မနှစ်က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက ဝင်ရောက် စွက်ဖက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ အများသူပြည် ရှေ့မှောက်မှာ ပြုလုပ်မယ့် အထက်လွှတ်တော် ကြားနာပွဲ မစတင်ခင်မှာပဲ ဒီကိစ္စကို ပြည့်စုံ စေ့စပ်စွာ ဘက်လိုက်မှုမရှိပဲ စစ်ဆေးသွားမှာ ဖြစ်ကြောင်း အထက်လွှတ်တော် ထောက်လှမ်းကော်မီတီဥက္ကဋ္ဌ ရီပတ်ဘလီကန် အမတ်နဲ့ ဒုဥက္ကဋ္ဌ ဒီမိုကရက် လွှတ်တော်အမတ်တွေက ကတိပေး ပြောကြားလိုက်ကြပါတယ်။ ဒါ့အပြင် သမ္မတ Donald Trump ရဲ့ အတွင်းလူတွေနဲ့ ရုရှားအစိုးရအကြား လျှို့ဝှက် ပူးပေါင်း ကြံစည်ခဲ့မှုတွေ ရှိမရှိဆိုတာကိုလည်း ဒီကြားနာပွဲမှာ တပါတည်း စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုဟာ ထောက်လှမ်းရေး သတင်းအချက်အလက်တွေအပေါ် မူတည်ပြီး ဆုံးခန်းတိုင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကော်မီတီဥက္ကဋ္ဌ မြောက် Carolina ပြည်နယ် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Richar Burr က ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောပါတယ်။
Virginia ပြည်နယ်ကိုယ်စားပြု ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် Mark Warner ကလည်း - သူတို့အနေနဲ့ ဒီကိစ္စကို ဆုံးခန်းတိုင်အောင် စုံစမ်း စစ်ဆေးသွားမယ့်အကြောင်း သဘောတူ ပြောကြားပါတယ်။
သူတို့အနေနဲ့ မကြုံးလောက်အောင် များပြားတဲ့ အထောက်အထားတွေ လက်ခံ ရရှိပြီးဖြစ်ကြောင်း၊ နောက်ထပ် အထောက်အထားတွေ ထပ်မံ ရရှိနိုင်ရေးအတွက်လည်း ထောက်လှမ်းရေး အသိုင်းဝိုင်းနဲ့ ညှိနှိုင်းမှုတွေ ဆက်လက် ပြုလုပ်နေဆဲဖြစ်ကြောင်း Richard Burr က ပြောပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ ခေါ်ယူ စစ်ဆေးမှု အနဲဆုံး ၂၀ လောက် ပြုလုပ်ဖို့ စီစဉ်ထားတာမှာ အဲဒီအထဲ ဒီကိစ္စအတွက် ကော်မီတီရှေ့မှောက်မှာ ထွက်ဆိုလိုကြောင်း သူ့သဘောနဲ့သူ ထုတ်ဖော် ပြောဆိုလာတဲ့ သမ္မတ Trump ရဲ့ သားမက် Jared Kushner လည်း ပါဝင်တယ်လို့ Richard Burr က ဆက်ပြောပါတယ်။
Your browser doesn’t support HTML5