ဂအလံရဲ့ တစိတ်တပိုင်း ဖြစ်တဲ့ ခွပ်ဒေါင်းသင်္ကေတကို ယူသုံးခဲ့တာ မဟုတ်ဘူးလား။

ဦးအောင်စောဦး ။ ။ ကျနော်တို့ NLD က ခွပ်ဒေါင်းကို ယူသုံးခဲ့တယ်။ အဲဒါ ပုံတူးကူးချပြီး သုံးခဲ့တာ မဟုတ်ဘူး။ ဒေါင်းရုပ် တခုတည်းကို ယူသုံးခဲ့တာဖြစ်တယ်။ စက်ဝိုင်းကို ခြေကန်ထုတ်နေတာ မယူဘူး။ ကြယ် နဲ့ ခွပ်ဒေါင်း ဘာကြောင့် ဒီလို သုံးတယ်ဆိုတာကလည်း ခေတ်အဆက်ဆက်မှာ တိုက်ပွဲဝင်ခဲ့တဲ့ ထွန်းပြောင်းခဲ့တဲ့၊ ဂုဏ်ရောင်ပြောင်ခဲ့တဲ့ ကျောင်းသားထုရဲ့ တိုက်ပွဲတွေကို ဂုဏ်ပြုသောအားဖြစ် ယူသုံးခဲ့တယ်ဆိုတာကို အလံရဲ့ အဓိပ္ပါယ်မှာ ရှင်းပြထားခဲ့တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ NLD ယူသုံးတုန်းကတော့ ဒါက အလံပုံစံကြီးတခုလုံးကို တိုက်ရိုက်ကူးယူပြီးတော့ သုံးတာ မဟုတ်ဘူးပေါ့။

ဦးအောင်စောဦး ။ ။ မဟုတ်ပါဘူး။ ကျနော်တို့က ကျောင်းသားတိုက်ပွဲရဲ့ image အနေနဲ့ ခွပ်ဒေါင်းအရုပ်ကလေးတခုကို ယူသုံးခဲ့တာဖြစ်တယ်။ ပြီးတော့ ရှေ့မှာ ကြယ်ဖြူကို ပြထားတာဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုကိစ္စမှာ အဲဒါနဲ့ ဘယ်လိုခြားနားသလဲ။

ဦးအောင်စောဦး ။ ။ သူတို့က ဗကသရဲ့ အလံတခုလုံးကို အစအဆုံး ယူထားတာဖြစ်တယ်။ ဒီတော့ ဗကသ အလံလိုလို၊ ဟိုလိုလို ဒီလိုလို ပုံမှားရိုက်ချင်သလို ဖြစ်နေတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဖွဲ့အစည်းအမည်ကိုယ်၌ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) လို့ ဆိုပါတယ်။ ဒါက ဒီအဖွဲ့မတည်ထောင်ခင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ထောက်က ထွက်လာတဲ့နောက်ပိုင်းမှာ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းအမည်နဲ့ ဆင်တူရိုးမှား နောက်ဘက်က ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုတာဘဲ လွဲတယ်လို့ ကျနော်တို့ သိရတယ်။

ဦးအောင်စောဦး ။ ။ အဲဒီ ရည်ရွယ်ချက်နောက်ကွယ်မှာ ဒီနေ့ အာဏာကို မတရား ရယူထားတဲ့ စစ်အစိုးရအုပ်စုနဲ့ မြှောက်ပင့် ပေါင်းစားမယ့် လက္ခဏာတွေ တွေ့နေရတယ်လို့ ပြောလို့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဘာအထောက်အထားတွေ ရှိလို့လဲ။

ဦးအောင်စောဦး ။ ။ စီးပွားရေးလုပ်ကွက်တွေ ပေးထားတယ်။ တခြားလူတွေထက် ပိုရတဲ့အခွင့်အရေးတွေ ပေးထားတယ်။ ကျန်တဲ့ နိုင်ငံရေးပါတီတွေဆိုရင် ဘာမှတုတ်တုတ်မှ လှုပ်မရနိုင်တဲ့အချိန်မှာ သူတို့အဖွဲ့တွေက မော်တော်ကားတွေ တဝီဝီနဲ့ နယ်တကာကို ရွေးကောက်ပွဲဆိုတဲ့ကိစ္စတွေ၊ မှတ်ပုံတင်ဖို့ကိစ္စတွေ မပေါ်ခင်ကတည်းက သူတို့ဘာသာ လွတ်လွတ်လပ်လပ် သွားနေခဲ့ကြတယ်။ သူရဲ့ ရည်ရွယ်ချက်ကတော့ နအဖ က ကံကျွေးချပေးလိုက်တဲ့ ဖွဲ့စည်းပုံဥပဒေအောက်မှာ ပေးတာယူ ကျွေးတာစားဆိုတဲ့ အဆင့်လောက်မှာပဲ ရှိတယ်လို့ ပြောချင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီအဖွဲ့အစည်းမှာ ပါဝင်နေတဲ့ ကိုအေးလွင် - သူကတော့ ဒီအဖွဲ့အစည်းကို ခေါင်းဆောင်မှု မလုပ်ဘူး ပေါ့။ အရင်တုန်းကတော့ ဒီအဖွဲ့အစည်းကို ဦးစီးဖွဲ့စည်းခဲ့တဲ့သူ ဖြစ်တယ်။ အခုလောလောဆယ် ဦးဆောင်နေသူကတော့ သူရဲ့ ညီ ကိုရဲထွန်း ဖြစ်တယ်။ သူတို့နဲ့ ဦးအောင်စောဦး တို့ တချိန်တုန်းက အတူတူ လုပ်ဆောင်ခဲ့ဖူးတာ၊ ပတ်သက်ခဲ့တာ ရှိခဲ့ဖူးလား။

