မြန်မာစစ်အစိုးရက အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးကို လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ် အသွင်ပြောင်းဖို့ ဖိအားပေးမှုတွေ ပိုများလာသလို အခုနောက်ဆုံး ပြည်သူ့စစ် အသွင်ပြောင်းဖို့ လက်မခံတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ ၁ ထိန်းချုပ်ရာ နယ်မြေတဝိုက်မှာ စစ်အစိုးရ တပ်တွေဘက်က လှုပ်ရှားမှုတွေ ပိုများလာနေပါတယ်။ ဒါကြောင့် အဲဒီဒေသ တဝိုက်ကို ရှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့တွေကလည်း အခုရက်ပိုင်းတွေမှာ ထိုးဖောက်ဝင်ရောက် လာနေပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
ပြည်သူ့စစ် အသွင်ပြောင်းဖို့ ငြင်းဆန်နေတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း လက်အောက်ခံ တပ်မဟာ ၁ ဌာနချုပ် ဝမ်ဟိုင်းဒေသနားမှာ အစိုးရတပ်ဖွဲ့တွေ လှုပ်ရှားမှု များလာတာမို့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားမယ့် အရိပ်အယောင်တွေ ထွက်ပေါ်နေပါတယ်။ ဒီလို ဖြစ်ပွားလာရင် အရင်က အတူလက်တွဲခဲ့တဲ့ တပ်တွေဘက်က ကူညီပေးဖု့ိ စစ်အစိုးရကို လက်နက်ကိုင် တိုက်ခိုက်ဆဲဖြစ်တဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့တွေကလည်း ရောက်ရှိ နေရာယူလာနေတာ ဖြစ်ပါတယ်။
ပြည်သူ့စစ်ပြောင်းဖို့ လက်မခံဘဲ ငြင်းဆန်နေတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ တပ်မဟာ ၁ ကို မနေ့က နောက်ဆုံးထားပြီး ပြည်သူ့စစ် အသွင်ပြောင်းဖို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က အကြောင်းကြားထားတဲ့နောက် တင်းမာမှု အခြေအနေတွေလည်း တိုးလာတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် လိုအပ်ရင် စစ်ရေးအရ ကူညီနိုင်အောင် တပ်တွေချထားတာ ဖြစ်တယ်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးလောဝ်ဆိုင်းက ဆိုပါတယ်။
“ရှမ်းပြည်နယ်ထဲမှာတော့ လိုအပ်တဲ့ နေရာတွေမှာ ကျနော်တို့တပ်တွေ ရောက်နေပါတယ်၊ ကျနော်တို့ ပြောက်ကျားတပ်တွေပေါ့။ အဲဒါတော့ တင်းမာနေတဲ့ အခြေအနေကြားမှာ ဒီ SSA မြောက်ပိုင်း တပ်ဖွဲ့တွေကို အကဲခတ်ကြည့်ဖို့အတွက် သော်လည်းကောင်း၊ နောက်ပြီး နအဖတပ်တွေကို အကဲခတ်ဖို့အတွက် သော်လည်းကောင်း၊ လိုအပ်လို့ရှိရင် စစ်ရေးအတွက် ပြင်ဆင်မှုတွေ အသုံးပြုလို့ရအောင် ကျနော်တို့တပ်တွေ ဖြန့်ကြက်ထားတာ ရှိပါတယ်။”
စစ်အစိုးရက ရွေးကောက်ပွဲ မတိုင်မီ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးရာကစလို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တင်းမာမှုတွေ ကြီးထွားလာတာ ဖြစ်ပါတယ်။ ရှမ်းပြည်တပ်မတော် တောင်ပိုင်းဟာ ၁၉၈၉ ခုနှစ် ကတည်းက အပစ်အခတ် ရပ်စဲခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့တွေကို သာမက တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေကိုလည်း ကူညီသွားဖို့ ရည်ရွယ်ထားကြောင်း ဗိုလ်မှူးလောဝ်ဆိုင်းက ဆက်ပြောပါတယ်။