ဦးအောင်စောဦး ။ ။ သူတို့နဲ့တော့ အဆက်အစပ် မရှိပါဘူး။ မျိုးဆက်အရ သူတို့နဲ့ ကွာသွားတာတွေ့ ရှိတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးအောင်စောဦးအနေနဲ့က မြန်မာနိုင်ငံကျောင်းသား လှုပ်ရှားမှုသမိုင်းကို ရေးခဲ့ဖူးတယ်။ နောက်ပြီး တော့ အလံတွေနဲ့ ပတ်သက်ပြီးတော့လည်း တော်တော်လေးကို လေ့လာခဲ့ဖူးတယ်ဆိုတော့ လောလောဆယ်မှာ ဒီအလံ ကိစ္စဟာ ဘယ်လောက်များ အရေးပါတဲ့ကိစ္စ ဖြစ်နေသလဲ။ နိုင်ငံရေးပါတီတခုကနေ ယူသုံးဖို့ကိစ္စဟာ အထူးသဖြင့် မြန်မာနိုင်ငံမှာ ကျောင်းသားသမဂ္ဂလည်း တရားဝင်အနေနဲ့ မရှိနေတော့ ဒီကျောင်းသားသမဂ္ဂ နဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုရဲ့ ပြရုပ်အဖြစ် ဦးရဲထွန်းတို့ ပြောသလို ၈၈ မျိုးဆက်ကျောင်းသားလူငယ်များအဖွဲ့က ဒါကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ပါတီမှာ ယူသုံးမယ်ဆိုတာ တကယ်တမ်းကျတော့ ခွင့်လွှတ်သင့်တဲ့ကိစ္စအဖြစ် မဖြစ်နိုင်ဘူးလား။

ဦးအောင်စောဦး ။ ။ မဟုတ်ဘူးလေ အဲဒီလို ယူသုံးရအောင် သူတို့က ကျောင်းသားသမဂ္ဂတခုလုံးကို လက်တွေ့ ကိုယ်စားပြု နေတာမှ မဟုတ်တာဘဲ။ နိုင်ငံရေးပါတီတခု ဖြစ်သွားပြီလေ။ နိုင်ငံရေးပါတီမှာတောင် အကန့်အသတ်တွေနဲ့ ပြည်သူလူထု ကို ဘယ်လိုမှ တိုင်းပြည်အတွက်လည်းမဟုတ်၊ တိုင်းရင်းသားတွေအတွက်လည်းမဟုတ်၊ ကုန်ကုန်ပြောရရင် တပ်မတော် အတွက်တောင် မဟုတ်ဘဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ တယောက်တည်း ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို အလုပ်အကျွေးပြုမယ့် ရွေးကောက်ပွဲကို ဝင်ရာမှာ သမဂ္ဂအလံနဲ့က တလွဲစီဖြစ်နေတယ်လို့ ပြောချင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ်ကတော့ ကျောင်းသားသမဂ္ဂအလံကို နိုင်ငံရေးပါတီအလံအနေနဲ့ ယူသုံးမယ့် ကိစ္စမှာ ကန့်ကွက်သံတွေ တော်တော်လေး ကြားနေရတယ်။ ဒီလို ကန့်ကွက်မှုတွေက ဗမာပြည်မှာ တရားဝင်ဖြစ်လာနိုင် ပါ့မလား။

ဦးအောင်စောဦး ။ ။ အဲဒါကတော့ ဒီနေ့ အာဏာရထားတဲ့ အစိုးရအပေါ်မှာ မူတည်လိမ့်မယ်။ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်ခဲ့ဖူးတဲ့လူတွေကတော့ ကျောင်းသားသမဂ္ဂအလံနဲ့ ပတ်သက်ရင် ကန့်ကွက်ကြမှာဖြစ်တယ်။ ကျန်တဲ့ နိုင်ငံရေးပါတီ တွေကတော့ သူတို့နဲ့ တိုက်ရိုက်မပတ်သက်လို့ ပြောချင်လည်းပြောမယ်၊ မပြောချင်လည်း မပြောဘူးပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ပြည်ပမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နဲ့ တခြား အဖွဲ့အစည်းများ အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်ဖို့ ရည်ရွယ်ထားလဲ။

ဦးအောင်စောဦး ။ ။ ပြည်ပမှာရှိတဲ့ အင်အားစုတွေအားလုံးကတော့ ဒီကိစ္စကို ကန့်ကွက်ကြမယ်၊ လွတ်လွတ်လပ်လပ် ပြောဆိုကြလိမ့်မယ်။