“ကျနော်တို့ ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယောဆက်ကတော့ ကျနော်တို့ဟာ မဟာမိတ် တပ်ဖွဲ့တွေ အပေါ်မှာသော်လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အပေါ်မှာသော်လည်းကောင်း ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတဲ့ သဘောထား ထုတ်ပြန်ကြေညာချက်တွေ ရှိခဲ့ဖူးပါတယ်။ လိုအပ်ရင် ကျနော်တို့ရဲ့ မဟာမိတ် တပ်ဖွဲ့တွေကို ပေါ်လစီအရ သော်လည်းကောင်း၊ စစ်ရေးအရ သော်လည်းကောင်း ကူညီဖို့ ကျနော်တို့မှာ တာဝန်ရှိကြောင်း ဖော်ထုတ်တဲ့ သဘောမျိုးပဲ ဖြစ်ပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”
စစ်ရေးတင်းမာမှုတွေ ဖြစ်လာတာကြောင့် ဒီလဆန်းပိုင်းကပြီး မိုင်းရှူးရတနာမြေမှာ အခကြေးငွေနဲ့ လုံခြုံရေး ယူပေးနေတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်ဖွဲ့တွေ မိခင်တပ်ရင်းတွေဆီ ပြန်သွားကြတယ်လို့ ရှမ်းသံတော်ဆင့် သတင်းက ဆိုပါတယ်။
ရှမ်းသံတော်ဆင့် အယ်ဒီတာ ဦးစိန်ကြည်က တပ်မဟာ ၁ ထိန်းချုပ်ဒေသတွေမှာ အစိုးရတပ်တွေ တိုးမြှင့်ချလာတယ်လို့ ဆိုပါတယ်။
“ထူးခြားတာက တပ်မဟာ ၁ က ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံတဲ့ နောက်ပိုင်း ၁၀ ရက်နေ့က တောင်ကြီး ရပခကနေ နမ့်စန်ဘက်ကို စစ်ကားတန်းကြီး ၃၇ စီး ထွက်သွားတယ်။ အဲဒီကနေ ကွန်ဟိန်းနဲ့ သံလွင်တံတား တာကော်ဘက်ကို ကျော်သွားတယ်၊ ကျိုင်းတုံဘက်ကို သွားတယ်။ အဲဒါ တဝက်လောက် ရှိတယ်။ နောက်ပြီး မိုးနဲ၊ မိုင်းပန်၊ လင်းခေးဘက် ဆင်းလာတာလည်း တဝက်ကျော်လောက် ရှိတယ်။ အဲဒီ မိုင်းပန်ကနေ သံလွင် အရှေ့ဘက်ခြမ်း၊ တာဆန်း ကုတိုးဆိပ်ကို ကူးလာရင်တော့ ဝထိန်းချုပ်နယ်မြေနဲ့ မျက်နှာချင်းဆိုင် မိုင်းတုံမြို့နယ်ထဲကို ရောက်လာမှာပေါ့။”
ဒီလဆန်းပိုင်းမှာ ပြည်သူ့စစ် အသွင်ပြောင်းပြီးဖြစ်တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ဥက္ကဋ္ဌ ဗိုလ်ချုပ်လွယ်မောင်းနဲ့ အဖွဲ့က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖ ဦးဆောင်တဲ့ တပ်မဟာ ၁ ကို အသွင်ပြောင်းဖို့ တိုက်တွန်းခဲ့ပေမဲ့ ငြင်းဆန်လိုက်ပါတယ်။ တပ်မဟာ ၁ အခြေစိုက် ဒေသတွေကတော့ မိုင်းရှူး၊ တန်းယန်း၊ မိုင်းယိုင်၊ လားရှိူး၊ သီပေါ၊ မိုင်းနောင်နဲ့ ကျေးသီးမြို့နယ်တွေမှာ ဖြစ်ပြီး တိုက်ခိုက်ရေးအင်အား အနည်းဆုံး ၃,၀၀၀ ကျော် ရှိမယ်လို့လည်း နယ်စပ်အကဲခတ်တွေက ခန့်မှန်းကြပါတယ်။